-
AA
+
🡀
|
🡂
၄ ဓမ္မရာဇဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၄ ဓမ္မရာဇဝင်
အခန်းကြီး ၉


ယေဟုကို ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်

ထိုအခါ ပရောဖက် ဧလိရှဲသည် ပရောဖက် အမျိုးသား တယောက်ကိုခေါ်၍၊ သင်၏ခါးကို စည်းလော့။ ဤဆီဘူးကိုယူ၍ ဂိလဒ်ပြည် ရာမုတ်မြို့သို့သွားလော့။ ရောက်သောအခါ၊ နိမ်ရှိသား ယောရှဖတ်၏သား ယေဟုကိုရှာ၍ သူ့ထံသို့ဝင်လျက်၊ သူ့ကိုသူ၏ အပေါင်းအဖေါ်စုထဲက ထွက်စေ၍၊ အတွင်းအခန်းထဲသို့ခေါ်ပြီးလျှင်၊ ဤဆီဘူးကိုကိုင်၍ သူ၏ခေါင်းပေါ်၌ ဆီကိုလောင်းလျက်၊ ထာဝရဘုရားက၊ ငါသည်သင့်ကို ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးသည်၊ ဟုမိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ၊ တံခါးကိုဖွင့်၍ မဆိုင်းမလင့်ဘဲ ပြေးလော့၊ ဟုမှာထားလေ၏။ ထိုပရောဖက် အမျိုးသားလုလင်သည် ဂိလဒ်ပြည် ရာမုတ်မြို့သို့ သွား၏။ ရောက်သောအခါ၊ ဗိုလ်မင်းတို့သည်အတူ ထိုင်လျက်ရှိကြ၏။ ပရောဖက်က၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည်၊ ဟုဆိုလျှင်၊ ယေဟုက၊ ငါတို့အပေါင်းတွင် အဘယ်သူအား ပြောစရာရှိသနည်း၊ ဟုမေးသော်၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည်၊ ဟုပြန်ဆို၏။ ထိုအခါ ယေဟုသည်ထ၍ အိမ်ထဲသို့ဝင်သဖြင့်၊ ပရောဖက်သည် သူ၏ခေါင်းပေါ်၌ ဆီကိုလောင်းလျက်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားက၊ ငါသည်သင့်ကို ထာဝရဘုရား၏ လူ ဣသရေလ အမျိုး၏ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေး၏။ ငါ့​ကျွန် ပရောဖက်တို့ကို သတ်သောအပြစ်၊ ထာဝရ ဘုရား၏ ပရောဖက် အပေါင်းကို သတ်သော အပြစ်အလျောက်၊ ယေဇဗေလ၌ ငါဒဏ်ပေးမည်အကြောင်း၊ သင်သည် သင့်သခင် အာဟပ်အမျိုးကို လုပ်ကြံရမည်။ အာဟပ် အမျိုးသားရှိသမျှတို့ကို ပျက်စီးစေခြင်းငှါ၊ ဣသရေလမြို့ရွာ၌ အချုပ်ခံသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ အာဟတ်အမျိုးသား ယောက်ျားများကို ငါပယ်ဖျက်မည်။ အာဟတ်အမျိုးကို နေဗတ်၏သား ယေရောဗောင် အမျိုးကဲ့သို့၎င်း၊ အဟိယ၏သား ဗာရှာအမျိုးကဲ့သို့၎င်း ဖြစ်စေရမည်။ ၁၀ ယေဇဗေလကို သင်္ဂြိုလ်သောသူ မရှိ၊ ယေဇရေလမြေကွက်၌ ၊ ခွေးတို့သည် သူ့ကိုစားကြလိမ့်မည်၊ ဟုမိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ တံခါးကိုဖွင့်၍ ပြေး၏။


