၃ ဓမ္မရာဇဝင်
အခန်းကြီး ၄
ရှောလမုန်မင်းကြီး၏ အရာရှိများ
၁ ရှောလမုန်မင်းကြီးသည် ဣသရေလ နိုင်ငံလုံးကို စိုးစံလျက် နေတော်မူ၏။ ၂ မှူးတော်မတ်တော်ဟူမူကား၊ ယဇ်ပုရောဟိတ် ဇာဒုတ်သား အာဇရိ၊ ၃ ရှိရှသား ဧလိဟောရပ်နှင့် အဟိယတို့သည် စာရေးတော်ကြီးဖြစ်၏။ အဟိလုပ်သား ယောရှဖတ်သည် အတွင်းဝန်ဖြစ်၏။ ၄ ယောယဒသား ဗေနာယသည် ဗိုလ်ချုပ်မင်းဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာတို့သည် ယဇ်ပုရောဟိတ်ဖြစ်၏။ ၅ နာသန်သား အာဇာရိသည် ဝန်စာရေးအုပ်ဖြစ်၏။ နာသန်သား ဇာဗုဒ်သည် မင်းသားအရာနှင့် တိုင်ပင်မတ်ဖြစ်၏။ ၆ အဟိရှာသည် နန်းတော်အုပ်ဖြစ်၏။ အာဗဒသား အဒေါနိရံသည် အခွန်တော်ဝန်ဖြစ်၏။
အစားအသောက်ကို တာဝန်ယူသော ဝန်စာရေးများ
၇ ရှောလမုန်သည် ဣသရေလ နိုင်ငံအရပ်ရပ်၌ ခန့်ထားသော ဝန်စာရေး တကျိပ်နှစ်ယောက်တို့သည် တယောက် တလစီ ရှင်ဘုရင်နှင့် နန်းတော်သားတို့အဖို့ စားစရာကို ပြင်ဆင်ရကြ၏။ ၈ သူတို့အမည်ဟူမူကား ဧဖရိမ်တောင်ရပ်မှာ ဟုရ၏သား ၉ မာကတ်မြို့၊ ရှာလဗိမ်မြို့၊ ဗက်ရှေမက်မြို့၊ ဧလုမ္ဘေသနန်မြို့မှာ ဒေကာ၏သား၊ ၁၀ စောခေါမြို့၊ ဟေဖာပြည်လုံးနှင့်တကွ အရုဗုတ်မြို့မှာ ဟေသက်၏သား၊ ၁၁ ဒေါရပြည်လုံးကို စီရင်သောသူ ရှောလမုန်၏ သမီးတော် တာဖတ်နှင့်စုံဘက်သော အဘိနဒပ်၏သား၊ ၁၂ တာနက်မြို့၊ မေဂိဒ္ဒေါမြို့နှင့်တကွ ဗက်ရှန်မြို့မှ အာဗေလ မဟောလမြို့ တိုင်အောင်မက၊ ယုတ်နန်မြို့အလွန်၊ ယေဇရေလမြို့ အောက်ဇာတနမြို့နှင့် နီးစပ်သော ဗက်ရှန်မြို့နယ်လုံးကို စီရင်သော အဟိလုပ်၏သားဗာန၊ ၁၃ ဂိလဒ်ပြည်၌ မနာရှေ၏သား ယာဣရပိုင်သောမြို့များ၊ ဗာရှန်ပြည်၊ အာဂေါဘအရပ်၌ မြို့ရိုး၊ ကြေးဝါတံခါးကျင်နှင့် ပြည့်စုံသော မြို့ကြီး ခြောက်ဆယ်ကို စီရင်သော ဂိလဒ်ပြည်ရာမုတ်မြို့မှ ဂေဗာ၏သား၊ ၁၄ မဟာနိမ်မြို့မှာ ဣဒေါ၏သား အဟိနဒပ်၊ ၁၅ နဿလိခရိုင်ကို စီရင်သောသူ၊ ရှောလမုန်၏ သမီးတော် ဗာသမတ်နှင့် စုံဘက်သော အဟိမတ်၊ ၁၆ အာရှာခရိုင်နှင့် အာလုပ်မြို့မှာ ဟုရှဲ၏သား ဗာနာ၊ ၁၇ ဣသခါခရိုင်မှာ ပါရွာ၏သား ယောရှဖတ်၊ ၁၈ ဗင်္ယာမိန်ခရိုင်မှာ ဧလာ၏သား ရှိမိ၊ ၁၉ အာမောရိရှင်ဘုရင် ရှိဟုန်၏နိုင်ငံ၊ ဗာရှန်ရှင်ဘုရင် ဩဃ၏နိုင်ငံ၊ ဂိလဒ်ပြည်မှာ အခြားသော မင်းမရှိ။ တပါးတည်း စီရင်သော ဥရိ၏သား ဂေဗတည်း။
ရှောလမုန် လက်ထက်၌ ပျော်မွေ့လျက်နေကြ
