-
AA
+
🡀
|
🡂
၁ ရာဇဝင်ချုပ်
၁၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ရာဇဝင်ချုပ်
အခန်းကြီး ၁၁


ဒါဝိဒ်ကို ဟေဗြုန်မြို့၌ ရှင်ဘုရင်အဖြစ် ဘိသိက်ပေးကြ

ထိုအခါ ဣသရေလ အမျိုးသား အပေါင်းတို့သည် ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့၌ စည်းဝေး၍၊ ​ကျွန်တော်တို့သည် ကိုယ်တော်အရိုး၊ ကိုယ်တော်အသား ဖြစ်ကြပါ၏။ အထက်က ရှောလုသည် ရှင်ဘုရင်ဖြစ်သောခါ၊ ကိုယ်တော်သည် ဣသရေလ အမျိုးကို ဆောင်သွားလျက်၊ သွင်းပြန်လျက် နေတော်မူပြီ။ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရား ကလည်း၊ သင်သည် ငါ၏လူ ဣသရေလ အမျိုးကို လုပ်​ကျွေး အုပ်စိုးရမည်၊ ဟုကိုယ်တော်အား မိန့်တော်မူပြီ၊ ဟုလျှောက်ဆိုကြ၏။ ထိုသို့ ဣသရေလ အမျိုးအသက်ကြီးသူ အပေါင်းတို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ ရောက်လာလျှင် ဒါဝိဒ်သည် ဟေဗြုန်မြို့၊ ထာဝရဘုရား ရှေ့တော်၌ သူတို့နှင့် မိဿဟာယဖွဲ့၍၊ ရှမွေလအားဖြင့် ထာဝရဘုရား ဗျာဒိတ်ထား တော်မူသည်နှင့်အညီ၊ သူတို့သည် ဒါဝိဒ်ကို ဘိသိက်ပေး၍ ဣသရေလ ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။


ဒါဝိဒ် ယေရုရှလင်မြို့ကိုတိုက်၍ ဒါဝိဒ်မြို့၊ ဟုသမုတ်

တဖန်ဒါဝိဒ်သည် ဣသရေလ လူအပေါင်းတို့ကို ခေါ်၍၊ ပြည်သားရင်း ယေဗုသိလူတို့နေရာ ယေဗုတ်မြို့တည်းဟူသော ယေရုရှလင်မြို့သို့ သွားလျှင်၊ ယေဗုတ်မြို့သားတို့က၊ သင်သည် ဤမြို့သို့ မဝင်ရ၊ ဟုဆိုသော်လည်း၊ ဒါဝိဒ်သည် ဒါဝိဒ်မြို့တည်းဟူ သောဇိအုန်ရဲတိုက်ကို တိုက်ယူလေ၏။ ဒါဝိဒ်ကလည်း၊ ယေဗုသိလူတို့ကို အဦးလုပ်ကြံသောသူသည် ဗိုလ်ချုပ်ဖြစ်စေ၊ ဟုအမိန့်တော်ရှိသည်အတိုင်း၊ ဇေရုယာသား ယွာဘသည် အဦးတက်၍ ဗိုလ်ချုပ်အရာကို ခံရ၏။ ထိုနောက် ဒါဝိဒ်သည် ရဲတိုက်၌ နေသောကြောင့် ဒါဝိဒ်မြို့ဟူသော အမည်ဖြင့် သမုတ်ကြ၏။ မိလ္လောအရပ်နှင့်တကွ မြို့ပတ်လည်၌ တည်ဆောက်ပြီးမှ ကျန်ကြွင်းသော မြို့ကို ယွာဘပြုပြင်လေ၏။ ဒါဝိဒ်သည် တိုးပွား၍ အားကြီးသဖြင့် ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏။


