-
AA
+
🡀
|
🡂
၄ ဓမ္မရာဇဝင်
၁၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၄ ဓမ္မရာဇဝင်
အခန်းကြီး ၁၈


ဟေဇကိမင်းနန်းထိုင်၍ ထာ၀ရဘုရားကိုမှီဝဲ

ဣသရေလရှင်ဘုရင် ဧလာသားဟောရှေ နန်းစံသုံးနှစ်တွင်၊ ယုဒရှင်ဘုရင် အာခတ်သား ဟေဇကိသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ် စိုးစံလေ၏။ မယ်တော်ကား၊ ဇာခရိသမီး အာဘိအမည်ရှိ၏။ [A] ထိုမင်းသည် အဘဒါဝိဒ် ကျင့်သမျှအတိုင်း၊ ထာဝရဘုရား ရှေ့တော်၌ တရားသောအမှုကို ပြု၏။ မြင့်သောအရပ်တို့ ကိုပယ်၏။ ရုပ်တုဆင်းတု တို့ကိုချိုးဖဲ့၏။ အာရှရပင်တို့ကို ခုတ်လှဲ၏။ မောရှေလုပ်သော ကြေးဝါမြွေကို အပိုင်းပိုင်းဖြတ်၏။ အကြောင်းမူကား၊ ဣသရေလ အမျိုးသားတို့သည် ထိုကာလတိုင်အောင်၊ ထိုမြွေရှေ့မှာ နံ့သာပေါင်းကို မီးရှို့တတ်ကြ၏။ ထိုမြွေကို နဟုတ္တန်အမည်ဖြင့် မှည့်သတည်း။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ထိုမင်းခိုလှုံသကဲ့သို့၊ သူ့နောက်မှာ ခိုလှုံသော ယုဒရှင်ဘုရင် တယောက်မျှမရှိ။ ရှေးကာလ၌ လည်းမရှိ။ ထာဝရဘုရား၌ ဆည်းကပ်၍ နောက်တော်သို့ အစဉ်အမြဲ လိုက်သဖြင့် မောရှေ၌ ထာဝရဘုရား မှာထားတော်မူသော ပညတ်တော်တို့ကို စောင့်ရှောက်လေ၏။ ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူသဖြင့်၊ သူသည် ပြုလေရာရာ၌ အောင်လေ၏။ အာရှုရိရှင်ဘုရင်၏ ကျွန်မခံ၊ ပုန်ကန်လေ၏။ ဖိလိတ္တိလူတို့ကို တိုက်၍ ဂါဇမြို့နယ်တိုင်အောင် ခိုင်ခံ့သော မြို့နယ်များနှင့် ကင်းစောင့်သော မျှော်စင်များကို လုပ်ကြံလေ၏။


အာရှုရိရှင်ဘုရင်က ဣသရေလနိုင်ငံကိုသိမ်း

ဟေဇကိမင်းကြီး နန်းစံလေးနှစ်၊ ဣသရေလရှင်ဘုရင် ဧလာသား ဟောရှေနန်းစံ ခုနစ်နှစ်တွင်၊ အာရှုရိရှင်ဘုရင် ရှာလမနေဇာသည် ရှမာရိမြို့သို့စစ်ချီ၍ ဝိုင်းထား၏။ ၁၀ သုံးနှစ်စေ့သောအခါ၊ ဟေဇကိနန်းစံ​ခြောက်နှစ်၊ ဣသရေလ ရှင်ဘုရင်ဟောရှေ နန်းစံကိုးနှစ်တွင် ရှမာရိမြို့ကိုတိုက်၍ ရကြ၏။ ၁၁ အာရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးကို အာရှုရိပြည်သို့ သိမ်းသွား၍ ဂေါဇန်မြစ်နား၊ ဟာလမြို့၊ ဟာဗော်မြို့အစရှိသော မေဒိနိုင်ငံ မြို့ရွာတို့၌ထား၏။ ၁၂ အကြောင်းမူကား၊ သူတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားမထောင်၊ ဖွဲ့တော်မူသော ပဋိညာဉ်ကို၎င်း၊ ထာဝရဘုရား၏ ကျွန်မောရှေမှာ ထားသမျှကို၎င်း၊ အမှုမထား လွန်ကျူးကြ၏။