၂၀ ထိုကာလ၌ ယုဒအမျိုးနှင့် ဣသရေလ အမျိုးသားတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာ သဲလုံးနှင့်အမျှ များပြား၍ စားသောက်ပျော် မွေ့လျက်နေကြ၏။ ၂၁ ရှောလမုန်သည်လည်း မြစ်ကြီးမှစ၍ ဖိလိတ္တိပြည်၊ အဲဂုတ္တုပြည် တိုင်အောင် တိုင်းနိုင်ငံလုံးကို အစိုးရသဖြင့်၊ အရပ်ရပ်သားတို့သည် လက်ဆောင် ပဏ္ဏာတို့ကို ဆက်၍၊ ရှောလမုန် လက်ထက် ကာလပတ်လုံး မင်းမှုကို ဆောင်ရွက်ရကြ၏။
နန်းတော်ရိက္ခာ
၂၂ တနေ့တနေ့လျှင် နန်းတော်၌ ကုန်သော ရိက္ခာဟူမူကား၊ ဂျုံမုန့်ညက် ကောရသုံးဆယ်၊ မုယောမုန့်ညက် ကောရခြောက်ဆယ်၊ ၂၃ ဆူဖြိုးအောင် ကျွေးသော နွားတဆယ်၊ ကျက်စားရာထဲက နွားနှစ်ဆယ်၊ ဆတ်သမင်ဒရယ် အမျိုးမျိုးကို မဆိုဘဲ သိုးတရာ၊ ဆူဖြိုးအောင် ကျွေးသော ငှက်မျိုးတည်း။
ရှောလမုန်လက်ထက် စစ်မှုမရှိ
၂၄ ရှောလမုန်သည် မြစ်ကြီးအနောက်ဘက်၊ တိဖသမြို့မှ အဇ္ဇာမြို့တိုင်အောင် ရှင်ဘုရင် အပေါင်းတို့ကို အစိုးရသဖြင့် ပတ်ဝန်းကျင် အရပ်တို့၌ စစ်မှုစစ်ရေးမရှိ။ ၂၅ လက်ထက်တော် ကာလပတ်လုံး၊ ယုဒအမျိုးနှင့် ဣသရေလ အမျိုးသားတို့သည် ဒန်မြို့မှစ၍ ဗေရရှေဘမြို့ တိုင်အောင် အသီးအသီး မိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်းပင် အောက်မှာ ငြိမ်ဝပ်စွာ နေရကြ၏။
ရှောလမုန်၏ မြင်းလားများ
၂၆ ရှောလမုန်သည်လည်း ရထားတော်များနှင့် ဆိုင်သော မြင်းတင်းကုပ် လေးထောင်၊ မြင်းစီးသူရဲ တသောင်း နှစ်ထောင်ရှိ၏။ ၂၇ ၀န်စာရေးတို့သည်လည်း၊ ရှောလမုန်မင်းကြီးနှင့် စားပွဲတော်သို့ ဝင်သောသူ အပေါင်းတို့အဖို့၊ တယောက် တလစီ စုံလင်စွာ ပြင်ဆင်ရကြ၏။ ၂၈ မုယောစပါးကို၎င်း၊ မြင်းတော်များ၊ လားတော်များဖို့ မြက်ခြောက်ကို၎င်း၊ အလှည့်သင့်သည်အတိုင်း နေရာအရပ်သို့ ဆောင်ခဲ့ရကြ၏။
ရှောလမုန်မင်း၏ပညာ
၂၉ ဘုရားသခင်သည် များစွာသော ဥာဏ်ပညာကို၎င်း၊ သမုဒ္ဒရာ သဲလုံးနှင့်အမျှ ကျယ်ဝန်းသော နှလုံးကို၎င်း၊ ပေးတော်မူသည် ဖြစ်၍၊ ၃၀ ပညာတော်သည် အရှေ့ပြည်သား ပညာနှင့် အဲဂုတ္တုပြည်သား ပညာကို လွန်ကဲ၏။ ၃၁ ရှောလမုန်သည် ဧဇရဟိတ်အမျိုးဧသန်၊ မဟောလသားဟေမန်၊ ခါလကောလ၊ ဒါရဒအစရှိသော လူအပေါင်းတို့ထက် သာ၍ ပညာရှိသဖြင့်၊ ခပ်သိမ်းသော တိုင်းနိုင်ငံအရပ်ရပ်၌ ကျော်စောလေ၏။ ၃၂ စီရင်တော်မူသော သုတ္တံစကား သုံးထောင်နှင့် သီချင်း တထောင်ငါးခုရှိ၏။၃၃ လေဗနုန် အာရဇ်ပင်မှစ၍၊ အုတ်ရိုးနားမှာ ပေါက်တတ်သော ဟုဿုပ်ပင်တိုင်အောင် မြွတ်ဆို၏။ သားမျိုး၊ ငှက်မျိုး၊ ပိုးကောင်မျိုး၊ ငါးမျိုးတို့၏ အကြောင်းကိုလည်း မြွက်ဆို၏။ ၃၄ ရှောလမုန်မင်း၏ ပညာသတင်းကို ကြားသော ရှင်ဘုရင် အမျိုးမျိုး စေလွှတ်သောသူတို့သည်၊ ပညာစကားတော်ကို နားထောင်ခြင်းငှာ လာကြ၏။