ဗက်လင်မြို့တံခါးနားမှ ရေခပ်သောသူရဲ သုံးယောက်

၁၀ ဣသရေလ အမျိုး၌ ထာဝရဘုရား၏ အမိန့်တော်အတိုင်း၊ ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ဣသရေလ အမျိုးအပေါင်းတို့နှင့် ဝိုင်း၍ ဒါဝိဒ်မင်းဘက်မှာ ကြိုးစားအားထုတ်သော အမှုတော်ထမ်း သူရဲကြီးတို့၏ စာရင်းဟူမူကား၊ ၁၁ အခမောနိအမျိုးသား ယာရှောဗံသည် ဗိုလ်ချုပ်ဖြစ်၏။ ထိုသူသည် လှံကိုကိုင်လျက်၊ လူသုံးရာကို တခါတည်းတိုက်၍ လုပ်ကြံလေ၏။၁၂ သူ့နောက်မှာ အဟောဟိအမျိုး ဒေါဒေါသား ဧလာဇာသည် ဒါဝိဒ်နှင့်အတူ၊ ပါသဒမ္မိမ်မြို့သို့ လိုက်သော သူရဲသုံးယောက် အဝင်ဖြစ်၏။ ၁၃ ဖိလိတ္တိလူတို့သည် စစ်တိုက်ခြင်းငှါ မုရောစပါးစိုက်သော လယ်ကွက်၌ စုဝေး၍ ဣသရေလ လူတို့သည် ရန်သူရှေ့မှာ ပြေးကြသော်လည်း၊ ၁၄ ထိုသူတို့သည် လယ်ကွက်အလယ်၌ ရပ်၍ စောင့်မလျက် ဖိလိတ္တိလူတို့ကို လုပ်ကြံသောအခါ၊ ထာဝရဘုရားသည် ကြီးစွာသော အောင်ခြင်းအားဖြင့် သူတို့ကို ကယ်တင်တော်မူ၏။ ၁၅ ဗိုလ်စုအဝင် သုံးယောက်တို့သည် ဒါဝိဒ်ရှိရာ ကျောက်ကြား၊ အဒုလံဥမင်သို့ ဆင်းသွား၍၊ ဖိလိတ္တိလူတို့သည် ရေဖိမ်ချိုင့်၌ တပ်ချလျက် ရှိကြ၏။ ၁၆ ထိုအခါ ဒါဝိဒ်သည် ရဲတိုက်တွင်နေ၍ ဖိလိတ္တိလူတို့သည် ဗက်လင်မြို့၌ တပ်ချကြ၏။ ၁၇ ဒါဝိဒ်ကလည်း တစုံတယောက်သောသူသည် ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲက ရေကိုခပ်၍ ငါ့အားပေးပါစေသော်၊ ဟုတောင့်တသော စိတ်နှင့်ဆိုသော်၊ ၁၈ ထိုသုံးယောက်တို့သည် ဖိလိတ္တိတပ်ကို ဖြတ်၍၊ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲက ရေကိုခပ်ယူပြီးလျှင် ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့ကြ၏။ သို့သော်လည်း ဒါဝိဒ်သည် မသောက်ဘဲ ထာဝရဘုရား ရှေ့တော်၌ သွန်းလျက်၊ ၁၉ ဤရေကို သောက်သောအမှုသည် ငါနှင့်ဝေးပါစေသော်။ ကိုယ်အသက်ကို မနှမြောဘဲ သွားသောသူတို့၏ အသွေးကို ငါသောက်ရမည်လော။ သူတို့သည် ကိုယ်အသက်ကို စွန့်စား၍ ဤရေကို ဆောင်ခဲ့ကြပြီ၊ ဟုဆိုလျက် မသောက်ဘဲနေ၏။ ထိုသူရဲ သုံးယောက်တို့သည် ထိုသို့သောအမှုတို့ကို ပြုကြ၏။


ယွာဘညီ အဘိရှဲ

၂၀ ယွာဘညီ အဘိရှဲသည်လည်း သူရဲသုံးယောက်တွင် အကြီးဖြစ်၏။ သူသည် လှံတံကိုကိုင်၍ လူသုံးရာတို့ကို တိုက်ဖျက်လုပ် ကြံသောကြောင့် သူရဲ သုံးယောက် အဝင်နေရာရသတည်း။ ၂၁ သူရဲ သုံးယောက်တွင် နှစ်ယောက်ထက်သာ၍ မြတ်သောကြော င့်ဗိုလ်ချုပ်အရာကို ရ၏။ သို့သော်လည်း ပဌမသူရဲ သုံးယောက်တို့ကို မမှီ။