ဟေဇကိ အာရှုရိရှင်ဘုရင်ကိုအညံ့ခံ

၁၃ ဟေဇကိမင်းကြီးနန်းစံ ဆယ်လေးနှစ်တွင်၊ အာရှုရိရှင်ဘုရင် သနာခရိပ်သည် ယုဒပြည်၌ ခိုင်ခံ့သော မြို့ရှိသမျှတို့ကို စစ်ချီ၍ လုပ်ကြံလေ၏။ ၁၄ ယုဒရှင်ဘုရင် ဟေဇကိသည် အာရှုရိရှင်ဘုရင်ရှိရာ လာခိရှမြို့သို့ စေလွှတ်၍၊ အ​ကျွန်ုပ် မှားပါပြီ။ ပြန်သွားတော်မူပါ။ ကိုယ်တော်တင်သမျှကို ထမ်းပါမည်၊ ဟုလျှောက်စေသော်၊ အာရှုရိရှင်ဘုရင်သည် ယုဒရှင်ဘုရင် ဟေဇကိ၌ ငွေအခွက်သုံးထောင်၊ ရွှေအခွက်သုံးရာကို တောင်း၏။ ၁၅ ဟေဇကိသည် ဗိမာန်တော်၌၎င်း၊ နန်းတော် ဘဏ္ဍာတိုက်၌၎င်း၊ တွေ့သမျှသောငွေကိုပေး၏။ ၁၆ ဗိမာန်တော်တံခါး၊ တန်ဆာများ၊ ကိုယ်တိုင် အရင်မွမ်းမံသော တိုင်တန်ဆာများကိုလည်းချွတ်၍ အာရှုရိရှင်ဘုရင်အားပေး၏။


အာရှုရိရှင်ဘုရင်က ယုဒပြည်တိုက်ပြန်

၁၇ နောက်တဖန် အာရှုရိရှင်ဘုရင်သည် တာတန်၊ ရာဗသာရိတ်၊ ရာဗရှာခတို့ကို များစွာသော ဗိုလ်​ခြေနှင့်တကွ၊ လာခိရှမြို့မှ ယေရုရှလင်မြို့၊ ဟေဇကိမင်းကြီးထံသို့ စေလွှတ်သဖြင့်၊ သူတို့သည် ရောက်သောအခါ၊ ခဝါသည်၏ လယ်နားမှာ ရှောက်သောလမ်း၊ အထက်ရေကန် ပြွန်ဝ၌ ရပ်နေကြ၏။ ၁၈ ရှင်ဘုရင်ကို ခေါ်သောအခါ၊ ဟိလခိသား ဖြစ်သော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီး ရှေဗန၊ အာသပ်သား အတွင်းဝန် ယောအာတို့သည် သူတို့ထံသို့ ထွက်ပြီးလျှင်၊ ၁၉ ယာဘရှာခက၊ မဟာအရှင်မင်းကြီး အာရှုရိရှင်ဘုရင်သည် ဟေဇကိကို မိန့်တော်မူသည်ကား၊ သင်ခိုလှုံသဖြင့် ခိုလှုံရာကား၊ အဘယ်သို့နည်း။ ၂၀ စစ်တိုက် လောက်အောင် ဥာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ငါပြည့်စုံသည်၊ ဟုအချည်းနှီးသော စကားကို သင်ဆိုပါသည်တကား။ ငါ့ကို ပုန်ကန်ခြင်းငှါ အဘယ်သူကို ကိုးစားသနည်း။ ၂၁ ကျိုးသော ကျူလုံးတောင်းဝေးတည်းဟူသော အဲဂုတ္တုပြည်ကို ကိုးစားပါသည်တကား။ ထိုကျူလုံးသည် မှီသောသူ၏ လက်ကိုဖောက်၍ လျှိုသွားလိမ့်မည်။ ထိုသို့ အဲဂုတ္တု မင်းကြီး ဖါရောဘုရင်သည် မိမိ၌ မှီသောသူ အပေါင်းတို့ကို ပြုလိမ့်မည်။


