၄ ဓမ္မရာဇဝင်
အခန်းကြီး ၂၂
ယောရှိမင်းသည် ထာ၀ရဘုရားကို ရှာသောသူဖြစ်
၁ ယောရှိသည် အသက် ရှစ်နှစ် ရှိသော် နန်းထိုင်၍၊ ယေရုရှလင်မြို့၌ သုံးဆယ့်တစ်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ ဗောဇကတ်မြို့သား အဒါယ၏သမီး ယေဒိဒအမည်ရှိ၏။ ၂ ထိုမင်းသည် ထာဝရဘုရား ရှေ့တော်၌ တရားသော အမှုကိုပြု၍၊ လကျ်ာဘက် လက်ဝဲဘက်သို့ မလွှဲ၊ အဘ ဒါဝိဒ်လိုက်မျှသော လမ်းသို့ လိုက်လေ၏။ ၃ ယောရှိမင်းကြီး နန်းစံဆယ် ရှစ်နှစ်တွင်၊ မေရှုလံသားဖြစ်သော အာဇလိ၏သား စာရေးတော် ရှာဖန်ကိုခေါ်၍၊ သင်သည် ယဇ်ပုရောဟိတ်မင်း ဟိလခိထံသို့ သွားလော့။ ၄ ဗိမာန်တော်သို့ ဆောင်ခဲ့၍ လူများလက်မှ တံခါးစောင့်ခံယူသော ငွေကို ယဇ်ပုရောဟိတ်မင်း ရေတွက်သဖြင့်၊ ၅ ဗိမာန်တော်အုပ်၊ အမှုတော် စောင့်တို့၌ အပ်၍၊ ဗိမာန်တော် ပြိုပျက်ရာကို ပြုပြင်ခြင်းငှါ လုပ်ဆောင်သောသူ၊ ၆ လက်သမားနှင့် ပန်းရံသမား လုပ်သည် အတွက်၊ ဗိမာန်တော် ပြုပြင်စရာကျောက်နှင့်၊ သစ်သားကို ဝယ်သည်အတွက် ဝေပေးရမည်အကြောင်း၊ မှာထား၍ ဗိမာန်တော်သို့ စေလွှတ်တော်မူ၏။ ၇ သို့ရာတွင် ထိုငွေကို လက်ခံသောသူတို့သည်၊ သစ္စာစောင့်သောသူ ဖြစ်သောကြောင့်၊ စာရင်းမပေးရကြ။
ဗိမာန်တော်ထဲ၌ ကျမ်းစာတွေ့
၈ ယဇ်ပုရောဟိတ်မင်း ဟိလခိကလည်း၊ ပညတ္တိကျမ်း စာစောင်ကို ဗိမာန်တော်၌ ငါတွေ့ပြီဟု စာရေးတော်ရှာဖန် အားဆိုလျက်၊ ကျမ်းစာကိုအပ်၍ စာရေးတော်ဖတ်၏။ ၉ တဖန် စာရေးတော် ရှာဖန်သည် ရှင်ဘုရင်ထံသို့သွား၍၊ ကိုယ်တော် ကျွန်တို့သည် ဗိမာန်တော်၌ တွေ့သော ငွေကို စုသိမ်းပြီးမှ ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌ အပ်ပါပြီဟူ၍၎င်း၊ ၁၀ ယဇ်ပုရောဟိတ် ဟိလခိသည် ကျွန်တော်၌ စာစောင်ကို အပ်ပါပြီဟူ၍၎င်း ကြားလျှောက်လျက်၊ ရှင်ဘုရင်ရှေ့တော်၌ ဖတ်ရွတ်လေ၏။ ၁၁ ရှင်ဘုရင်သည် ပညတ္တိကျမ်းစကားကို ကြားလျှင်၊ မိမိအဝတ်ကိုဆုတ်၍၊ ၁၂ ယဇ်ပုရောဟိတ် ဟိလခိ၊ ရှာဖန်သား အဟိကံ၊ မိက္ခာသား အာခဗော်၊ စာရေးတော်ရှာဖန်၊ မိမိကျွန်အသဟိကို ခေါ်၍၊ ၁၃ ယခုတွေ့သော ကျမ်းစကားကြောင့် ငါအတွက်၊ လူများအတွက်၊ ယုဒအမျိုးသား အပေါင်းတို့အတွက်၊ ထာဝရဘုရား၌ မေးလျှောက်ကြပါ။ ငါတို့အဖို့ ဤကျမ်းစာ၌ ရေးထားသမျှသော စကားတို့ကို