၃ ဓမ္မရာဇဝင်
အခန်းကြီး ၉
ဘုရားသခင် ရှောလမုန်ထံပြန်ထင်ရှား
၁ ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ်၍၊ မိမိအလိုဆန္ဒရှိသမျှ ပြည့်စုံသောအခါ၊ ၂ ထာဝရဘုရားသည် ဂိဗောင်မြို့၌ ထင်ရှားတော်မူသကဲ့သို့၊ ဒုတိယအကြိမ် ထင်ရှားတော်မူလျက်၊ ၃ သင်သည် ငါ့ရှေ့မှာ ဆုတောင်း ပဌနာပြုသော စကားကို ငါကြားပြီ။ သင်တည်ဆောက်သော ဤအိမ်ကို ငါသန့်ရှင်းစေ၍၊ ငါ့နာမကို အစဉ်တည်စေမည်။ အစဉ်ငါကြည့်ရှုလျက် နှလုံးစွဲလမ်းလျက် နေမည်။ [A] ၄ သင်သည် ငါမှာထားသမျှကို ပြု၍၊ ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါ၊ သင့်အဘ ဒါဝိဒ်ကဲ့သို့ဖြောင့်မတ်စုံလင်သော စိတ်သဘောထားနှင့် ငါ့ရှေ့မှာ ကျင့်နေလျှင်၊ ၅ ဣသရေလ နိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင်၏အမျိုးမင်းရိုးမပြတ်ရ၊ ဟုသင့်အဘ ဒါဝိဒ်အား ငါဂတိရှိသည်အတိုင်း၊ သင်ထိုင်ရသော ဣသရေလ နိုင်ငံ၏ရာဇ ပလ္လင်ကို အစဉ် ငါတည်စေမည်။
အခြားဘုရားကိုးကွယ်လျှင် အိမ်တော်ပယ်ရှားမည်
၆ သို့မဟုတ် သင်နှင့်သင်၏ သားမြေးတို့သည် ငါ့နောက်သို့မလိုက်၊ လမ်းလွဲလျက် ငါမှာထားသော စီရင်ထုံးဖွဲ့ချက် တို့ကိုမစောင့်၊ အခြားတပါးသော ဘုရားထံသို့သွား၍ ဝတ်ပြုကိုးကွယ်လျှင်၊ ၇ ဣသရေလ အမျိုးကို ငါပေးသောပြည်မှ ငါပယ်ဖြတ်မည်။ ငါ့နာမအဘို့ ငါသန့်ရှင်းစေသော ဤအိမ်တော်ကို ငါ့မျက်မှောက်မှ ပယ်ရှားမည်။ ဣသရေလ အမျိုးသည်လည်း တပါးအမျိုးသားတို့တွင် ပုံခိုင်းရာကဲ့ရဲ့ရာ ဖြစ်ရလိမ့်မည်။ ၈ အရပ်မြင့်သော ဤအိမ်တော်ကိုလည်း လမ်း၌ လျှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ၍၊ ထာဝရဘုရားသည် ဤပြည်နှင့် ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်း၊ ဟုကဲ့ရဲ့သံကို ပြုလျက် တယောက်မေးမြန်းသော်၊ ၉ တယောက်က၊ သူတို့၏ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောသူတို့၏ ဘုရားသခင် ထာဝရဘုရားကို သူတို့သည်စွန့်၍၊ အခြားတပါးသော ဘုရားကို မှီဝဲလျက် ဝတ်ပြု ကိုးကွယ်ကြသောကြောင့်၊ ထာဝရဘုရားသည် ဤအမှုအလုံးစုံကို ရောက်စေတော်မူကြောင်းကို ပြန်ပြောလိမ့်မည်၊ ဟုမိန့်တော်မူ၏။
ရှောလမုန်ပေးသော မြို့များဟိရံမင်းအားမရ
၁၀ ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်တည်းဟူသော အိမ်တော် နှစ်ဆောင်ကို တည်ဆောက်၍၊ အနှစ်နှစ်ဆယ် စေ့သောအခါ၊ ၁၁ တုရုမင်းကြီး ဟိရံသည် ရှောလမုန် လိုချင်သမျှအတိုင်း အာရဇ်သစ်သား၊ ထင်းရှူးသစ်သားနှင့် ရွှေအခွက်တရာနှစ်ဆယ်ကို ပေးနှင့်သည်ဖြစ်၍၊ ရှောလမုန်မင်းကြီးသည် ဂါလိလဲပြည်၌ မြို့နှစ်ဆယ်ကို ဟိရံမင်းကြီးအား ပေး၏။ ၁၂ ရှောလမုန်ပေးသော မြို့တို့ကိုဟိရံသည်၊ တုရုမြို့မှလာ၍ ကြည့်ရှုသောအခါ အားမရ။ ၁၃ ငါ့ညီ၊ ငါ့အားပေးသော မြို့တို့သည် အဘယ် သို့သော မြို့နည်းဟုဆိုလျက်၊ ၁၄ ထိုအရပ်ကို ကာဗုလဟူ၍ ယနေ့တိုင်အောင် သမုတ်သတည်း။
