၂ ရာဇဝင်ချုပ်
အခန်းကြီး ၁၆
အာသမင်းဘုရားထက် လူကိုကိုးစား
၁ အာသမင်း နန်းစံ သုံးဆယ် ခြောက်နှစ်တွင်၊ ဣသရေလ ရှင်ဘုရင် ဗာရှာသည် ယုဒပြည်သို့စစ်ချီ၍၊ ယုဒရှင် ဘုရင် အာသထံသို့ အဘယ်သူမျှ မထွက်မဝင် စေခြင်းငှါ၊ ရာမမြို့ကို တည်၏။ ၂ ထိုအခါ ဗိမာန်တော် ဘဏ္ဍာနှင့် နန်းတော် ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို၊ အာသသည် ထုတ်၍၊ ဒမာသက်မြို့၌ နေသော ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်ထံသို့ ပေးလိုက်၍၊ ၃ ငါသည် သင်နှင့်၎င်း၊ ငါ့ခမည်းတော်သည် သင့်ခမည်းတော်နှင့်၎င်း၊ မိဿဟာယဖွဲ့ခြင်း ရှိသည်ဖြစ်၍၊ ရွှေငွေကို ငါပေးလိုက်၏။ ဣသရေလ ရှင်ဘုရင် ဗာရှာ သည် ငါ့ထံမှ ထွက်သွားစေခြင်းငှါ၊ သူနှင့်ဖွဲ့သော မိဿဟာယကို ဖျက်၍လာပါဟု မှာလိုက်လေ၏။ ၄ အာသမင်းကြီး၏ စကားကို ဗင်္ဟာဒဒ်သည် နားထောင်၍၊ ဣသရေလမြို့ရွာတို့ကို စစ်ချီစေခြင်းငှါ၊ မိမိဗိုလ်များကို စေလွှတ်သဖြင့်၊ သူတို့သည် ဣရုန်မြို့၊ ဒန်မြို့၊ အာဗေလမိမ်မြို့မှစ၍၊ နဿလိပြည်၌ ရှိသမျှသော ဘဏ္ဍာမြို့တို့ကို လုပ်ကြံကြ၏။ ၅ ထိုသိတင်းကို ဗာရှာသည် ကြားသောအခါ၊ ရာမမြို့ကို လက်စမသတ်ဘဲ အလုပ်ကို ဖြတ်၍နေ၏။ ၆ ထိုအခါ၊ အာသမင်းကြီးသည် ယုဒလူ အပေါင်းကို ခေါ်သဖြင့်၊ ရာမမြို့၌ ဗာရှာမင်း သွင်းသောကျောက်နှင့် သစ်သားကို ယူသွား၍၊ ဂေဘမြို့နှင့် မိဇပါမြို့ကိုတည်၏။
ပရောဖက်က အာသမင်းကို အပြစ်တင်
၇ ထိုအခါ ပရောဖက် ဟာနန်သည် ယုဒရှင်ဘုရင် အာသထံသို့ လာ၍၊ မင်းကြီးသည် မိမိ ဘုရားသခင် ထာဝရဘုရားကို မခိုလှုံ၊ ရှုရိရှင်ဘုရင်ကို ခိုလှုံသောကြောင့်၊ ရှုရိရှင်ဘုရင်၏ ဗိုလ်ခြေတို့သည် မင်းကြီးလက်မှ လွတ်သွားကြပြီ။ ၈ ကုရှလူနှင့် လိဗုလူတို့သည် ရထားများ၊ မြင်းစီးသူများနှင့်တကွ၊ အားကြီးသော အလုံးအရင်း ဖြစ်သည် မဟုတ်လော့။ သို့သော်လည်း၊ မင်းကြီးသည် ထာဝရ ဘုရားကို ခိုလှုံသောကြောင့်၊ ထိုအလုံးအရင်းကို မင်းကြီးလက်သို့ အပ်နှံတော်မှုပြီ။ ၉ ထာဝရဘုရားသည် စုံလင်သော စေတနာစိတ် ရှိသောသူတို့ဘက်၌ ၊ ခိုင်ခံ့စွာနေခြင်းငှါ၊ မြေကြီးတပြင်လုံးကို အနှံ့အပြား ကြည့်ရှုလျက် ရှိတော်မူ၏။ ဤအမှု၌ မင်းကြီးသည် မိုက်စွာပြုပြီ။ ယခုမှစ၍ စစ်မှု ရှိလိမ့်မည်ဟု ဆို၏။
အာသမင်း အနိစ္စရောက်
၁၀ ထိုသို့ဆိုသောကြောင့်၊ အာသသည် ပရောဖက်ကို အမျက်ထွက်၍ ထောင်ထဲမှာ လှောင်ထား၏။ ထိုကာလ၌ ပြည်သူပြည်သား အချို့တို့ကိုလည်း ညှဉ်းဆဲ၏။ ၁၁ အာသမင်း ပြုမူသော အမှုအရာ အစအဆုံးတို့သည်၊ ဣသရေလ ရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၁၂ နန်းစံ သုံးဆယ် ကိုးနှစ်တွင် ခြေတော်၌ အနာရောဂါစွဲ၍ ပြင်းစွာ ခံရသော်လည်း၊ ထာဝရဘုရားကို မဆည်းကပ်၊ ဆေးသမားတို့ကိုသာ ဆည်းကပ်လေ၏။ ၁၃ အာသသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ နန်းစံ လေးဆယ် တနှစ်တွင် အနိစ္စရောက်သဖြင့်၊ ၁၄ ဒါဝိဒ်မြို့မှာ မိမိအဘို့ မိမိလုပ်နှင့်သော သင်္ချိုင်း၌၊ ပြည်သားတို့သည် သင်္ဂြိုလ်သောအခါ၊ မွှေးကြိုင်သော နံ့သာမျိုးတို့ကို ဆေးသမားအတတ်ဖြင့် ဖေါ်၍၊ တလား၌ အပြည့်ထည့်ပြီးလျှင်၊ အလောင်းတော်ကို တင်ထားကြ၏။ အလွန် ကြီးသော မီးရှို့ပွဲကိုလည်း ခံကြ၏။