၁ ရာဇဝင်ချုပ်
အခန်းကြီး ၂၂
ထာ၀ရဘုရား အိမ်တော်အတွက် ဒါဝိဒ်ပြင်ဆင်
၁ သို့ဖြစ်၍၊ ဒါဝိဒ်က ဤအရပ်သည် ထာဝရအရှင် ဘုရားသခင်၏ အိမ်တော်ဖြစ်၏။ ဤယဇ်ပလ္လင်သည် ဣသရေလ အမျိုး၏ ယဇ်ပလ္လင်ဖြစ်၏၊ ဟုဆိုလျက်၊ ၂ ဣသရေလပြည်၌ ရှိသော တပါးအမျိုးသားတို့ကို စုဝေးစေခြင်းငှါ မိန့်တော်မူ၏။ ဘုရားသခင်၏ အိမ်တော်တည် စရာအဘို့ ကျောက်ဆစ်ရသော ပန်းရန်သမားတို့ကိုလည်း စေခိုင်းတော်မူ၏။ ၃ တံခါးလုပ်စရာ သံချွန်အဘို့နှင့် သစ်သား ဆက်စရာအဘို့ များစွာသောသံကို၎င်း၊ အချိန်မမှတ်နိုင်အောင် များစွာသောကြေးဝါကို၎င်း၊ ၄ များစွာသော အာရဇ် သစ်သားကို၎င်း၊ ပြင်ဆင်တော်မူ၏။ ဇိဒုန်မြို့သားနှင့် တုရုမြို့သားတို့သည် အာရဇ် သစ်သားအများကို အထံတော်သို့ ဆောင်ခဲ့ကြ၏။ ၅ ဒါဝိဒ်ကလည်း၊ ငါ့သား ရှောလမုန်သည် အသက်ငယ်၍ နုသေး၏။ ထာဝရဘုရားအဘို့ တည်ရသော အိမ်မူကား အလွန်ထူး ဆန်းသောအိမ်၊ အတိုင်းတိုင်း အပြည်ပြည်၌ ဘုန်းအသရေ ကျော်စောသော အိမ်ဖြစ်ရမည်။ ယခုပင် အိမ်တော်အဘို့ ငါပြင်ဆင်မည်၊ ဟုအကြံရှိလျက် အနိစ္စ မရောက်မှီ များစွာ ပြင်ဆင်တော်မူ၏။
ဒါဝိဒ်ကသား ရှောလမုန်ကို အိမ်တော်ဆောက်ဘို့မှာ
၆ သားတော် ရှောလမုန်ကိုလည်း ခေါ်၍၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားအဘို့ အိမ်တော်ကို တည်ဆောက်ရမည် အကြောင်း မှာထားလေသည်မှာ၊ ၇ ငါ့သား၊ ငါ၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော်ကိုတည် ဆောက်မည်၊ ဟုငါအကြံရှိပြီ။ ၈ သို့ရာတွင် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါသို့ရောက်သည်ကား၊ သင်သည်များစွာ စစ်တိုက်၍ လူအများတို့ကို သတ်လေပြီ။ မြေကြီးပေါ်မှာ ငါ့မျက်မှောက်၌ များစွာသော အသွေးကို သွန်းသောကြောင့်၊ ငါ့နာမအဘို့ အိမ်ကို မတည်မဆောက်ရ။ ၉ သင်မြင်သော သားတယောက်သည် ငြိမ်ဝပ်သောသူ ဖြစ်လိမ့်မည်။ သူ၏အမည်ကား ရှောလမုန်ဖြစ်၍၊ သူ့ပတ်လည်၌ ရန်သူမရှိ၊ ငြိမ်ဝပ်သောအခွင့်ကို၎င်း၊ သူ၏လက်ထက်၌ ဣသရေလအမျိုးသည် စစ်တိုက်ခြင်းမရှိ၊ ငြိမ်ဝပ်စွာ နေရသောအခွင့်ကို၎င်း၊ ငါပေးမည်။ ၁၀ ထိုသားသည် ငါ့နာမအဘို့ အိမ်ကို တည်ဆောက်ရလိမ့်မည်။ သူသည် ငါ့သား ဖြစ်လိမ့်မည်။ ငါသည်လည်း သူ၏အဘ ဖြစ်မည်။ သူထိုင်သော ဣသရေလ နိုင်ငံ ရာဇပလ္လင်ကို အစဉ်အမြဲ ငါတည်စေမည်၊ ဟုမိန့်တော်မူ၏။ ၁၁ သို့ဖြစ်၍ ငါ့သား၊ ထာဝရဘုရားသည် သင့်ဘက်၌ နေ၍ အကြံ ထမြောက်စေတော်မူသဖြင့်၊ အမိန့်တော် ရှိသည်အတိုင်း သင်သည်သင်၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက် ရလိမ့်မည်။ ၁၂ သို့ရာတွင် သင်သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏ တရားတော်ကို စောင့်ရှောက်မည် အကြောင်း၊ ထာဝရဘုရားသည် ဥာဏ်ပညာကိုပေး၍၊ ဣသရေလ အမျိုးကို စီရင်ခြင်းအမှု၌မှာ ထားတော်မူပါစေသော်။ ၁၃ ဣသရေလ အမျိုး၏ အမှု၌ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသော စီရင်ထုံးဖွဲ့ချက်ကို စောင့်ရှောက်ခြင်းငှါ သတိပြုလျှင် အကြံ ထမြောက်ရလိမ့်မည်။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ စိုးရိမ်ခြင်း၊ စိတ်ပျက်ခြင်း မရှိစေနှင့်။ ၁၄ ငါသည် ဆင်းရဲခံစဉ်တွင်၊ ထာဝရဘုရား၏ အိမ်တော်အဘို့ ရွှေအခွက် တထောင်နှင့် ငွေအခွက်တသောင်းကို၎င်း၊ အချိန်မမှတ်နိုင်အောင် များစွာသော ကြေးဝါနှင့်သံကို၎င်း၊ သစ်သားများနှင့် ကျောက်များကို၎င်း ပြင်ဆင်ပြီ။ သင်သည်လည်း ထပ်၍ ပြင်ဆင်ရမည်။ ၁၅ ထိုမှတပါး သင်၏ များစွာသော လက်သမား၊ ပန်းရန်သမား၊ ကျောက်ဆစ်သမား၊ အမျိုးမျိုးသော အတတ်၌ လေ့ကျက်သော ဆရာသမားရှိ၏။ ၁၆ ရွှေငွေကြေး ဝါသံအတိုင်း မသိများသည်ဖြစ်၍ ထလော့။ ကြိုးစားလော့။ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူပါစေသော်၊ ဟုမှာထားတော်မူ၏။
ဒါဝိဒ်သည် ဣသရေလလူများကို အိမ်တော်ဆောက်ကူဘို့မှာ
၁၇ ဣသရေလ မင်းအပေါင်းတို့သည် သားတော်နှင့် ဝိုင်းရမည်အကြောင်း မှာထားလေသည်မှာ၊ ၁၈ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူသည် မဟုတ်လော။ အရပ်ရပ်၌ ငြိမ်ဝပ်ရသော အမှုကို ပေးတော်မူသည် မဟုတ်လော။ ပြည်သူ ပြည်သားတို့ကို ငါ့လက်၌ အပ်တော်မူသဖြင့်၊ ထာဝရဘုရား၏ရှေ့၊ ထိုဘုရားသခင်၏ လူတို့ရှေ့မှာ တပြည်လုံးသည် နှိမ့်ချလျက်ရှိ၏။ ၁၉ သို့ဖြစ်၍ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ရှာခြင်းငှါ ကိုယ်စိတ်နှလုံးကို နှိုးဆော် တိုက်တွန်းကြလော့။ ထာဝရဘုရား၏ နာမတော်အဘို့၊ တည်ရသော အိမ်တော်ထဲသို့ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်နှင့် ဘုရားသခင်၏ သန့်ရှင်းသော တန်ဆာတို့ကို သွင်းခြင်းငှါ ထကြလော့။ ထာဝရအရှင် ဘုရားသခင်၏ သန့်ရှင်းရာ ဌာနတော်ကို တည်ဆောက်ကြလော့၊ ဟုမှာထားတော်မူ၏။