ယေဟုသည် ရှင်ဘုရင်ဖြစ်

၁၁ ထိုအခါ ယေဟုသည် မိမိသခင်၏ ကျွန်တို့ရှိရာသို့ထွက်၍၊ တယောက်က၊ ရှိသမျှကောင်းသလော။ ထိုအရူးသည် အဘယ်ကြောင့် လာသနည်း၊ ဟုမေးလျှင်၊ ယေဟုက၊ သင်တို့သည် ထိုသူကို၎င်း၊ သူပြောသော စကားကို၎င်း သိကြ၏၊ ဟုဆိုသော်၊ ၁၂ သူတို့ကငါတို့မသိ။ ပြောပါလော့၊ ဟုဆိုပြန်သော်၊ ယေဟုက၊ ထိုသူသည် ဤမည်သောစကားကို ပြော၏။ ထာဝရဘုရားက၊ ငါသည်သင့်ကို ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးသည်၊ ဟုမိန့်တော်မူကြောင်းကို ဆင့်ဆိုသည်၊ ဟုပြန်ပြောသောအခါ၊ ၁၃ သူတို့သည် အလျှင်အမြန်ထသဖြင့်၊ အသီးအသီး မိမိတို့ဝတ်လုံကိုယူ၍ လှေကားထိပ်ပေါ် ယေဟုအောက်မှာ ခင်းလျက်၊ ယေဟုသည် ရှင်ဘုရင် ဖြစ်တော်မူ၏၊ ဟုတံပိုးမှုတ်၍ ဟစ်ကြော်ကြ၏။


