၂ ရာဇဝင်ချုပ်
အခန်းကြီး ၁၂
ရောဗောင်မင်း ဘုရားစွန့်သောကြောင့် ရှိရှက်မင်းကို တိုက်စေ
၁ ရောဗောင်မင်းသည် မိမိနိုင်ငံကို တည်စေ၍ အားကြီးသောအခါ၊ ဣသရေလ အမျိုးရှိသမျှနှင့်တကွ ထာဝရဘုရား၏ တရားတော်ကိုစွန့်၍၊ ၂ ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ရောဗောင်မင်းကြီး နန်းစံငါးနှစ်တွင်၊ ၃ အဲဂုတ္တု ရှင်ဘုရင် ရှိရှက်သည် ရထား တထောင်နှစ်ရာ၊ မြင်းစီးသူရဲ ခြောက်သောင်း၊ မရေတွက်နိုင်သော အဲဂုတ္တုပြည်သားများ၊ လိဗုပြည်သား၊ သုကိပြည်သား၊ အဲသယောပိ ပြည်သားတို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီ၍၊ ၄ ယုဒပြည်၌ ခိုင်ခံ့သော မြို့တို့ကို တိုက်ယူပြီးမှ၊ ယေရုရှလင်မြို့သို့ ရောက်လေ၏။
ရှိရှက်မင်းကို ဘုရားက တိုက်ခိုင်း
၅ ထိုအခါ ရှိရှက်မင်းကြောင့်၊ ယေရုရှလင်မြို့၌ စုဝေးသော ယုဒမင်းများထံ၊ ရောဗောင် မင်းထံတော်သို့ ပရောဖက် ရှေမာယသည် လာ၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကိုစွန့်သောကြောင့်၊ ငါသည် သင်တို့ကို ရှိရှက်မင်းလက်သို့ အပ်လေပြီ၊ ဟုအမိန့်တော်ကို ဆင့်ဆိုလျှင်၊ ၆ ရှင်ဘုရင်နှင့် ယုဒမင်းတို့က၊ ထာဝရဘုရား ဖြောင့်မတ် တော်မူသည်၊ ဟုဆို၍၊ မိမိတို့ကို နှိမ့်ချကြ၏။ ၇ ထိုသို့ နှိမ့်ချကြောင်းကို ထာဝရဘုရား မြင်လျှင်၊ နှုတ်ကပတ်တော်သည် ရှေမာယသို့ ရောက်၍၊ သူတို့သည် နှိမ့်ချကြပြီ။ ထိုကြောင့် သူတို့ကို ငါမဖျက်ဆီး၊ အနည်းငယ်သော ချမ်းသာကို ပေးမည်။ ရှိရှက်လက်ဖြင့် ယေရုရှလင် မြို့အပေါ်သို့ ငါ့အမျက်ကို မသွန်း လောင်းရ။ ၈ သို့ရာတွင် ငါ့ထံ၌ အမှုထမ်းခြင်း၊ တပါးအမျိုးသား ရှင်ဘုရင်ထံ၌ အမှုထမ်းခြင်းကို ပိုင်းခြား၍ သိစေခြင်းငှါ၊ ရှိရှက်မင်းထံ၌ ကျွန်ခံရကြမည်၊ ဟုမိန့်တော်မူ၏။
ရှိရှက်သည် ဘဏ္ဍာရှိသမျှကို သိမ်းသွား
၉ အဲဂုတ္တု ရှင်ဘုရင် ရှိရှက်သည် ယေရုရှလင်မြို့သို့ ရောက်၍၊ ဗိမာန်တော် ဘဏ္ဍာနှင့် နန်းတော် ဘဏ္ဍာရှိသမျှကို သိမ်းသွား၏။ ရှောလမုန် လုပ်သော ရွှေဒိုင်း ရှိသမျှကိုလည်း ယူသွား၏။ ၁၀ ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား၊ ကြေးဝါ ဒိုင်းတို့ကိုလုပ်၍၊ နန်းတော် တံခါးစောင့်၊ ကိုယ်ရံတော်မှူး၌ အပ်လေ၏။ ၁၁ ရှင်ဘုရင်သည် ဗိမာန်တော်သို့ သွားသောအခါ၊ ကိုယ်ရံတော် သားတို့သည် ဒိုင်းတို့ကို ဆောင်၍၊ နောက်တဖန် မိမိတို့စောင့်ရာ အခန်းမှာ ပြန်ထားကြ၏။ ၁၂ ထိုသို့ ရှင်ဘုရင်သည် ကိုယ်ကို နှိမ့်ချသောအခါ၊ ထာဝရဘုရားသည် သူ့ကို ရှင်းရှင်း မဖျက်ဆီးမည်အကြောင်း၊ အမျက်တော်ကို လွှဲတော်မူ၏။ ယုဒပြည်သည်လည်း၊ ပြည်မှုပြည် ရေးသာယာသဖြင့်၊ ၁၃ ရောဗောင်မင်းကြီးသည် ယေရုရှလင်မြို့၌ ကိုယ်ကို ခိုင်ခံ့စေ၍ စိုးစံသေး၏။
ရောဗောင်မင်း၏ နိဂုံး
၁၄ ရောဗောင်သည် နန်းထိုင်သောအခါ၊ အသက် လေးဆယ်တနှစ်ရှိ၏။ ထာဝရဘုရားသည် နာမတော် တည်စရာဘို့၊ ဣသရေလ ခရိုင်များတို့အထဲက ရွေးကောက်သော ယေရုရှလင်မြို့၌၊ ဆယ်ခုနစ်နှစ် စိုးစံလေ၏။ မယ်တော်ကား အမ္မုန်အမျိုးသား၊ နေမအမည်ရှိ၏။ ထာဝရဘုရားကို ရှာလိုသောငှါ၊ မိမိသဘော မချသောကြောင့်၊ ဒုစရိုက်အမှုကိုပြု၏။ ၁၅ ရောဗောင်ပြုမူသော အမှုအရာ အစအဆုံးတို့သည်၊ ပရောဖက် ရှေမာယ၏ ကျမ်းနှင့်၊ ပရောဖက် ဣဒ္ဒေါစီရင်သော သားစဉ်မြေး ဆက် စာရင်း၌ ရေးထားလျက်ရှိ၏။ ရောဗောင်နှင့် ယေရောဗောင် တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။ ၁၆ ရောဗောင်သည်လည်း၊ ဘိုးဘေးတို့နှင့် အိပ်ပျော်၍ ဒါဝိဒ်မြို့၌ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ သားတော် အဘိယသည် ခမည်းတော်အရာ၌ နန်းထိုင်၏။