ဗေနာယ

၂၂ အထူးသဖြ င့်ပြုဘူးသော ကပ်ဇေလမြို့သား၊ သူရဲယောယဒ၏သား ဗေနာယသည်လည်း ခြင်္သေ့နှင့်တူသော မောဘလူ နှစ်ယောက်ကိုသတ်၏။ ဆောင်းကာလ၌လည်း၊ အခြားသို့သွား၍ မြေတွင်း၌ ရှိသောခြင်္သေ့ကို သတ်၏။ ၂၃ အရပ်ငါးတောင် မြင့်သော အဲဂုတ္တုလူကိုလည်း သတ်၏။ အဲဂုတ္တုလူသည် ယက်ကန်း လက်လိပ်နှင့်အမျှ ကြီးသော လှံတံကို ကိုင်သော်လည်း၊ ဗေနာယသည် တောင်ဝေးကိုသာ ကိုင်လျက် သွား၍၊ အဲဂုတ္တုလူလက်မှ လှံကိုလုယူပြီးလျှင် ထိုလှံနှင့် သူ့ကိုသတ်၏။ ၂၄ ထိုသို့သောအမှုတို့ကို ယောယဒသား ဗေနာယသည်ပြု၍ သူရဲသုံးယောက် အဝင်နေရာကိုရ၏။ ၂၅ ဗိုလ်များထက်သာ၍ ကြီးမြတ်သော်လည်း ပဌမသူရဲ သုံးယောက်တို့ကို မမှီ။ ဒါဝိဒ်သည် အတွင်းဝန်ချုပ်အရာကို လည်းပေး၏။


ယွာဘညီ အာသဟေလနှင့် အခြားဗိုလ်များ

၂၆ ယွာဘညီ အာသဟေလသည်လည်း ဗိုလ်စု အဝင်ဖြစ်၏။ ထိုအတူ၊ ဗက်လင်မြို့နေ၊ ဒေါဒေါ၏သား ဧလဟာနန်၊ ၂၇ ဟေရောဒိအမျိုးရှမ္မ၊ ဖာလတိအမျိုးဟေလက်၊ ၂၈ တေကောအမျိုး ဣကေရှ၏သားဣရ၊ အနေသောသိအမျိုး အဗျေဇာ၊ ၂၉ ဟုရှသိအမျိုး သိဗေကဲ၊ အဟောဟိအမျိုး ဣလဲ၊ ၃၀ နေတောဖာသိအမျိုး မဟာရဲ၊ နေတောဖာသိအမျိုး ဗာန၏ သားဟေလက်၊ ၃၁ ဗင်္ယာမိန်အမျိုး၊ ဂိဗာမြို့နေ၊ ရိဘဲ၏သားဣတ္တဲ၊ ပိရသောနိအမျိုး ဗေနာယ၊ ၃၂ ဂါရှချိုင့်သားဟုရဲ၊ အာဗသိအမျိုး အဗျေလ၊ ၃၃ ဗာဟုမိအမျိုး အာဇမာဝက်၊ ရှာလဗောနိအမျိုး ဧလျာဘ၊ ၃၄ ဂိဇောနိအမျိုး ယာရှင် ၏သားတို့တွင် ယောနသန်၊ ဟာရရိအမျိုးရှမ္မ၊ ၃၅ ဟာရရိအမျိုးရှရ၏သား အဟိအံ၊ ဥရ၏သားဧလိဖလ၊ ၃၆ မေခေရသိအမျိုး ဟေဖာ၊ ပေလောနိအမျိုး အဟိယ၊ ၃၇ ကရမေလအမျိုး ဟေဇရဲ၊ ဧဇဗဲ၏သားနာရဲ၊ ၃၈ နာသန်၏ညီ ယောလ၊ ဟဂ္ဂေရိ၏သား မိဗဟာ၊ ၃၉ အမ္မုန်အမျိုး ဇေလက်၊ ဇေရုံယာသား ယွာဘ၏ လက်နက်ဆောင် လုလင်၊ ဗေရောသိအမျိုး နဟာရဲ၊ ၄၀ ဣသရိအမျိုးဣရ၊ ဣသရိအမျိုးဂါရက်၊ ဟိတ္တိအမျိုးဥရိယ၊ အာလဲ၏သားဇာဗဒ်၊ ၄၁-၄၂ ရုဗင်အမျိုးသား သုံးကျပ်ကို အုပ်သောဗိုလ်၊ ရှိဇ၏သားအဒိန၊ ၄၃ မာခါ၏သား ဟာနန်၊ မိသနိအမျိုး ယောရှဖတ်၊ ၄၄ အာရှတယောသိအမျိုး ဩဇိ၊ အာရော်အမျိုး ဟောသန်၏သား ရှာမနှင့်ယေဟေလ၊ ၄၅ တိဇိအမျိုး ရှိမရိ၏သား ယေဒျေလနှင့် သူ၏ညီယောဟ၊ ၄၆ မဟာဝိအမျိုး ဧလျေလ၊ ဧလနန်၏သား ယေရိဗဲနှင့် ယောရှဝိ၊ မောဘအမျိုး ဣသမနှင့်တကွ၊ ၄၇ ဧလျေလ၊ ဩဗက်၊ မေဇောဗိတ်အမျိုး ယာသေလတည်း။





S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.