၃ ဓမ္မရာဇဝင်
အခန်းကြီး ၅
ရှောလမုန်က ဟိရံ ထံဗိမာန်တော်အတွက် သစ်တောင်း
၁ ရှောလမုန်ကို ခမည်းတော်အရာ၌ ဘိသိက်ပေးကြောင်းကို တုရုမင်းကြီး ဟိရံသည် ကြားလျှင် ဒါဝိဒ်နှင့်အစဉ် မိတ်ဆွေဖွဲ့သောသူ ဖြစ်၍ မိမိကျွန်တို့ကို စေလွှတ်လေ၏။ ၂ တဖန် ရှောလမုန်သည်လည်း ဟိရံထံသို့ စေလွှတ်လျက် ၃ ငါ့အဘ ဒါဝိဒ်သည် အရပ်ရပ်၌ စစ်တိုက်ရသောကြောင့် ထာဝရဘုရားသည် ရန်သူတို့ကို အဘခြေဖဝါးတော် အောက်သို့ နှိမ့်ချတော် မမူမှီတိုင်အောင် မိမိဘုရားသခင် ထာဝရဘုရား၏ နာမတော်အဖို့ အိမ်တော်ကို မတည်မဆောက်ရဟု မင်းကြီးသိ၏။ ၄ ယခုမူကား ငါ၏ ဘုရားသခင် ထာဝရဘုရားသည် အရပ်ရပ်၌ ငြိမ်ဝပ်မည်အကြောင်း စီရင်တော်မူသဖြင့် ရန်ဘက်ပြုသောသူ ဆီးတားသောသူ မရှိသည်ဖြစ်၍ ၅ ထာဝရဘုရားက ငါ့အဘ ဒါဝိဒ်အား သင့်ကိုယ်စား သင်၏ ရာဇပလ္လင်ပေါ်မှာ ငါတင်သော သင်၏သားသည် ငါ့နာမအဖို့ အိမ်ကို တည်ဆောက်ရမည်ဟု မိန့်တော်မူသည်အတိုင်း ငါ၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်မည်ဟု ငါအကြံရှိ၏။ ၆ မင်းကြီး၏ကျွန်တို့သည် ငါ့အဖို့ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်တို့ကို ခုတ်လှဲစေခြင်းငှာ စီရင်ပါ။ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့် ဝိုင်း၍ လုပ်ကိုင်ကြလိမ့်မည်။ မင်းကြီး စီရင်သည်အတိုင်း မင်းကြီး၏ ကျွန်တို့အား အခကို ပေးပါမည်။ ဇိဒုန်အမျိုးသားတို့သည် သစ်ခုတ်တတ်သကဲ့သို့ ငါတို့တွင် အဘယ်သူမျှ မခုတ်တတ်သည်ကို မင်းကြီးသိသည်ဟု မှာလိုက်လေ၏။
ဟိရံမင်းက ရှောလမုန်အတွက် သစ်သားပေး
၇ ရှောလမုန်မင်း၏ စကားကို ဟိရံမင်းသည် ကြားလျှင် အလွန်ဝမ်းမြောက်၍ ထိုလူမျိုးကြီးကို အစိုးရသောသားကို ဒါဝိဒ်အား ပေးတော်မူသော ထာဝရဘုရားသည် ယနေ့မင်္ဂလာ ရှိတော်မူစေသတည်းဟု ဆိုလျက် ၈ မင်းကြီး မှာလိုက်သော အမှုကို ငါဆင်ခြင်ပြီ။ အာရဇ်သစ်သား၊ ထင်းရှူးသစ်သား လိုသမျှကို ပေးပါမည်။ ၉ ငါ့ကျွန်တို့သည် လေဗနုန်တောင်မှ ပင်လယ်သို့ ချပြီးလျှင် ဖောင်လုပ်၍ မင်းကြီး စီရင်သော အရပ်သို့ ပင်လယ်လမ်းဖြင့် ဆောင်ခဲ့၍ ထိုအရပ်၌အပ်သဖြင့် မင်းကြီးခံယူရမည်။ မင်းကြီးသည်လည်း ငါ့၏နန်းတော်သား စားစရာရိက္ခာကို ပေး၍ ငါ့အလိုကိုလည်း ပြည့်စုံစေရမည်ဟု ရှောလမုန်ထံသို့ လူကိုစေလွှတ်၍ ပြန်ပြော၏။ ၁၀ ထိုသို့ ဟိရံသည် ရှောလမုန် အလိုရှိသမျှသော အာရဇ်သစ်သား၊ ထင်းရှူးသစ်သားကို ပေး၏။ ၁၁ ရှောလမုန်သည်လည်း ဟိရံ၏ နန်းတော်သားများ စားစရာဖို့ တနှစ်တနှစ်လျှင် ဂျုံဆန်ကောရနှစ်သောင်း၊ စစ်ပြီးသော ဆီကောရ နှစ်ဆယ်ကိုပေး၏။ ၁၂ ထာဝရဘုရားသည်လည်း ဂတိတော်ရှိသည်အတိုင်း ရှောလမုန်အား ပညာကို ပေးတော်မူ၏။ ဟိရံမင်းနှင့် ရှောလမုန် မင်းနှစ်ပါးတို့သည် စစ်တိုက်ခြင်းမရှိ။ မိဿဟာယဖွဲ့ကြ၏။
ဗိမာန်တော်အတွက် သစ်များ ကျောက်များပြင်ဆင်
၁၃ ရှောလမုန် မင်းကြီးသည်လည်း ဣသရေလ လူအပေါင်းတို့တွင် လူသုံးသောင်းတို့ကို ခွဲခန့်၍ ၁၄ အလှည့်အလှည့် တလလျှင် တသောင်းစီ၊ လေဗနုန်တောင်သို့ စေလွှတ်သဖြင့် ထိုလူတို့သည် လေဗနုန်တောင်ပေါ်မှာ တလ၊ ကိုယ်နေရာအရပ်၌ နှစ်လ နေရကြ၏။ ထိုလူတို့ကို အဒေါနိရံ အုပ်ရ၏။ ၁၅ ထမ်းရွက်သောသူ ခုနစ်သောင်း၊ တောင်ရိုးပေါ်မှာ သစ်ခုတ်သောသူ ရှစ်သောင်းတို့ကိုလည်း စေခိုင်းတော်မူ၍၊ ၁၆ အုပ်ချုပ်သော မင်းအရာရှိမှတပါး လုပ်ဆောင်သောသူတို့ကို စီရင်သောသူ သုံးထောင်သုံးရာရှိ၏။ ၁၇ ရှင်ဘုရင်၏ အမိန့်တော်အတိုင်း အိမ်တော် တိုက်မြစ်အဖို့ ကြီးသောကျောက်၊ အဘိုးထိုက်သောကျောက်၊ ဆစ်ပြီးသော ကျောက်တို့ကို ဆောင်ခဲ့ကြ၏။ ၁၈ ထိုသို့ ရှောလမုန်မင်း၏ လက်သမားတို့နှင့် ဟိရံမင်း၏ လက်သမားတို့သည်၊ ဂေဗာလ အမျိုးသားတို့နှင့်တကွ၊ အိမ်တော်ကို တည်ဆောက်စရာဖို့ သစ်သားများ၊ ကျောက်များတို့ကို ပြင်ဆင်ကြ၏။