ဣသရေလ ရှင်ဘုရင် ယောရံနှင့် ယုဒရှင်ဘုရင် အာခဇိကို ယေဟုကသတ်

၁၄ ထိုသို့ နိမ်ရှိသား ယောရှဖတ်၏ သားယေဟုသည် ယောရံမင်းတဘက် သင်းဖွဲ့လေ၏။ ထိုအခါ ရှုရိရှင်ဘုရင် ဟာဇေလကြောင့်၊ ယောရံမင်းနှင့် ဣသရေလ လူအပေါင်းတို့သည် ဂိလဒ်ပြည် ရာမုတ်မြို့ကို စောင့်ရှောက်ကြ၏။ ၁၅ သို့ရာတွင် ယောရံမင်းသည် ရှုရိရှင်ဘုရင် ဟာဇေလကို စစ်တိုက်သောအခါ ရှုရိလူထိခိုက်သော အနာကိုပျောက်စေခြင်းငှါ၊ ယေဇရေလမြို့သို့ ပြန်သွားနှင့်ပြီ။ ယေဟုကလည်း၊ သင်တို့အလိုရှိလျှင်၊ ယေဇရေလမြို့သို့သွား၍ သိတင်းကြားပြောရသောသူ တစုံတယောက်ကိုမျှ မြို့ထဲက မထွက်မသွားစေနှင့်၊ ဟုစီရင်၏။ ၁၆ ထိုသို့ ယောရံမင်းသည် ယေဇရေလမြို့၌ ရှိနေသောကြောင့်၊ ယေဟုသည် ရထားကိုစီး၍ ထိုမြို့သို့သွား၏။ ထိုအခါ ယုဒရှင်ဘုရင် အာခဇိသည်လည်း၊ ယောရံမင်းကို ကြည့်ရှုအံ့သောငှါ ရောက်လာပြီ။ ၁၇ ယေဇရေလမြို့၌ မျှော်စင်ပေါ်မှာ စောင့်သောသူသည် ရပ်လျက်၊ ယေဟုနှင့် လိုက်လာသော အလုံးအရင်းကို မြင်သောအခါ၊ လူအလုံးအရင်းကို ငါမြင်သည်၊ ဟုဆိုလျှင်၊ ဆီးကြိုခြင်းငှါသွား၍ ငြိမ်သက်ခြင်းရှိသလော၊ ဟုမေးမည်အကြောင်း၊ ယောရံသည် မြင်းစီးသူရဲတယောက်ကို စေလွှတ်သည်အတိုင်း၊ ၁၈ မြင်းစီးသူရဲသည် ဆီးကြိုခြင်းငှါသွား၍၊ ငြိမ်သက်ခြင်း ရှိသလော၊ ဟုရှင်ဘုရင် မေးတော်မူကြောင်းကို ပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်းနှင့် အဘယ်သို့ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက်လော့၊ ဟုဆို၏။ စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် အလုံးအရင်းသို့ရောက်၍ ပြန်မလာပါ၊ ဟုဆိုသော်၊ ၁၉ ရှင်ဘုရင်သည် အခြားသော မြင်းစီးသူရဲတယောက်ကို စေလွှတ်ပြန်၍၊ သူသည် ရောက်သောအခါ၊ ငြိမ်သက်ခြင်း ရှိသလော၊ ဟုရှင်ဘုရင် မေးတော်မူကြောင်းကို ပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်းနှင့် အဘယ်သို့ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက်လော့၊ ဟုဆို၏။ ၂၀ စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် ရောက်၍ ပြန်မလာပါ။ လာသောသူသည် နိမ်ရှိသား ယေဟုနှင် တတ်သကဲ့သို့ အလွန်ပြင်းထန်စွာ နှင်၍လာပါသည်၊ ဟုဆို၏။ ၂၁ ယောရံမင်းကလည်း၊ မြင်းရထားကို ပြင်ဆင်လော့၊ ဟုဆိုသည်အတိုင်း၊ မြင်းရထားကို ပြင်ဆင်ကြ၏။ ဣသရေလ ရှင်ဘုရင်ယောရံနှင့် ယုဒရှင်ဘုရင် အာခဇိတို့သည် ရထားတော်တခုစီ စီးလျက် ယေဟုကို ဆီးကြိုမည်၊ ဟုထွက်သွား၍၊ ယေဇရေလမြို့သား နာဗုတ်၏ မြေကွက်တွင် တွေ့ကြ၏။ ၂၂ ယောရံသည် ယေဟုကိုမြင်လျှင်၊ ယေ၊ ဟုငြိမ်သက်ခြင်း ရှိသလော၊ ဟုမေးသော်ယေဟုက၊ သင့်အမိ ယေဇဗေလပြုသော အဓမ္မမေထုန်အမှု၊ ပြုစားသော အမှုများသော ကာလအတွင်းတွင်၊ အဘယ်သို့သော ငြိမ်သက်ခြင်း ရှိလိမ့်မည်နည်း၊ ဟုပြန်ပြောသော်၊ ၂၃ ယောရံက၊ အိုအာခဇိ၊ ပုန်ကန်မှုပါတကား၊ ဟုဆိုလျက် လှည့်၍ပြေး၏။ ၂၄ ယေဟုသည်လည်း လေးကိုတင်၍ ပစ်သဖြင့်၊ ယောရံကို ပခုံးကြားမှာ မှန်၏။ မြှားသည်လည်း နှလုံးကို ထုတ်ချင်းဖောက်၍၊ ယောရံသည် ရထားပေါ်မှာ လဲနေ၏။ ၂၅ ယေဟုကလည်း၊ သူ့ကိုဆွဲ၍ ယေဇရေလမြို့သား နာဗုတ်မြေကွက်၌ ချပစ်လော့။ သင်နှင့် ငါသည် သူ့အဘ အာဟပ်နောက်သို့ မြင်းစီး၍ လိုက်သောအခါ၊ ဤအမှုကို ထာဝရ ဗျာဒိတ်ထားတော်မူသည်ကို မမှတ်မိသလော။ ၂၆ အကယ်စင်စစ် နာဗုတ်အသွေး၊ သူ့သားတို့၏အသွေးကို မနေ့ကငါကြည့်မြင်ပြီ၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ ဤမြေကွက်၌ သင့်ကို အပြစ်နှင့် အလျောက် ငါဒဏ်ပေးမည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော် ရှိသည် အတိုင်း၊ ဤမြေကွက်၌ အလောင်းကို ချပစ်လော့၊ ဟုမိမိရထားမှူး ဗိဒကကို ဆို၏။ ၂၇ ထိုအမှုကို ယုဒရှင်ဘုရင် အာခဇိသည် မြင်လျှင်၊ ဥယျာဉ်စံနန်းလမ်းဖြင့် ပြေး၏။ ယေဟုကလည်း၊ သူ့ကိုရထားပေါ်မှာ ထိုးတော့၊ ဟုလိုက်လျက်ဆိုသည်အတိုင်း၊ ဣဗလံမြို့၌ ၊ ဂုရမြို့သို့သွားသော လမ်းတွင် ပြုကြသဖြင့်၊ သူသည် မေဂိဒ္ဒေါမြို့သိုပြေး၍ သေ၏။ ၂၈ သူ၏​ကျွန်တို့သည် အလောင်းကို ရထားပေါ်သို့ တင်ပြီးလျှင်၊ ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ဒါဝိဒ်မြို့တွင် မိမိသင်္ချိုင်း၌ ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုလ်ကြ၏။ ၂၉ ထိုမင်းအာခဇိသည် အာဟတ်သား ယောရံနန်းစံဆယ်နှစ်နှစ်တွင် ယုဒနိုင်ငံ၌နန်းထိုင်၏။


