-
AA
+
🡀
|
🡂
၄ ဓမ္မရာဇဝင်
၁၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၄ ဓမ္မရာဇဝင်
အခန်းကြီး ၁၇


CROSS REFERENCES






ယုဒရှင်ဘုရင် အာခတ် နန်းစံ ဆယ်နှစ်နှစ်တွင် ဧလာသား ဟောရှေသည် နန်းထိုင်၍ ရှမာရိမြို့၌ ဣသရေလ နိုင်ငံကို ကိုးနှစ်စိုးစံလေ၏။ ထိုမင်းသည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ သို့သော်လည်း သူ့ရှေ့မှာ ဖြစ်ဘူးသော ဣသရေလ ရှင်ဘုရင်တို့ ပြုသော ဒုစရိုက်ကိုမမှီ။ ထိုမင်းကို အာရှုရိရှင်ဘုရင် ရှာလမနဇောသည် စစ်ချီ၍ ဟောရှေသည် ကျွန်ခံသဖြင့် အခွန်ဆက်ရ၏။ နောက်တဖန် နှစ်တိုင်းဆက်ရသော အခွန်ကိုမဆက်။ သွာအမည်ရှိသော အဲဂုတ္တု ရှင်ဘုရင်ထံသို့ သံတမန်ကို စေလွှတ်၍၊ ပုန်ကန်မည် အကြံရှိသည်ကို အာရှုရိရှင်ဘုရင် သိသဖြင့်၊ ဟောရှေကိုဖမ်းဆီး၍ ထောင်ထဲမှာ ချုပ်ထားပြီးလျှင်၊ ဣသရေလ ပြည်တရှောက်လုံးသို့ စစ်ချီ၍၊ ရှမာရိမြို့သို့ ရောက်သော် သုံးနှစ်ဝိုင်းထား၏။ ဟောရှေနန်းစံ ကိုးနှစ်တွင်၊ အာရှုရိရှင်ဘုရင်သည် ရှမာရိမြို့ကို ရပြီးလျှင်၊ ဣသရေလ အမျိုးကို အာရှုရိပြည်သို့ သိမ်းသွင်း၍ ဂေါဇန်မြစ်နား၊ ဟာလမြို့၊ ဟာဗော်မြို့အစရှိသော မေဒိနိုင်ငံမြို့ရွာတို့၌ ထား၏။ အကြောင်းမူကား၊ အဲဂုတ္တုပြည်နှင့် အဲဂုတ္တု ဖါရောဘုရင် လက်ထဲက ကယ်နှုတ်တော်မူသော မိမိတို့ဘုရားသခင် ထာဝရဘုရားကို ဣသရေလ အမျိုးသားတို့သည် ပြစ်မှား၍ အခြားတပါးသော ဘုရားတို့ကို ရိုသေကြ၏။ သူတို့ရှေ့မှ ထာဝရဘုရားနှင် ထုတ်တော်မူသော တပါးအမျိုးသားတို့ ထုံးစံနှင့် မိမိတို့ ချီးမြှောက်သော ရှင်ဘုရင်တို့ ထုံးစံသို့လိုက်ကြ၏။ မိမိတို့ ဘုရားသခင် ထာဝရဘုရား တဘက်၌ မတရားသော အမှုကို မထင်မရှားပြုကြ၏။ ကင်းစောင့်သော မျှော်စင်ဖြစ်စေ၊ ခိုင်ခံ့သောမြို့ဖြစ်စေ၊ မြို့ရွာအလုံးစုံတို့၌ မြင့်သောအရပ်ကို တည်ကြ၏။ ၁၀ ရုပ်တုဆင်းတုနှင့် အာရှရပင်တို့ကို မြင့်သော ကုန်းရှိသမျှတို့အပေါ်မှာ၎င်း၊ စိမ်းသော သစ်ပင်ရှိသမျှတို့ အောက်မှာ၎င်း၊ တည်ထောင်ပြုစုကြ၏။ ၁၁ သူတို့ရှေ့မှ ထာဝရဘုရား နှင်ထုတ်တော်မူသော တပါးအမျိုးသား ပြုသကဲ့သို့ မြင့်သော အရပ်ရှိသမျှအပေါ်မှာ နံ့သာပေါင်းကို