-
AA
+
🡀
|
🡂
၁ ရာဇဝင်ချုပ်
၂၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ရာဇဝင်ချုပ်
အခန်းကြီး ၂၉


ဗိမာန်တော်အတွက်ဒါဝိဒ်မင်းလှူ

တဖန် ဒါဝိဒ်မင်းကြီးက၊ ဘုရားသခင် ရွေးကောက်တော်မူသော ငါ့သား ရှောလမုန်သည် အသက်ငယ်၍ နုသေး၏။ [A] အမှုမူကား ကြီးလှ၏။ တည်ဆောက်ရသော ဗိမာန်သည် လူအဘို့မဟုတ်၊ ထာဝရအရှင် ဘုရားသခင် အဘို့ဖြစ်၏။ ငါ၏ဘုရားသခင် အိမ်တော်အဘို့ ရွှေတန်ဆာ လုပ်စရာအဘို့ ရွှေကို၎င်း၊ ငွေတန်ဆာ လုပ်စရာအဘို့ ငွေကို၎င်း၊ ​ကြေးဝါတန်ဆာ လုပ်စရာအဘို့ ကြေးဝါကို၎င်း၊ သံတန်ဆာ လုပ်စရာအဘို့ သံကို၎င်း၊ သစ်သားတံဆာ လုပ်စရာအဘို့ သစ်သားကို၎င်း၊ ရှဟံကျောက်နှင့် အရောင်မျိုးထွက်၍ စီစရာဘို့ ကောင်းသောကျောက်၊ အဘိုးထိုက်သော ကျောက်မျိုး၊ များစွာသော ကျောက်ဖြူတို့ကို၎င်း၊ တတ်နိုင်သမျှအတိုင်း ငါပြင်ဆင်ပြီ။ ငါ၏ဘုရားသခင် အိမ်တော်၌ ငါ့စိတ်နှလုံးစွဲ လမ်းသောကြောင့်၊ ထိုသန့်ရှင်းသော အိမ်တော်အဘို့ ပြင်ဆင်သော ဥစ္စာမှတပါး၊ ကိုယ်ဥစ္စာထဲက ဩဖိရ ရွှေအခွက် သုံးသောင်းနှင့် ကျောက်ထရံတို့ကို မွမ်းမံစရာဘို့ ငွေစင် ခုနစ်သောင်းကို ငါ၏ဘုရားသခင် အိမ်တော်အဘို့ ငါပေး၏။


ဗိမာန်တော်အတွက်လူများလည်းလှူ

ရွှေသည် ရွှေတန်ဆာအဘို့၊ ငွေသည် ငွေတန်ဆာအဘို့နှင့် ဆရာသမား လုပ်သမျှအဘို့ ဖြစ်၏။ သို့ဖြစ်၍ ယနေ့ ထာဝရဘုရားအား ကိုယ်ဥစ္စာကို အဘယ်သူ ပူဇော်ချင်သနည်း၊ ဟုပရိသတ်အပေါင်းတို့အား မေးတော်မူလျှင်၊ အဆွေအမျိုးတို့၏ အကြီးအကဲများ၊ ဣသရေလ အမျိုး အသီးအသီးတို့ကို အုပ်စိုးသော မင်းများ၊ လူတထောင်အုပ် တရာအုပ်များ၊ ရှင်ဘုရင်၏ အမှုတော်ကို စီရင်သော သူများတို့သည် ကြည်ညိုသော စိတ်ရှိ၍၊ ဘုရားသခင်၏ အိမ်တော်အမှုကို ဆောင်ရွက်ရာဘို့ ရွှေအခွက် ငါးသောင်းနှင့် ရွှေဒင်္ဂါးတသောင်း၊ ငွေအခွက် တသိန်း၊ ​ကြေးဝါအခွက် တသိန်းရှစ်သောင်း၊ သံအခွက်တသန်းကို လှူကြ၏။ ကျောက်မြတ်ရှိသော သူတို့သည်လည်း ဂေရရှုံအမျိုးသား ယေဟေလလက်ဖြင့် ထာဝရဘုရား၏ အိမ်တော် ဘဏ္ဍာထဲသို့ သွင်းကြ၏။ လူများတို့သည် စုံလင်သောနှလုံး၊ ကြည်ညိုသော စိတ်သဘောရှိ၍ ထာဝရဘုရားအား ပူဇော်သောကြောင့် ဝမ်းမြောက်ကြ၏။ ဒါဝိဒ် မင်းကြီးသည်လည်း အလွန်တရာ ဝမ်းမြောက်တော်မူ၏။