ရေဇဗေလသေ

၃၀ ယေဟုသည် ယေဇရေလမြို့သို့ ရောက်သည်ကို ရေဇဗေလသည် ကြားလျှင်၊ မျက်ခမ်းတို့ကို ဆေးသုတ်၍ ဆံပင်ကို တန်ဆာဆင်ပြီးမှ၊ ပြတင်းပေါက်ဝ၌ ကြည့်ရှုလျက် နေ၏။ ၃၁ ယေဟုသည် တံခါးဝသို့ ဝင်သောအခါ ယေဇဗေလက၊ မိမိသခင်ကိုသတ်သော ဇိမရိသည် ချမ်းသာရသလော၊ ဟုမေးလျှင်၊ ၃၂ ယေဟုသည် မြော်ကြည့်၍ ငါ့ဘက်မှာ အဘယ်သူနေသနည်း။ အဘယ်သူ၊ ဟုမေးလေသော်၊ မိန်းမစိုး နှစ်ယောက်သုံးယောက်တို့သည် ပြတင်းပေါက်ထဲက ကြည့်ရှုကြ၏ ၃၃ ယေဟုက၊ သူ့ကို တွန်းချလိုက် ဆိုသည်အတိုင်း တွန်းချသဖြင့် သူ၏အသွေးသည် နန်းတော်ထရံအပေါ်၌၎င်း၊ မြင်းတို့အပေါ်၌၎င်းစဉ်၏။ ယေဟုသည် သူ့ကိုယ်ကို နင်းလေ၏။ အထဲသို့ဝင်၍၊ ၃၄ စားသောက်ပြီးမှ၊ ထိုကျိန်အပ်သော မိန်းမသည် ရှင်ဘုရင်သမီး ဖြစ်သောကြောင့် သွားကြည့်၍ သင်္ဂြိုလ်လော့၊ ဟုဆိုသည်အတိုင်း၊ ၃၅ သင်္ဂြိုလ်ခြင်းငှါ သွားသောအခါ၊ ဦးခေါင်းခွံ၊ ​ခြေဖျား၊ လက်ဝါးတို့ကိုသာ တွေ့သောကြောင့် တဖန်လာ၍ ကြားလျှောက်ကြ၏။ ၃၆ ယေဟုက၊ ယေဇရေလမြေကွက်၌ ခွေးတို့သည် ယေဇဗေလ၏အသားကို စားကြလိမ့်မည်၊ ဟုထာဝရဘုရားသည် မိမိ​ကျွန် တိရှဘိမြို့သား ဧလိယအားဖြင့် မိန့်တော်မူသောစကား တော်သည် ဤသို့ပြည့်စုံပြီ။ ၃၇ သို့ဖြစ်၍ ဤသင်္ချိုင်းသည် ယေဇဗေလ သင်္ချိုင်းဖြစ်၏၊ ဟုအဘယ်သူမျှ မပြောနိုင်မည်အကြောင်း၊ သူ၏ အလောင်းကောင်သည် ယေဇရေလမြေကွက်တွင်၊ လယ်ပြင်၌ နောက်ချေးကဲ့သို့ ရှိရလိမ့်မည်၊ ဟုဆို၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.