မီးရှို့၍ ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ အဓမ္မအမှုတို့ကို ပြုကြ၏။ ၁၂ ထာဝရဘုရား ပညတ်တော်မူသောအမှု၊ ရုပ်တုဆင်းတုတို့၌ ပူဇော်သော အမှုကိုပြုကြ၏။ ၁၃ သို့ရာတွင် ထာဝရဘုရားက အဓမ္မလမ်းတို့ကို ရှောင်ကြလော့။ ငါသည် သင်တို့ဘိုးဘေးတို့၌ ထားသောတရား၊ ငါ့​ကျွန် ပရောဖက်တို့ဖြင့် ပေးလိုက်သော တရားကိုအကုန် အစင်ကျင့်၍ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ကြလော့၊ ဟုပရောဖက်များနှင့် အနာဂတ် ဟောဆရာများတို့ဖြင့် ဣသရေလ အမျိုး၊ ယုဒအမျိုး၌ သက်သေခံတော်မူသော်လည်း၊ ၁၄ သူတို့သည် နားမထောင် မိမိတို့ ဘုရားသခင် ထာဝရဘုရားကို မယုံကြည်သော ဘိုးဘေးတို့ လည်ပင်းကဲ့သို့ မိမိတို့ လည်ပင်းကို ခိုင်မာစေကြ၏။ ၁၅ စီရင်တော်မူချက်၊ ဘိုးဘေးတို့နှင့် ဖွဲ့တော်မူသော ပဋိညာဉ်၊ သူတို့၌ သက်သေခံတော်မူသော သက်သေတို့ကိုပယ်၍၊ အနတ္တတရား [A]ကို ကျင့်လျက် အချည်းနှီး သက်သက်ဖြစ်ကြ၏။ အကြင်တပါးအမျိုးသား ကျင့်သကဲ့သို့ မကျင့်ကြနှင့်၊ ဟုထာဝရဘုရား ပညတ်တော်မူ၏၊ ပတ်လည်၌ နေသော ထိုအမျိုးသား နောက်သို့လိုက်ကြ၏။ ၁၆ မိမိတို့ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော် ရှိသမျှတို့ကိုစွန့်၍ နွားသငယ် တည်းဟူသော သွန်းသော ရုပ်တုနှင့် အာရှရပင်ကို လုပ်ကြ၏။ မိုးကောင်းကင် တန်ဆာများကို ကိုးကွယ်၍ ဗာလဘုရားကိုလည်း ဝတ်ပြုကြ၏။ ၁၇ သားသမီးတို့ကို မီးဖြင့် ပူဇော်ကြ၏။ နတ်ဝိဇ္ဇာအတတ် ပြုစားသော အတတ်ကို သုံးဆောင်၍ ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ၊ ရှေ့တော်၌ ဒုစရိုက်ကိုပြုမည်၊ ဟုကိုယ်ကိုရောင်းကြ၏။ ၁၈ ထိုကြောင့် ထာဝရဘုရားသည် ဣသရေလအမျိုးကို ပြင်းစွာ အမျက်ထွက်၍ မျက်မှောက်တော်မှ ပယ်ရှားတော်မူ၏။ ယုဒအမျိုးမှတပါး အခြားသော အမျိုးမကျန်ကြွင်းရ။ ၁၉ ယုဒအမျိုးမူကား၊ မိမိတို့ ဘုရားသခင် ထာဝရဘုရား၏ ပညတ်တရားတော်ကို မစောင့်၊ ဣသရေလ အမျိုးလိုက်သော ထုံးစံဓလေ့သို့ လိုက်ကြ၏။ ၂၀ ထာဝရဘုရားသည်လည်း၊ ဣသရေလ အမျိုးရှိသမျှကို ရွံ့ရှာ၍ မျက်မှောက်တော်မှ မနှင်ထုတ်မှီ တိုင်အောင် ဒဏ်ခတ်တော်မူ၏။ လုယက်သော သူတို့လက်၌ အပ်တော်မူ၏။ ၂၁ ဣသရေလအမျိုးကို ဒါဝိဒ်မင်းမျိုးမှ ဆုတ်ဖဲ့၍၊ သူတို့သည် နေဗတ်၏သား ယေရောဗောင်ကို ရှင်ဘုရင်အရာ၌ ခန့်ထားကြ၏။ ယေရောဗောင်သည်လည်း ထာဝရဘုရား နောက်တော်သို့ လိုက်ရာလမ်းမှ ဣသရေလအမျိုးကို လွှဲစေ၍ ဒုစရိုက်ကြီးကို ပြုစေ၏။ ၂၂ သို့ဖြစ်၍ ယေရောဗောင် ပြုသော ဒုစရိုက်လမ်းသို့ ဣသရေလ အမျိုးသားတို့သည် အစဉ်တစိုက်လိုက်ကြ၏။


၂၃ ထာဝရဘုရားသည် မိမိ​ကျွန်ပရောဖက် အပေါင်းတို့ဖြင့် မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို မျက်မှောက်တော်မှ ပယ်ရှားတော် မမူမှီတိုင်အောင် သူတို့သည် ထိုဒုစရိုက်အမှုကို မရှောင်ဘဲလိုက်ကြ၏။ ထိုကြောင့် နေရင်းပြည်မှ အာရှုရိပြည်သို့ သိမ်းသွားခြင်းကို ယနေ့တိုင်အောင် ခံရကြ၏။ ၂၄ အာရှုရိ ရှင်ဘုရင်သည်လည်း၊ ဗာဗုလုန်မြို့သား၊ ကုသမြို့သား၊ အာဝမြို့သား၊ ဟာမတ်မြို့သား၊ သေဖရဝိမ် မြို့သားတို့ကို ဆောင်ခဲ့၍၊ ရှမာရိမြို့ရွာတို့တွင် ဣသရေလ အမျိုးသား ကိုယ်စားထားသဖြင့် ထိုလူတို့သည် ရှမာရိမြို့ရွာတို့ကို သိမ်းယူ၍ နေရာကျကြ၏။ ၂၅ နေရာကျစက ထာဝရဘုရားကို မရိုသေသောကြောင့်၊ ခြင်္သေ့တို့ကို စေလွှတ်၍ အချို့တို့ကို ကိုက်စေတော်မူ၏။ ၂၆ ထိုကြောင့် အချို့တို့ကို ကိုယ်တော် ပြောင်းစေ၍၊ ရှမာရိမြို့ရွာတို့၌ ထားတော်မူသော လူအမျိုးမျိုးတို့သည် ထိုပြည်စောင့်ဘုရား၏ တရားကို နားမလည်သောကြောင့်၊ ထိုဘုရားသည် ခြင်္သေ့တို့ကို စေလွှတ်၍ နေရာကျသော သူတို့ကို သတ်ပါသည်၊ ဟုအာရှုရိရှင်ဘုရင်အား လျှောက်ကြသော်၊ ၂၇ အာရှုရိရှင်ဘုရင်က၊ ထိုပြည်မှ သိမ်းခဲ့သော ယဇ်ပုရောဟိတ် တယောက်ကိုပြန်ပို့ကြ။ သူသည်သွား၍ ထိုပြည်စောင့်ဘုရား၏ တရားကိုသွန်သင်လျက် နေပါလေစေ၊ ဟုမိန့်တော်မူသည်အတိုင်း၊ ၂၈ ရှမာရိမြို့မှ သိမ်းခဲ့သော ယဇ်ပုရောဟိတ် တယောက်သည်ပြန်၍ ဗေသလမြို့၌နေလျက်၊ ထာဝရဘုရားကို အဘယ်သို့ ရိုသေရမည်ကို သွန်သင်လေ၏။ ၂၉ သို့သော်လည်း ထိုလူမျိုး အသီးအသီးတို့သည် မိမိတို့ ဘုရားကိုလုပ်၍ နေရာကျသောမြို့ရွာတွင် မြင့်သောအရပ်ပေါ်မှာ ရှမာရိမြို့သားလုပ်နှင့်သော အိမ်တို့၌တင်ထားကြ၏။


