၄ ဓမ္မရာဇဝင်
အခန်းကြီး ၁၆
ယုဒရှင်ဘုရင်အာခတ်နန်းထိုင်
၁ ရေမလိသား ပေကာ နန်းစံဆယ်ခုနစ်နှစ်တွင် ယုဒရှင်ဘုရင် ယောသံသား အာခတ်သည် အသက်နှစ်ဆယ်ရှိသော် နန်းထိုင်၍၊ ၂ ယေရုရှလင်မြို့၌ ဆယ်ခြောက်နှစ် စိုးစံလေ၏။ ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့ မကျင့်၊ ထာဝရဘုရား ရှေ့တော်၌ တရားသောအမှုကို မပြု၊ ၃ ဣသရေလရှင်ဘုရင်တို့ လိုက်သောလမ်းသို့လိုက်၍၊ ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ ရှေ့မှ၊ နှင်ထုတ်တော်မူသော တပါးအမျိုးသားတို့၏ ရွံရှာဘွယ် ထုံးစံအတိုင်း၊ မိမိသားကို မီးဖြင့်ပူဇော်၏။ ၄ မြင့်သောအရပ်၊ တောင်ပေါ်၊ သစ်ပင်အောက်တို့၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့တတ်၏။
၅ ထိုအခါ ရှုရိရှင်ဘုရင် ရေဇိန်နှင့် ဣသရေလရှင်ဘုရင် ရေမလိသား ပေကာသည်၊ ယေရုရှလင်မြို့သို့ စစ်ချီ၍ အာခတ်မင်းကို ဝိုင်းထားသော်လည်း မနိုင်ရ။ ၆ သို့ရာတွင်၊ ရှုရိရှင်ဘုရင်ရေဇိန်သည် ဧလတ်မြို့ကို ရှုရိနိုင်ငံသို့ သွင်းပြန်၍၊ ယုဒလူတို့ကို နှင်ထုတ်သဖြင့် ရှုရိလူတို့သည်လာ၍ ယနေ့တိုင်အောင် ဧလတ်မြို့၌နေကြ၏။
၇ ထိုကြောင့် အာခတ်သည် အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာထံသို့ သံတမန်ကိုစေလွှတ်၍၊ ကျွန်ုပ်သည် ကိုယ်တော်သား၊ ကိုယ်တော်ကျွန်ဖြစ်ပါ၏။ လာပါ၊ ကျွန်ုပ်ကို ရန်ဘက်ပြုသော ရှုရိရှင်ဘုရင်နှင့် ဣသရေလရှင်ဘုရင် လက်မှကယ်ယူပါ၊ ဟုတောင်းပန်၏။ ၈ တဖန်ဗိမာန်တော်၌၎င်း၊ နန်းတော်ဘဏ္ဍာတိုက်၌၎င်း၊ ရှိသောရွှေငွေကိုယူ၍ အာရှုရိရှင်ဘုရင်ထံသို့ လက်ဆောင် ပေးလိုက်လေ၏။ ၉ အာရှုရိရှင်ဘုရင်သည် နားထောင်၍ ဒမာသက်မြို့သို့ စစ်ချီ၍ တိုက်ယူပြီးလျှင်၊ ပြည်သားတို့ကို ကိရမြို့သို့ သိမ်းသွား၏။ ရေဇိန်မင်းကိုလည်းသတ်၏။
၁၀ အာခတ်မင်းသည် အာရှုရိရှင်ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှါ ဒမာသက်မြို့သို့သွား၏။ ထိုမြို့မှာရှိသော ယဇ်ပလ္လင်ကို မြင်လျှင်၊ ပလ္လင်ပုံအတိုင်းအရှည်၊ တန်ဆာရှိသမျှကိုရေး၍ ယဇ်ပုရောဟိတ် ဥရိယထံသို့ ပေးလိုက်၏။ ၁၁ ထိုသို့ဒမာသက်မြို့မှ အာခတ်မင်း ပေးလိုက်သမျှအတိုင်း၊ ယဇ်ပုရောဟိတ် ဥရိယသည် အာခတ်မင်း မရောက်မှီလုပ်နှင့်ပြီ။ ၁၂ ရှင်ဘုရင်သည် ဒမာသက်မြို့မှ ရောက်လာသောအခါ၊ ထိုယဇ်ပလ္လင်ကိုမြင်၍ ချဉ်းကပ်သဖြင့်၊ ၁၃ မီးရှို့ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာကို မီးရှို့၏။ သွန်းလောင်းရာ ပူဇော်သက္ကာကိုလည်း သွန်းလောင်း၏။ မိဿဟာယယဇ် အသွေးကိုလည်း ယဇ်ပလ္လင်ပေါ်မှာ ဖြန်းလေ၏။ ၁၄ ထာဝရဘုရား ရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်ကို၊ ဗိမာန်တော်ရှေ့ ယဇ်ပလ္လင်ကြီးနှင့် ဗိမာန်တော် စပ်ကြားအရပ်မှရွှေ့၍ ယဇ်ပလ္လင်ကြီး မြောက်ဘက်၌ ထား၏။ ၁၅ တဖန် ယဇ်ပုရောဟိတ် ဥရိယကို မှာထားသည်ကား၊ နံနက်မီးရှို့ရာယဇ်နှင့် ညဦးယံဘောဇဉ်ပူဇော်သက္ကာ၊ ရှင်ဘုရင်မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ ပြည်သူ ပြည်သား မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာတို့ကို ယဇ်ပလ္လင်ကြီးပေါ်မှာ မီးရှို့လော့။ မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးအသွေးကိုလည်း ထိုပလ္လင်ပေါ်မှာ ဖြန်းလော့။ ကြေးဝါယဇ်ပလ္လင်သည် ငါမေးမြန်းစရာဘို့ ရှိရမည်၊ ဟု၁၆ အာခတ်မင်း မှာထားသမျှအတိုင်း ယဇ်ပုရောဟိတ် ဥရိယပြု၏။
၁၇ အာခတ်မင်းသည် ကြေးဝါခုံတန်ဆာတို့ကိုပယ်၍ အင်တုံကိုလည်းရွှေ့၏။ ကြေးဝါရေကန်ကိုလည်း ကြေးဝါနွားတို့အပေါ်က ချ၍ ကျောက်ခင်းပေါ်မှာ တင်ထား၏။ ၁၈ ဗိမာန်တော်၌ ဥပုသ်စောင့်စရာဘို့ ဆောက်သောမဏ္ဍပ်ကို၎င်း၊ ရှင်ဘုရင်တက်ရာ စောင်းတန်းကို၎င်း၊ အာရှုရိရှင်ဘုရင်ကြောင့်ပယ်၏။ ၁၉ အာခတ်ပြုမူသော အမှုအရာ ကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၂၀ အာခတ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ သားတော် ဟေဇကိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။