ရန်သူများက စိတ်ဓါတ်စစ်ဆင်ကြ

၂၂ သင်တို့က၊ ငါတို့သည် ငါတို့၏ ဘုရားသခင် ထာဝရဘုရားကို ကိုးစားသည်၊ ဟုဆိုပြန်လျှင်၊ ဟေဇကိသည် မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကို ပယ်၍၊ ယေရုရှလင်မြို့မှာ ဤမည်သော ယဇ်ပလ္လင်ရှေ့၌သာ ကိုးကွယ်ရမည်၊ ဟုယုဒပြည်သူ ယေရုရှလင် မြို့သားတို့ကို မှာထားသဖြင့်၊ သင်တို့ ပြစ်မှားသော ဘုရားဖြစ်သည် မဟုတ်လော။ ၂၃ သို့ဖြစ်၍၊ ယခုတွင် ငါ့သခင် အာရှုရိရှင် ဘုရင်၌ အာမခံတို့ကို အပ်ပါလော့။ သင်၌ မြင်းစီးသူရဲ လုံလောက်အောင်ရှိလျှင် မြင်းနှစ်ထောင်တို့ကို ငါပေးမည်။ ၂၄ သင်သည် ငါ့သခင်၏​ကျွန်တို့တွင် အငယ်ဆုံးသော ဗိုလ်ကို အဘယ်သို့ လှန်နိုင်မည်နည်း။ အဲဂုတ္တုပြည်မှ ရထားများ မြင်းစီးသူရဲများကို ရမည်၊ ဟုယုံပါသည်တကား။ ၂၅ ထာဝရဘုရား၏ အခွင့်မရှိဘဲ ဤပြည်ကို ဖျက်ဆီးခြင်းငှါ ငါလာသလော။ ထိုပြည်ကိုသွား၍ ဖျက်ဆီးလော့၊ ဟုထာဝရဘုရားသည် ငါ့အား မိန့်တော်မူပြီ။ ဤအကြောင်းအရာများကို ပြန်ပြောကြလော၊ ဟုပြောဆို၏။


ရန်သူသည် စိတ်ဓါတ် စစ်ဆင်ရေးကိုသာ၍လုပ်

၂၆ ထိုအခါ ဟိလခိသား ဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က၊ ရှုရိဘာသာ စကားအားဖြင့်​ ကျွန်တော်တို့အား အမိန့်ရှိပါလော့။ ထိုစကားကို​ ကျွန်တော်တို့သည် နားလည်ပါ၏။ မြို့ရိုးပေါ်မှာ ရှိသောသူတို့သည် ကြားရအောင် ယုဒဘာသာ စကားအားဖြင့်၊ အမိန့်မရှိပါနှင့်၊ ဟုရာဗရှာခကိုဆိုကြလျှင်၊ ၂၇ ရာဗရှာခက၊ င့ါသခင်သည် သင်၏သခင်နှင့် သင့်အားသာ ဤစကားကို ပြောစေခြင်းငှါ ငါ့ကို စေလွှတ်တော်မူသလော။ မြို့ရိုးပေါ်မှာ ထိုင်လျက်သင်တို့နှင့်အတူ မိမိတို့ မစင်ကိုစား၍၊ မိမိတို့ ရေဟောင်းကို သောက်ရသောသူ တို့ရှိရာသို့ စေလွှတ်တော်မူသည် မဟုတ်လော၊ ဟုဆိုပြီးလျှင်၊ ၂၈ ရာဗရှာခသည် ထ၍၊ ယုဒဘာသာ စကားအားဖြင့် ကျယ်သောအသံနှင့် ကြွေးကြော်လျက်၊ မဟာ အရှင်မင်းကြီး အာရှုရိရှင်ဘုရင်၏ အမိန့်တော်ကို နားထောင်ကြလော့။ ၂၉ ရှင်ဘုရင် မိန့်တော်မူသည်ကား၊ ဟေဇကိသည် သင်တို့ကို မလှည့်စားစေနှင့်။ သူသည် သင်တို့ကို ငါ့လက်မှ ကယ်နှုတ်ခြင်းငှါ မတတ်နိုင်။