ကိုယ်တော်သည်အရာခပ်သိမ်းပိုင်သအုပ်စိုးတော်မူ၏

၁၀ ထိုအခါဒါဝိဒ်က၊ အ​ကျွန်ုပ်တို့အဘ ဣသရေလ၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ကမ္ဘာအဆက်ဆက် မင်္ဂလာ ရှိစေတော်မူသတည်း။ ၁၁ အိုထာဝရဘုရား၊ ကိုယ်တော်သည် ဘုန်းတံခိုးအာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့် ပြည့်စုံတော်မူ၏။ ကောင်းကင် မြေကြီး၌ ရှိရှိသမျှကို ပိုင်တော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အစိုးရတော်မူ၏။ ခပ်သိမ်းသောသူတို့၏ အထွဋ်၊ မြင့်မြတ်တော်မူ၏။ ၁၂ ဂုဏ်အသရေနှင့် စည်းစိမ် ဥစ္စာသည် ကျေးဇူးတော်ကြောင့် သာဖြစ်၏။ ကိုယ်တော်သည် ခပ်သိမ်း သောသူတို့ကို အုပ်စိုးတော်မူ၏။ ခွန်အား အစွမ်းသတ္တိကို ပေးပိုင်တော်မူ၏။ ခပ်သိမ်းသော သူတို့အား ကြီးမြတ်သော အခွင့်နှင့် ခိုင်ခန့်သော အခွင့်ကို ပေးပိုင်တော်မူ၏။ ၁၃ သို့ဖြစ်၍ အ​ကျွန်ုပ်တို့၏ ဘုရားသခင်၊ ကျေးဇူးတော် ကြီးလှပါသည်၊ ဟုအ​ကျွန်ုပ်တို့သည် ဝန်ခံ၍ ဘုန်းကြီးသော နာမတော်ကို ချီးမွမ်းကြပါ၏။


ကိုယ်တော်၏ဥစ္စာထဲမှကိုယ်တော်အားလှူပါ၏
CROSS REFERENCES






၁၄ သို့ရာတွင် ကြည်ညိုသော စိတ်နှင့် ဤမျှလောက် ပူဇော်နိုင်အောင် အ​ကျွန်ုပ်နှင့်အ​ကျွန်ုပ်၏ လူတို့သည် အဘယ်သို့သောလူ ဖြစ်ပါသနည်း။ ခပ်သိမ်းသော အရာတို့သည် တန်ခိုးတော်ကြောင့် ဖြစ်ပါ၏။ အ​ကျွန်ုပ်တို့သည် ကိုယ်တော်၏ ဥစ္စာထဲကသာ ကိုယ်တော်အား ပူဇော်ပါ၏။ ၁၅ အ​ကျွန်ုပ်တို့သည် ဘိုးဘေးများကဲ့သို့ ရှေ့တော်၌ ဧည့်သည် အာဂန္တုဖြစ်ပါ၏။ [B] မြေကြီးပေါ်မှာ နေရသော ကာလသည် အရိပ်ကဲ့သို့ ဖြစ်ပါ၏။ မှီခိုရာမရှိပါ။ ၁၆ အ​ကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ ကိုယ်တော်၏ နာမအဘို့ ကိုယ်တော်၏ အိမ်ကို တည်ဆောက်ခြင်း အလိုငှါ၊ အ​ကျွန်ုပ်တို့ ပြင်ဆင်သော ဤဘဏ္ဍာရှိ သမျှသည် တန်ခိုးတော်ကြောင့် ဖြစ်ပါ၏။ အလုံးစုံတို့ကို ကိုယ်တော် ပိုင်တော်မူ၏။ ၁၇ အ​ကျွန်ုပ်တို့၏ ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကိုစစ်၍ ဖြောင့်မတ်ခြင်း သဘောကို နှစ်သက်တော်မူသည်ကို အ​ကျွန်ုပ်သိပါ၏။ အ​ကျွန်ုပ်မူကား ​ဖြောင့်မတ်ခြင်း သဘော၊ ကြည်ညိုသော စိတ်ရှိသည်နှင့် ဤဘဏ္ဍာ ရှိသမျှကို ပူဇော်ပါ၏။ စည်းဝေးလျက်ရှိသော ကိုယ်တော်၏ လူတို့သည် ကြည်ညိုသော စိတ်နှင့် ပူဇော်ကြသည်ကိုမြင်၍ ဝမ်းမြောက်ပါ၏။ ၁၈ အ​ကျွန်ုပ်တို့ ဘိုးဘေးအာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏ လူတို့သည်ဤ အမှုအရာများကို အစဉ် အောက်မေ့ စွဲလမ်းသော စိတ်သဘော ရှိမည်အကြောင်း၊ သူတို့စိတ်နှလုံးသည် ကိုယ်တော်ဘက်၌ တည်ကြည်မည် အကြောင်း ကယ်မသနားတော်မူပါ။ ၁၉ အ​ကျွန်ုပ်၏သား ရှောလမုန်သည်လည်း ကိုယ်တော်၏ သက်သေခံချက်၊ ထုံးဖွဲ့ချက် ပညတ်တရားတို့ကို စောင့်ရှောက်၍ အ​ကျွန်ုပ် ပြင်ဆင်သော အမှုကို အကုန်အစင် ပြီးစီးစေလျက်၊ ဗိမာန်တော်ကို တည်ဆောက် နိုင်မည်အကြောင်း၊ စုံလင်သော စိတ်နှလုံးကို ပေးသနားတော်မူပါ၊ ဟုပရိသတ် အပေါင်းတို့ရှေ့မှာ ထာဝရဘုရားကို ကောင်းကြီးပေးလျက် မြွက်ဆို၏။ ၂၀ ပရိသတ် အပေါင်းတို့အားလည်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကောင်းကြီး ပေးကြလော့၊ ဟုမိန့်တော်မူသည် အတိုင်း၊ ပရိသတ် အပေါင်းတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ကောင်းကြီးပေးလျက် ဦးချ၍ ထာဝရဘုရားကို၎င်း၊ ရှင်ဘုရင်ကို၎င်း ရှိခိုးကြ၏။