၃၀ ဗာဗုလုန် မြို့သားတို့သည် သုကုတ်ဗေနုတ်ဘုရား၊ ကုသမြို့သားတို့သည် နေရဂါဘုရား၊ ဟာမတ်မြို့သားတို့သည် အရှိမဘုရား၊ ၃၁ အာဝမြို့သားတို့သည် နိဗဟာဇဘုရားနှင့် တာတက်ဘုရားကို လုပ်ကြ၏။ သေဖရဝိမ် မြို့သားတို့သည်လည်း သေဖရဝိမ် မြို့စောင့်ဘုရား အာဒြဓမ္မလက်နှင့် အာနမ္မေလက် ဘုရားတို့အား သားသမီးကို မီးရှို့၍ ပူဇော်ကြ၏။ ၃၂ ထာဝရဘုရားကိုလည်း ရိုသေ၍ သာမညလူတို့ကို မြင့်သောအရပ် ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားသဖြင့်၊ သူတို့သည် မြင့်သော အရပ်အိမ်တို့၌ လူများအဘို့ ယဇ်ပူဇော်ကြ၏။ ၃၃ ထိုသို့ ထာဝရဘုရားကို ရိုသေကြ၏။ သိမ်းသွားခြင်းကို ခံရသော လူမျိုးပြုသကဲ့သို့ မိမိတို့ဘုရားကိုလည်း ဝတ်ပြုကြ၏။ ၃၄ ယနေ့တိုင်အောင် ရှေးထုံးစံ ဓလေ့သို့လိုက်ကြသည်ဖြစ်၍၊ ထာဝရဘုရားကို ရိုသေရာမရောက်၊ ဣသရေလ အမျိုးခံရသော စီရင်ထုံးဖွဲ့ချက် တို့ကိုမစောင့်။ ဣသရေလ အမည်ဖြင့် သမုတ်သော ယာကုပ်အမျိုးသားတို့၌ ထာဝရဘုရား ထားတော်မူသော ပညတ်တရားတို့ကို မကျင့်ဘဲ နေကြ၏။ ၃၅ ထာဝရဘုရားသည် ထိုအမျိုးသားတို့နှင့် ပဋိညာဉ်ဖွဲ့၍၊ သင်တို့သည် အခြားတပါးသော ဘုရားတို့ကို မရိုသေဦးမညွှတ်၊ ဝတ်မပြု၊ ယဇ်မပူဇော်ရ။ ၃၆ သင်တို့ကို ကြီးသောတန်ခိုး၊ ဆန့်သော လက်ရုံးတော်အားဖြင့် အဲဂုတ္တုပြည်မှ ကယ်နှုတ်တော်မူသော ထာဝရဘုရားကိုသာ ရိုသေကိုးကွယ်၍ ယဇ်ပူဇော်ရမည်။ ၃၇ သင်တို့အဘို့ ရေးထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ်တရားတို့ကို အစဉ်အမြဲစောင့်ရှောက်ရမည်။ အခြားတပါးသော ဘုရားတို့ကို မရိုသေရ။ ၃၈ သင်တို့နှင့် ငါဖွဲ့သော် ပဋိညာဉ်ကို မမေ့မလျော့ရ။ အခြားတပါးသော ဘုရားတို့ကို မရိုသေရ။ ၃၉ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကိုသာ ရိုသေရမည်။ သို့ပြုလျှင် ရန်သူအပေါင်းတို့လက်မှ ကယ်နှုတ်တော်မူမည်၊ ဟုမှာထားတော်မူသော်လည်း၊ ၄၀ သူတို့သည် နားမထောင် ရှေးထုံးစံ ဓလေ့သို့လိုက်ကြ၏။ ၄၁ ထိုလူအမျိုးအမျိုး ကိုယ်တိုင်မှစ၍၊ သားမြေးမြစ်တို့သည် ထာဝရဘုရားကို ရိုသေကြ၏။ ရုပ်တုဆင်းတုတို့ကိုလည်း ဝတ်ပြုကြ၏။ မိရိုးဘလာသို့လိုက်၍ ယနေ့တိုင်အောင် ကျင့်နေကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.