ရှောလမုန်မင်းမြို့များတည်
၁၅ ရှောလမုန်မင်းကြီးသည် ငွေခွဲရသော အကြောင်းဟူမူကား၊ ဗိမာန်တော်၊ နန်းတော်၊ မိလ္လောမြို့၊ ယေရုရှလင်မြို့ရိုး၊ ဟာဇော်မြို့၊ မေဂိဒ္ဒေါမြို့ ဂဇောမြို့တို့ကို တည်ဆောက်ခြင်းငှါ ငွေခွဲရသတည်း။ ၁၆ ဂဇောမြို့ကိုကား၊ အဲဂုတ္တု ဖာရောဘုရင်သည် စစ်ချီ၍ တိုက်ယူမီးရှို့သဖြင့်၊ မြို့သား ခါနာနိလူတို့ကို လုပ်ကြံပြီးမှ၊ မိမိသမီး၊ ရှောလမုန်၏ ခင်ပွန်းအား လက်ဆောင်ပေးနှင့် လေပြီ။ ၁၇ သို့ဖြစ်၍ ဂေဇာမြို့ကို ရှောလမုန်တည်လေ၏။ ထိုမှတပါး၊ အောက်ဗေသောရုန်မြို့၊ ၁၈ ဗာလက်မြို့၊ တောအရပ်၊ ပြည်ထဲမှာ တာဒမော်မြို့တို့ကိုလည်း တည်လေ၏။ ၁၉ ဘဏ္ဍာတော် သိုထားသောမြို့များ၊ ရထားတော် ထိန်းသောမြို့များ၊ မြင်းတော် ကျွေးသောမြို့များ၊ ယေရုရှလင်မြို့ပတ်လည်၊ လေဗနုန်တောင်ပေါ်၊ နိုင်ငံတော်အရပ်ရပ်၌ တည်ချင်သော မြို့များတို့ကိုလည်း တည်လေ၏။ ၂၀ ဣသရေလ အမျိုးသား အကုန်အစင် မဖျက်ဆီးနိုင်သောကြောင့်၊ ၂၁ ပြည်တော်၌ ကျန်ကြွင်းသော တပါးအမျိုးသား၊ အာမောရိ၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိ အမျိုးအနွယ် သားစဉ် မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့တိုင်အောင် လူခွဲ၍ ကျွန်ခံစေ၏။ ၂၂ ဣသရေလ အမျိုးသားတို့ကိုကား၊ ရှောလမုန်သည် ကျွန်မခံစေ။ စစ်သူရဲ၊ အမှုတော်စောင့်၊ မှူးမတ်၊ စစ်ကဲ၊ ရထားတော်အုပ်၊ မြင်းတော်အုပ်အရာ၌ ခန့်ထားတော်မူ၏။ ၂၃ တည်ဆောက်ခြင်း အမှုတော်ကို စီရင်သောသူ အမှုတော်အုပ် ငါးရာငါးဆယ်ရှိ၏။ ၂၄ ဖာရောရှင်ဘုရင်၏ သမီးတော်သည် ဒါဝိဒ်မြို့မှ ထွက်၍၊ သူ့အဘို့ ရှောလမုန် တည်ဆောက်သော နန်းတော်သို့ပြောင်းပြီးမှ၊ ရှောလမုန်သည် မိလ္လောမြို့ကို ပြုပြင်လေ၏။ ၂၅ ထာဝရဘုရားအဘို့ တည်သော ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တို့ကို တနှစ်တနှစ်လျှင် သုံးကြိမ်ပူဇော်၍၊ ထာဝရဘုရား ရှေ့တော်၌ ရှိသော ယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့သဖြင့် အိမ်တော်ကို လက်စသတ်လေ၏။
ရှောလမုန် သင်္ဘောဆောက်
၂၆ တဖန် ရှောလမုန် မင်းကြီးသည် ဧဒုံပြည်တွင်၊ ပင်လယ်နီ
(a) ကမ်းနား၌၊ ဧလုတ်မြို့နှင့် နီးစပ်သော ဧဇယုန်ဂါဗာမြို့မှာ သင်္ဘောတို့ကို တည်လုပ်၏။
၂၇ ပင်လယ်ကူးသောအမှုကို နားလည်သော မိမိကျွန်၊ သင်္ဘောသားတို့ကို ဟိရံမင်းသည် ထိုသင်္ဘောပေါ်မှာ ရှောလမုန်၏ လူတို့နှင့်အတူ စီးစေ၏။
၂၈ သူတို့သည် ဩဖိရမြို့သို့သွား၍ ရွှေအခွက်လေးရာ နှစ်ဆယ်ကို ရှောလမုန်မင်းကြီးထံသို့ ဆောင်ခဲ့ကြ၏။
_________________________
Footnotes
၂၆ (a) မြန်မာကျမ်းစာအုပ်၌ "ဧဒုံပင်လယ်" ဟုရေးထားသည်။ မူရင်းဟေဗြဲကျမ်း၌ ס֖וּף יַם־ ပင်လယ်နီ ဖြစ်သည်။