၂၁ နက်ဖြန်နေ့၌ လည်း၊ ယဇ်ပူဇော်ခြင်း အမှုကိုပြု၍ နွားတထောင်၊ သိုးတထောင်၊ သိုးသငယ် တထောင်တို့ကို မီးရှို့သဖြင့်၊ သွန်းလောင်းရာ ပူဇော်သက္ကာတို့နှင့်တကွ ဣသရေလ အမျိုးတမျိုး လုံးအတွက် ထာဝရဘုရားအား များစွာသော ယဇ်ကိုပူဇော်ကြ၏။ ၂၂ ထိုနေ့ချင်းတွင် ထာဝရဘုရား ရှေ့တော်၌ စားသောက်၍ ပျော်မွေ့ခြင်းကို ပြုလျက် ဒါဝိဒ်၏သားတော် ရှောလမုန်ကို ရှင်ဘုရင်အရာ၌ ဒုတိယအကြိမ် ချီးမြောက်၍ ထာဝရဘုရား အောက်မှာ မင်းဖြစ်စေခြင်းငှါ၎င်း၊ ဇာဒုတ်ကို ယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှါ၎င်း၊ ဘိသိက်ပေးကြ၏။ ၂၃ ထိုအခါ ရှောလမုန်သည် ခမည်းတော် ဒါဝိဒ်ကိုယ်စား ရှင်ဘုရင်အရာကိုခံ၍ ထာဝရဘုရား၏ ရာဇပလ္လင်တော်ပေါ်မှာ ထိုင်လျက် ဘုန်းကြီးတော်မူ၏။ ဣသရေလ အမျိုးသား အပေါင်းတို့သည် စကားတော်ကို နားထောင်ကြ၏။ ၂၄ မှူးတော်မတ်တော်၊ အရာကြီးသောသူ အပေါင်းတို့နှင့် ဒါဝိဒ်မင်းကြီး၏ သားတော် အပေါင်းတို့သည် ရှောလမုန်မင်းကြီး၏ အုပ်စိုးခြင်းကို ဝန်ခံကြ၏။ ၂၅ ထာဝရဘုရားသည် ဣသရေလ အမျိုးသား အပေါင်းတို့ရှေ့မှာ ရှောလမုန်ကို အလွန်ချီးမြောက်၍ ဣသရေလ ရှင်ဘုရင် တယောက်မျှ မခံစဘူးသော ဘုန်းအာနုဘော်ကို ပေးသနားတော်မူ၏။


ဒါဝိဒ်နှစ်ပေါင်းလေးဆယ်အုပ်စိုး

၂၆ ယေရှဲ၏သား ဒါဝိဒ်သည် ဣသရေလ နိုင်ငံလုံးကို အုပ်စိုးရသော မင်းဖြစ်တော်မူ၏။ ၂၇ ဟေဗြုန်မြို့၌ ခုနစ်နှစ်၊ ယေရုရှလင်မြို့၌ သုံးဆယ်သုံးနှစ် မင်းပြု၍ ဣသရေလ နိုင်ငံကို အုပ်စိုးသော နှစ်ပေါင်းကား အနှစ်လေးဆယ်တည်း။ ၂၈ ဒါဝိဒ်သည် အသက်ကြီးရင့်၍ နေ့ရက် ကာလပြည့်စုံခြင်း၊ ဘုန်းစည်းစိမ်း ကြွယ်ဝခြင်းရှိလျက် အနိစ္စရောက်၍ သားတော် ရှောလမုန်သည် ခမည်းတော်အရာ၌ နန်းထိုင်လေ၏။ ၂၉ ဒါဝိဒ်မင်းကြီး ပြူမူသော အမှုအရာ အစအဆုံးရှိသမျှ၊ အစိုးရခြင်း၊ တန်ခိုးကြီးခြင်းနှင့်တကွ ၃၀ ကိုယ်တော်မှစ၍ ဣသရေလပြည်၊ အခြားတပါးသော တိုင်းပြည်များတို့၌ ဖြစ်လေသမျှသော အမှုအရာ အလုံးစုံတို့သည် ပရောဖက် ရှမွေလ၏ကျမ်းစာ၊ ပရောဖက် နာသန်၏ကျမ်းစာ၊ ပရောဖက် ဂဒ်၏ကျမ်းစာတို့၌ ရေးထားလျက်ရှိ၏။

ရာဇဝင်ချုပ်ပဌမစောင်ပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.