ဘိုးဘေးတို့သည် နားမထောင် မကျင့်ဘဲ နေသောကြောင့်၊ ထာဝရဘုရားသည် ငါတို့၌ ပြင်းစွာ အမျက်ထွက်တော်မူလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၁၄ ထိုကာလတွင်၊ ဟရဟတ်သား ဖြစ်သော တိကဝ၏သား၊ အချုပ်ဝန်ရှလ္လုံ၏မယား၊ ပရောဖက်မ ဟုလဒသည် ယေရုရှလင်ပြင်မြို့၌ နေသည်ဖြစ်၍၊ ယဇ်ပုရောဟိတ် ယိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသဟိတို့သည် ထိုမိန်းမထံသို့ သွား၍ ပြောဆိုကြ၏။
ပရောဖက်မ ဟုလဒက ဘုရား၏စကားကိုပြန်ပြော
၁၅ မိန်းမကလည်း၊ ငါ့ထံသို့ စေလွှတ်သော သူထံသို့ သင်တို့ပြန်၍ ဆင့်ဆိုရသော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊ ၁၆ ယုဒရှင်ဘုရင်ဖတ်သော ကျမ်းစကားလာသမျှအတိုင်း ငါသည် ဤအရပ်၌ ၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ဘေးရောက်စေမည်။ ၁၇ အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ကြပြီ။ မိမိလုပ်သော အရာတို့ဖြင့် ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ အခြားတစ်ပါးသော ဘုရားတို့ရှေ့မှာ နံ့သာပေါင်းကို မီးရှို့ကြပြီ။ ထိုကြောင့် ဤအရပ်၌ ငါ့အမျက်မီးသည် မငြိမ်းဘဲ လောင်ရလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၁၈ ထာဝရဘုရားကို မေးလျှောက်စေခြင်းငှါ၊ သင်တို့ကို စေလွှတ်သော ယုဒရှင်ဘုရင် ကြားသော ကျမ်းစကားကို ရည်ဆောင်၍၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူကြောင်းကို ထိုရှင်ဘုရင်အား တဖန်ပြန်လျှောက်ရမည်ကား။ ၁၉ ဤအရပ်သားတို့သည် ဖျက်ဆီးရာနှင့် ကျိန်ဆဲရာ ဖြစ်ရကြလိမ့်မည်၊ ဟုဤအရပ်ကို၎င်း၊ ဤအရပ်သားတို့ကို၎င်း ငါခြိမ်းခြောက်သော စကားကို သင်သည် ကြားသောအခါ၊ နူးညံ့သောစိတ်ရှိ၍၊ ထာဝရဘုရား ရှေ့တော်၌ ကိုယ်ကိုနှိမ့်ချခြင်း၊ ကိုယ်အဝတ်ကို ဆုတ်ခြင်း၊ ငါ့ရှေ့ငိုကြွေးခြင်း ကိုပြုသောကြောင့်၊ သင့်စကားကို ငါနားထောင်၏။ ၂၀ ငါသည် သင့်ကို ဘိုးဘေးစုဝေးရာသို့ ပို့ဆောင်၍၊ သင်သည် ငြိမ်ဝပ်စွာ သင်္ချိုင်းသို့ ရောက်ရလိမ့်မည်။ ဤအရပ်၌ ငါရောက်စေအံ့သော ဘေးကို၊ သင်ကိုတိုင် မတွေ့မမြင်ရ၊ ဟုမိန့်တော်မူကြောင်းကို ဆင့်ဆိုသည်အတိုင်း၊ သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ၏။