၄ ဓမ္မရာဇဝင်
အခန်းကြီး ၃
မိုးမရွာဘဲရေလာ
၁ ယုဒရှင်ဘုရင် ယောရှဖတ် နန်းစံဆယ့်ရှစ်နှစ်တွင်၊ အာဟပ်သား ယောရံသည် ရှမာရိမြို့၌ မင်းပြု၍ ဣသရေလနိုင်ငံကို စိုးစံ၏။ ၂ ထိုမင်းသည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ သို့ရာတွင် မိဘကဲ့သို့မပြု။ ခမည်းတော်လုပ်သော ဗာလရုပ်တုကို ပယ်ရှား၏။ ၃ သို့သော်လည်း ဣသရေလ အမျိုးကို ပြစ်မှားစေသော နေဗတ်၏သား ယေရောဗောင်ပြုသော ဒုစရိုက်အပြစ်ကို မရှောင်မှီဝဲ၏။
၄ မောဘမင်းကြီး မေရှာသည် သိုးထိန်းကြီးဖြစ်၍၊ ဣသရေလ ရှင်ဘုရင်အား သိုးသငယ် တစ်သိန်းနှင့်အမွေးပါသော သိုးထီးတစ်သိန်းကို ဆက်ရ၏။ ၅ အာဟပ် သေသောအခါ၊ မောဘမင်းကြီးသည် ဣသရေလ ရှင်ဘုရင်ကို ပုန်ကန်လေ၏။ ၆ ထိုအခါ ယောရံမင်းကြီးသည် ရှမာရိမြို့ထဲက ထွက်၍၊ ဣသရေလ အမျိုးသား အပေါင်းတို့ကို စာရင်းယူ၏။ ၇ ယုဒရှင်ဘုရင် ယောရှဖတ်ထံသို့ လူကိုစေလွှတ်၍၊ မောဘမင်းကြီးသည် ငါ့ကိုပုန်ကန်ပြီ။ မောဘပြည်ကို စစ်တိုက်ခြင်းငှါ ငါနှင့်အတူ လိုက်မည်လော၊ ဟုမေးလျှင်၊ ယောရှဖတ်က ငါလိုက်မည်။ ငါသည် မင်းကြီးကဲ့သို့ဖြစ်၏။ ငါ့လူတို့သည် မင်းကြီး၏လူကဲ့သို့၎င်း၊ ငါ့မြင်းတို့သည် မင်းကြီး၏ မြင်းကဲ့သို့၎င်း၊ ဖြစ်ကြသည်၊ ဟုပြန်ပြော၏။ ၈ အဘယ်လမ်းဖြင့် စစ်ချီရမည်နည်း၊ ဟုမေးသော်၊ ဧဒုံတောလမ်းဖြင့် ချီရမည်၊ ဟုပြန်ပြော၏။ ၉ ထိုသို့ ဣသရေလရှင်ဘုရင်၊ ယုဒရှင်ဘုရင်၊ ဧဒုံရှင်ဘုရင်တို့သည် ဝိုင်း၍ ခုနစ်ရက်ခရီး သွားကြ၏။ ဗိုလ်ခြေများသောက်စရာ၊ ပါသော တိရစ္ဆာန်များ သောက်စရာရေမရှိ။ ၁၀ ဣသရေလရှင်ဘုရင်က၊ ခက်လှပြီ။ ထာဝရဘုရားသည် ဤရှင်ဘုရင်သုံးပါးတို့ကို မောဘလူတို့လက်သို့ အပ်ခြင်းငှါ စုဝေးစေတော်မူသည်တကား၊ ဟုဆို၏။ ၁၁ ယောရှဖတ်ကလည်း၊ ထာဝရဘုရား၌ မေးလျှောက်မည်အကြောင်း၊ ထာဝရဘုရား၏ ပရောဖက် တစ်ယောက်မျှ မရှိသလော၊ ဟုမေးလျှင်၊ ဣသရေလ ရှင်ဘုရင်၏ ကျွန်တစ်ယောက်က၊ ဧလိယ လက်ထောက် ရှာဖတ်သား ဧလိရှဲရှိပါ၏၊ ဟုလျှောက်သော်၊ ၁၂ ယောရှဖတ်က၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် သူ၌ ရှိတော်မူသည်၊ ဟုဆိုလျက်၊ ရှင်ဘုရင်သုံးပါးတို့သည် ဧလိရှဲထံသို့ သွားကြ၏။ ၁၃ ဧလိရှဲသည် ဣသရေလ ရှင်ဘုရင်အားလည်း၊ ငါသည် သင်နှင့် အဘယ်သို့ဆိုင်သနည်း။ သင့်အဘ၏ ပရောဖက်၊ သင့်အမိ၏ ပရောဖက်တို့ထံသို့ သွားလော့၊ ဟုဆိုလျှင်၊ ဣသရေလရှင် ဘုရင်က၊ မဆိုပါနှင့်။ ထာဝရဘုရားသည် ဤရှင်ဘုရင်သုံးပါးတို့ကို မောဘလူတို့လက်သို့ အပ်ခြင်းငှါ စုဝေးစေတော်မူသည်တကား၊ ဟုဆိုသော်၊ ၁၄ ဧလိရှဲက၊ ငါကိုးကွယ်သော ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ အကယ်၍ ယုဒရှင်ဘုရင် ယောရှဖတ်၏ မျက်နှာကိုငါမ ထောက်လျှင်၊ သင့်ကို ငါမကြည့်မမြင်လို၊ ၁၅ စောင်းသမားကို ခေါ်ခဲ့ဟုဆို၍ စောင်းသမားသည် တီးသောအခါ၊ ထာဝရဘုရား၏ လက်တော်သည် ဧလိရှဲအပေါ်သို့ ရောက်၍၊ ၁၆ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤချိုင့်ပတ်လည်၌ ဆယ်ပေါင်းတို့ကို လုပ်ကြလော။ ၁၇ အကြောင်းမူကား၊ သင်တို့နှင့် တိရစ္ဆာန်တို့သည် သောက်စရာဘို့လေမလာ၊ မိုးမရွာဘဲ ဤချိုင့်သည် ရေနှင့်ပြည့်လိမ့်မည်။ ၁၈ ထိုအမှုသည် ထာဝရဘုရား ရှေ့တော်၌ သာမညအမှုဖြစ်သေး၏။ မောဘလူတို့ကိုလည်း သင်တို့လက်သို့ အပ်တော်မူမည်။ ၁၉ သင်တို့သည် ခိုင်ခံ့ထူးဆန်းသော မြို့ရှိသမျှတို့ကို လုပ်ကြံကြလိမ့်မည်။ အသုံးဝင်သော သစ်ပင်ရှိသမျှတို့ကို ခုတ်လှဲကြလိမ့်မည်။ ရေတွင်းရှိသမျှတို့ကို မြေဖို့ကြလိမ့်မည်။ ကောင်းသော မြေကွက်ရှိသမျှတို့ကို ကျောက်ခဲနှင့် ဖျက်ကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၂၀ နံနက်အချိန် ဘောဇဉ် ပူဇော်သက္ကာကို ပူဇော်သောအခါ၊ ရေသည် ဧဒုံလမ်းဖြင့်လာ၍ တပြည်လုံးကို လွှမ်းလေ၏။
၂၁ ရှင်ဘုရင်တို့သည် စစ်ချီ၍လာကြောင်းကို မောဘပြည်သား အပေါင်းတို့သည် ကြားသောအခါ၊ လက်နက်ဆောင်သော အကြီးအငယ်ရှိသမျှတို့ကို စုဝေးစေ၍၊ ပြည်စွန်းနားမှာ တပ်ချကြ၏။ ၂၂ နံနက် စောစောထသောအခါ၊ ရေပေါ်မှာ နေရောင်ထင်၍၊ ဤတဘက်၌ ရေသည် အသွေးကဲ့သို့နီသည်ကို မောဘပြည်သားတို့သည် မြင်ကြလျှင်၊ ၂၃ အသွေးဖြစ်၏။ စင်စစ် ရှင်ဘုရင်တို့သည် တယောက်ကို တယောက် လုပ်ကြံ၍ သေကြပြီ။ သို့ဖြစ်၍ မောဘပြည်သားတို့၊ လုယူကြလော့၊ ဟုဆိုကြ၏။ ၂၄ ဣသရေလ တပ်တို့ရောက်သောအခါ၊ ဣသရေလ လူတို့သည်ထ၍ မောဘပြည်သားတို့ကို လိုက်သဖြင့် သူတို့သည်ပြေးကြ၏။ ဣသရေလလူတို့သည် မောဘပြည်ထဲသို့ တိုင်အောင်လိုက်၍ လုပ်ကြံကြ၏။ ၂၅ မြို့တို့ကို ဖြိုဖျက်ကြ၏။ ကောင်းသော မြေကွက်ရှိသမျှတို့အပေါ်မှာ လူအပေါင်းတို့သည် ကျောက်ခဲပစ်ချ၍ ဖုံးလွှမ်းကြ၏။ ရေတွင်းရှိသမျှကိုလည်း မြေဖို့၍၊ အသုံးဝင်သော သစ်ပင်ရှိသမျှတို့ကို ခုတ်လှဲကြ၏။ ကိရဟရက်မြို့၌ သာမြို့ရိုးကိုချန်ထားရာတွင်၊ လောက်လွှဲသမားတို့သည်ဝိုင်း၍ ပစ်ကြ၏။ ၂၆ မောဘမင်းကြီးသည် အတိုက်မခံနိုင်သည်ကို သိသောအခါ၊ ဓါးကိုကိုင်သောသူ ခုနစ်ရာကိုခေါ်၍ ဧဒုံရှင်ဘုရင်၏ တပ်ကိုဖျက်မည်၊ ဟုအားထုတ်သော်လည်း မဖျက်နိုင်။ ၂၇ နောက်မှ မိမိကိုယ်စား နန်းထိုင်သော သားဦးကိုယူ၍ မြို့ရိုးပေါ်မှာ မီးရှို့ရာယဇ်ကို ပြုလေ၏။ ဣသရေလ အမျိုးသားတို့သည် သူတပါး အမျက်ထွက်ခြင်းကို ခံရသောကြောင့်၊ ထိုပြည်ကိုထား၍ ကိုယ်ပြည်သို့ ပြန်သွားကြ၏။