ရန်သူသည်ထာ၀ရဘုရားကိုပါပြစ်မှား

၃၀ ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကို ဧကန်အမှန် ကယ်ယူတော်မူမည်။ ဤမြို့သည် အာရှုရိရှင်ဘုရင် လက်သို့ မရောက်ရ၊ ဟုဆိုသဖြင့်၊ ထာဝရဘုရားကို မကိုးစားစေနှင့်။ ၃၁ ဟေဇကိစကားကို နားမထောင်ကြနှင့်။ ၃၂ အာရှုရိရှင်ဘုရင် မိန့်တော်မူသည်ကား၊ ငါနှင့် မိဿဟာယဖွဲ့ကြ။ ငါ့ထံသို့ ထွက်လာကြ။ သင်တို့သည် မသေ အသက်ရှင်မည်အကြောင်း၊ သင်တို့ပြည်နှင့်တူ သော ပြည်တည်းဟူသော ဆန်စပါး စပျစ်ရည်နှင့် ပြည့်စုံသောပြည်၊ မုန့်နှင့် စပျစ်ဥယျာဉ်၊ သံလွင်ဆီ၊ ပျားရည်များသော ပြည်သို့ပို့ ခြင်းငှါ ငါမလာမှီတိုင်အောင် သင်တို့သည် ကိုယ်စပျစ်ပင်၏အသီး၊ ကိုယ်သင်္ဘောသဖန်းပင်၏ အသီးကို စား၍၊ ကိုယ်ရေကန်ကရေကို သောက်လျက်၊ နေကြအုံးလော့။ ၃၃ ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကို ကယ်ယူတော်မူမည်၊ ဟုမဖျားမယောင်းစေနှင့်။ အပြည်ပြည်သော ဘုရားတို့သည် မိမိတို့ပြည်များကို အာရှုရိရှင်ဘုရင် လက်မှ ကယ်လွှတ်ကြပြီလော။ ၃၄ ဟာမတ်ပြည်၏ ဘုရား၊ အာပဒ်ပြည်၏ဘုရား တို့သည် အဘယ်မှာ ရှိကြသနည်း။ သေဖရဝိမ်ပြည်၊ ဟေနပြည်၊ ဣဝါပြည်၏ ဘုရားတို့ သည်အဘယ်မှာ ရှိကြသနည်း။ သူတို့သည် ရှမာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော။ ၃၅ ထိုအပြည်ပြည်သော ဘုရားတို့တွင် အဘယ်မည်သော ဘုရားသည် မိမိပြည်ကို ငါ့လက်မှ ကယ်လွှတ်ဘူးသနည်း။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့လက်မှ အဘယ်သို့ ကယ်လွှတ်နိုင်မည်နည်း၊ ဟုဆိုလေ၏။


ယုဒလူများပြန်မပြော

၃၆ ယုဒလူတို့လည်း စကားတခွန်းကိုမျှ မပြန်ဘဲ တိတ်ဆိတ်စွာ နေကြ၏။ အကြောင်းမူကား၊ ပြန်မပြောနှင့်၊ ဟုရှင်ဘုရင် အမိန့်တော်ရှိသတည်း။ ၃၇ ထိုအခါ ဟိလခိသား ဖြစ်သော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီး ရှေဗန၊ အာသက်သား အတွင်းဝန် ယောအာတို့သည် မိမိတို့ အဝတ်ကိုဆုတ်လျက်၊ ဟေဇကိမင်းထံသို့ လာ၍ ရာဗာရှာခစကားကို ကြားလျှောက်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.