၃ ဓမ္မရာဇဝင်
အခန်းကြီး ၆
ရှောလမုန်က ဗိမာန်တော် စတင်တည်ဆောက်
၁ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သော သက္ကရာဇ် လေးရာရှစ်ဆယ်ပြည့် ရှောလမုန်မင်း နန်းစံလေးနှစ်၊ ဇိဖအမည်ရှိသော ဒုတိယလတွင် ထာဝရဘုရား၏ အိမ်တော်ကို တည်စပြုတော်မူ၏ [A]။ ၂ ထိုအိမ်တော် အလျားသည် အတောင်ခြောက်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်အတောင် သုံးဆယ်ရှိ၏။ ၃ အိမ်တော်ဦးသည်လည်း အိမ်တော်အနံနှင့်ညီ၍ အလျားအတောင်နှစ်ဆယ်၊ အနံဆယ်တောင်ရှိ၏။ ၄ အိမ်တော်လင်းစရာဖို့ ကျဉ်းသော ပြတင်းပေါက်တို့ကို လုပ်လေ၏။ ၅ အိမ်တော် ပြင်ထရံနှင့် ဗျာဒိတ် ဌာနတော် ပြင်ထရံပတ်လည်၌ အခန်းတို့ကိုလည်း လုပ်လေ၏။ ၆ အောက်အခန်းသည် အနံငါးတောင်၊ အလယ်အခန်း အနံခြောက်တောင်၊ အထက်အခန်းအနံ ခုနစ်တောင်ရှိ၏။ အကြောင်းမူကား၊ အခန်းတို့သည် အိမ်တော်ထရံ ကိုယ်ထဲသို့မဝင်၊ ထရံဆုတ်လျက် ဆုတ်လျက်တက်၏။ ၇ ထိုအိမ်တော်ကို တည်လုပ်သောအခါ၊ ထိုအရပ်သို့ မဆောင်ခဲ့မှီ ဆစ်ပြီးသော ကျောက်တို့ဖြင့်သာ တည်လုပ်သောကြောင့် သံတူ၊ ပုဆိန်၊ သံတန်ဆာနှင့်လုပ်သော အသံမမြည်ရ။ ၈ အောက်အခန်းထဲသို့ ဝင်သောတံခါးဝသည် အိမ်တော် လက်ျာဘက်မှာရှိ၏။ လိမ်သောလှေကားဖြင့် အလယ်အခန်းသို့၎င်း၊ အလယ်အခန်းမှ အထက်အခန်းသို့၎င်း၊ တက်ရ၏။ ၉ အိမ်တော်ကိုတည်ပြီးမှ ထုပ်များ၊ တိုင်များကို အာရဇ်ပျဉ်ပြားနှင့် ဖုံးအုပ်လေ၏။ ၁၀ ထရံအခန်းတို့သည်လည်း အမြင့်ငါးတောင်စီရှိ၏။ အာရဇ်ရက်မတို့သည် အိမ်တော်ကို မှီလျက်ရှိကြ၏။
ထာ၀ရဘုရားက စကားနားထောင်လျှင် မစွန့်ဟုဆို
၁၁ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ရှောလမုန်သို့ ရောက်လာသည်ကား၊ ၁၂ ယခုတည်ဆောက်သော အိမ်တော် အရာမှာ သင်သည် ငါသွန်သင်သော လမ်းသို့လိုက်လျက် ငါစီရင်ချက်အတိုင်း စီရင်၍ ငါပညတ်သမျှတို့ကို စောင့်ရှောက်လျှင် သင်၏အဘ ဒါဝိဒ်အား ငါဂတိထားသည်အတိုင်း သင်၌ငါပြုမည်။ ၁၃ ငါ၏လူ ဣသရေလ အမျိုးကို ငါမစွန့်၊ သူတို့အလယ်၌ နေမည်ဟု မိန့်တော်မူ၏။
၁၄ ထိုသို့ရှောလမုန်သည် အိမ်တော်ကို တည်၍ ပြီးလေ၏။ ၁၅ ကြမ်းမှသည် အမိုးတိုင်အောင် အတွင်းထရံကို အာရဇ်ပျဉ်ပြားနှင့် ဖုံးအုပ်၍၊ ကြမ်းကိုလည်း ဒုကြီးသော ထင်းရှူးပျဉ်ပြားဖြင့် ပြီးစေ၏။ ၁၆ အလွန်သန့်ရှင်းရာဌာန၊ ဗျာဒိတ်ဌာနတော် အဖို့ အလျားအနံ အတောင် နှစ်ဆယ်စီ ကျယ်သော အိမ်တော်တပိုင်းကို အခန်းကာ၍ ကြမ်းနှင့်ထရံကို အာရဇ်ပျဉ်ပြားဖြင့် ပြီးစေ၏။ ၁၇ ထိုအခန်းရှေ့မှာ တည်သော ဗိမာန်တော် အလျားသည် အတောင် လေးဆယ်ရှိ၏။ ၁၈ အိမ်တော်အတွင်း၌ အာရဇ်ပျဉ်ပြားတို့သည် ဘူးသီးအပြောက်၊ ပန်းပွင့်အပြောက်နှင့် ပြည့်စုံကြ၏။ ကျောက်မပေါ်စေခြင်းငှာ အာရဇ်သားနှင့် ဖုံးအုပ်လျက်သာ ရှိ၏။ ၁၉ ထိုသို့ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော် တင်ထားရန်၊ အိမ်တော်အတွင်း၌ ဗျာဒိတ်ဌာနတော်ကို ပြင်ဆင်လေ၏။ ၂၀ ဗျာဒိတ်ဌာနတော် အခန်းသည် အလျား အတောင်နှစ်ဆယ်၊ အနံ အတောင်နှစ်ဆယ်၊ အမြင့်အတောင် နှစ်ဆယ်ရှိ၏။ ထိုအခန်းကို၎င်း၊ အာရဇ်သစ်သားနှင့် လုပ်သော ယဇ်ပလ္လင်ကို၎င်း၊ ရွှေစင်နှင့် မွမ်းမံလေ၏။ ၂၁ ထိုသို့ အိမ်တော် အတွင်းကို ရွှေစင်နှင့် မွမ်းမံပြီးမှ ဗျာဒိတ်ဌာနတော်ရှေ့မှာ ရွှေကြိုးဖြင့် အကွယ်အကာကို ဆွဲထား၍ ရွှေနှင့် မွမ်းမံလေ၏။ ၂၂ အိမ်တော် တအိမ်လုံးကို၎င်း၊ ဗျာဒိတ် ဌာနတော်နားမှာရှိသော ယဇ်ပလ္လင်ကို၎င်း၊ ရွှေနှင့် အကုန်အစင် မွမ်းမံလေ၏။
ခေရုဗိမ် နှစ်ပါး
၂၃ ဗျာဒိတ်ဌာနတော်ထဲမှာ အမြင့် ဆယ်တောင်ရှိသော ခေရုဗိမ်နှစ်ပါးကို သံလွင်သားနှင့် လုပ်လေ၏။ ၂၄ ခေရုဗိမ်အတောင်တို့သည် တဘက်တချက် အလျား ငါးတောင်စီရှိ၍ အတောင်ဖျား တခုမှတခု တိုင်အောင် ဆယ်တောင်ရှိ၏။၂၅ အမြင့် ဆယ်တောင်ရှိသည် ဖြစ်၍ ခေရုဗိမ်နှစ်ပါးသည် အလုံးအရပ် ပမာဏတူ၏။ ၂၆ ထိုခေရုဗိမ်တို့ကို အတွင်းအိမ်တော်ထဲမှာ တင်ထားသဖြင့် ခေရုဗိမ် အတောင်တို့သည် ဖြန့်လျက် ၂၇ အတောင်ဖျား တဘက်တချက်၌ ထရံကိုမှီလျက် အလယ်မှာ အတောင်ဖျား တခုနှင့်တခု ထိလျက်ရှိကြ၏။ ၂၈ ခေရုဗိမ်တို့ကိုလည်း ရွှေနှင့် မွမ်းမံလေ၏။ ၂၉ အိမ်တော်ထရံ အတွင်းဘက်နှင့် ပြင်ဘက်၌ ထုသော ခေရုဗိမ်အရုပ်နှင့် အပွင့်ပွင့်သော စွန်ပလွံပင် အရုပ်များရှိကြ၏။ ၃၀ အိမ်တော်အတွင်း ကြမ်းနှင့် ပြင်ကြမ်းကိုလည်း ရွှေနှင့်မွမ်းမံလေ၏။
တံခါးရွက်
၃၁ ဗျာဒိတ်ဌာနတော်ဝင်ဝဖို့ သံလွင်သား တံခါးရွက်နှစ်ရွက်ကို လုပ်၍ တံခါးထုပ်နှင့် တံခါးတိုင်တို့သည် ထရံ ငါးစုတစုကို စားကြ၏။ ၃၂ သံလွင်သား တံခါးရွက်တို့၌ ခေရုဗိမ်အရုပ်၊ အပွင့်ပွင့်သော စွန်ပလွံပင် အရုပ်များကို ထုလုပ်၍ တံခါးရွက်နှင့် ခေရုဗိမ်အရုပ်၊ စွန်ပလွံပင် အရုပ်တို့ကို ရွှေနှင့် မွမ်းမံလေ၏။ ၃၃ ထိုအတူ အိမ်တော် ပြင်ထရံ လေးစုတစု ကျယ်သော ဝင်ဝဖို့ သံလွင် တံခါးတိုင်တို့ကို၎င်း၊ ၃၄ တံခါးရွက် တရွက်လျှင် ပတ္တာနှစ်ခုစီဖြင့် လည်တတ်သော ထင်းရှုးသား တံခါးရွက် နှစ်ရွက်တို့ကို၎င်း လုပ်လေ၏။ ၃၅ တံခါးရွက်၌ ခေရုဗိမ်အရုပ်နှင့် အပွင့်ပွင့်သော စွန်ပလွံပင် အရုပ်များကို ထုလုပ်၍ အပြောက်ကို ရွှေနှင့် မွမ်းမံလေ၏။ ၃၆ အတွင်းတန်တိုင်းကိုလည်း ဆပ်သော ကျောက်တန်းသုံးဆင့်၊ အာရဇ်သစ်သား တန်းတဆင့်နှင့် အထပ်ထပ် တည်လေ၏။ ၃၇ နန်းစံလေးနှစ်၊ ဇိဖလတွင် ထာဝရဘုရား၏ အိမ်တော်တိုက်မြစ်ကို ချကြ၍၊ ၃၈ နန်းစံဆယ့်တနှစ်၊ ဗုလအမည်ရှိသော အဋ္ဌမလတွင် အိမ်တော် အခန်းကြီး၊ အခန်းငယ်တို့နှင့် ဆိုင်သမျှတို့ကို လက်စသတ်၍၊ ခုနစ်နှစ်ပတ်လုံး အိမ်တော်ကို တည်ဆောက်သတည်း။