၃ ဓမ္မရာဇဝင်
အခန်းကြီး ၁၉
ယေဇဗေလ ရန်ကြောက်၍ ဧလိယပြေး
၁ ဧလိယပြုသောအမှုနှင့် ပရာဖက် အပေါင်းတို့ကို ဓါးနှင့် ကွပ်မျက်သော အမှုကို၊ အာဟပ်သည် ယေဇဗေလအား အကုန်အစင် ကြားပြော၏။ ၂ ယေဇဗေလက၊ နက်ဖြန်နေ့ ယခုအချိန်ရောက်မှ၊ သင့်အသက်သည် ထိုပရောဖက်တို့၏ အသက်ကဲ့သို့ ငါမဖြစ်စေလျှင်၊ ဘုရားတို့သည် ငါ၌ ထိုမျှမက ပြုပါစေသော်၊ ဟုတမန်ကို ဧလိယထံသို့ စေလွှတ်၍ ကြားလိုက်၏။ ၃ ထိုအခါ ဧလိယသည် ကြောက်သဖြင့်၊ ထ၍ အသက်လွတ်အောင် ယုဒခရိုင် ဗေရရှေဘမြို့သို့ သွား၏။ ထိုမြို့၌ ကျွန်ကိုထားခဲ့၍၊ ၄ သူကိုယ် တိုင်သည် တောသို့ တနေ့ခရီးသွားပြီးလျှင်၊ ရသမ်ပင်အောက်သို့ ရောက်၍ ထိုင်လေ၏။ ထိုအခါ ကိုယ်အသက်သေရမည် အကြောင်း ဆုတောင်းလျက်၊ အိုထာဝရဘုရား၊ ယခုတန်ပါ၏။ အကျွန်ုပ်အသက်ကို သိမ်းယူတော်မူပါ။ အကျွန်ုပ်သည် ဘိုးဘေးတို့ထက်သာ၍ မကောင်းပါ၊ ဟုမြည်တမ်းပြီးလျှင်၊
ဧလိယကို ကောင်းကင်တမန်က အစာကျွေး
၅ ရသမ်ပင်အောက်မှာ အိပ်ပျော်၏။ ထိုအခါ ကောင်းကင်တမန်က၊ ထ၍စားလော့၊ ဟုသူ့ကို တို့လျက်ဆို၏။ ၆ ဧလိယသည် မျှော်ကြည့်သောအခါ၊ မီးနှင့်ဖုတ်သော မုန့်ပြားနှင့် ခေါင်းရင်း၌ ရေဘူးရှိသည်ကို မြင်၍ စားသောက်ပြီးမှ တဖန် အိပ်ပျော်၏။ ၇ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဒုတိယအကြိမ် လာ၍ သူ့ကိုတို့လျက်၊ သွားမည့်လမ်ခရီးသည် အလွန်ဝေးသောကြောင့်၊ ထ၍ စားဦးလော့၊ ဟုဆိုသည်အတိုင်း၊ ၈ ဧလိယသည် ထ၍ စားသောက်ပြန်၏။ ထိုအစာအာဟာရကို အမှီပြုလျက်၊ အရက်လေးဆယ် ခရီးသွား၍ ဘုရားသခင်နှင့် ဆိုင်သော ဟောရပ်တောင်သို့ ရောက်သဖြင့်၊
ထာ၀ရဘုရားက ဧလိယကို နှုတ်ဆက်
၉ ဥမင်ထဲသို့ဝင်၍ နေ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာသည်ကား၊ ဧလိယ၊ သင်သည် ဤအရပ်၌ အဘယ် သို့ပြုလျက် နေသနည်း၊ ဟုမေးတော်မူ၏။ ၁၀ ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင် ဗိုလ်ခြေ အရှင်ဘုရားသခင် ထာဝရ ဘုရား ဘက်၌ အလွန် စိတ်အားကြီးပါပြီ။ အကြောင်းမူကား၊ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော်၏ ပဋိညာဉ်တရားကို စွန့်ပြီးလျှင်၊ ကိုယ်တော်၏ ယဇ်ပလ္လင်များကို ဖြိုဖျက်၍ ကိုယ်တော်၏ ပရောဖက်များကို ဓါးနှင့် သတ်ကြပါပြီ။ အကျွန်ုပ် တယောက်တည်း ကျန်ရစ်၍၊ အကျွန်ုပ် အသက်ကိုပင် သတ်ခြင်းငှါ ရှာကြပါသည်၊ ဟုလျှောက်လေ၏။ ၁၁ နှုတ်ကပတ်တော်ကလည်း ထွက်လော့။ ထာဝရဘုရား ရှေ့တောင်ပေါ်မှာ ရပ်နေလော့။ ထာဝရဘုရား လျှောက်သွားမည်၊ ဟုမိန့်တော်မူ၏။ ထိုအခါ အားကြီးသော လေပြင်းသည် ထောင်ထိပ်တို့ကို ခွဲ၍၊ ထာဝရဘုရား ရှေ့တော်၌ ကျောက်တို့ကို ချိုးဖဲ့၏။ သို့ရာတွင် ထာဝရဘုရားသည် လေ၌ ရှိတော်မမူ။ လေနောက်မှာ မြေလှုပ်ခြင်းရှိ၏။ သို့ရာတွင် ထာဝရဘုရားသည် မြေလှုပ်ခြင်း၌လည်း ရှိတော်မမူ။ ၁၂ မြေလှုပ်ခြင်းနောက်မှာ မီးရှို့၏။ သို့ရာတွင် ထာဝရဘုရားသည် မီး၌လည်း ရှိတော်မမူ၊ မီးနောက်မှာ ဖြည်းညှင်းသော အသံရှိ၏။ ၁၃ ထိုအသံကို ဧလိယသည် ကြားလျှင်၊ မျက်နှာကို ဝတ်လုံနှင့် ဖုံးအုပ်လျက် ထွက်၍ ဥမင်ဝ၌ ရပ်နေ၏။ ထိုအခါ ဧလိယ၊ သင်သည် ဤအရပ်၌ အဘယ်သို့ ပြုလျက်နေသနည်း၊ ဟုအသံလာ၏။
ဘုရားကဟဇေလ၊ ယေ၊ ဟုဧလိရှဲတို့ကိုဘိသိက်ခိုင်း
၁၄ ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်ကင်း ဗိုလ်ခြေ အရှင်ဘုရားသခင် ထာဝရဘုရားဘက်၌ အလွန် စိတ်အားကြီးပါပြီ။ အကြောင်မူကား၊ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော်၏ ပဋိညာဉ်တရားကို စွန့်ပြီးလျှင်၊ ကိုယ်တော်၏ ယဇ်ပလ္လင်များကို ဖြိုဖျက်၍၊ ကိုယ်တော်၏ ပရောဖက်များကို ဓါးနှင့် သတ်ကြပါပြီ။ အကျွန်ုပ် တယောက်တည်း ကျန်ရစ်၍၊ အကျွန်ုပ် အသက်ကိုပင် သတ်ခြင်းငှါ ရှာကြပါသည်၊ ဟုလျှောက်လေသော်၊ ၁၅ ထာဝရဘုရားက ဒမာသက်တောသို့ပြန်၍ ခရီးသွားလော့။ ရောက်သောအခါ ဟာဇေလကို ရှုရိရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။ ၁၆ နိမ်ရှိသား ယေဟုကို ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။ အာဗေလမဟောလမြို့နေ၊ ရှာဖတ်သား ဧလိရှဲကို သင့်ကိုယ်စား ပရောဖက်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။ ၁၇ သို့ဖြစ်၍ ဟာဇေလဓါးနှင့် လွတ်သောသူကို ယေဟုသတ်လိမ့်မည်။ ယေဟုဓါးနှင့် လွတ်သောသူကို ဧလိရှဲသတ်လိမ့်မည်။ ၁၈ သို့ရာတွင် ဗာလရှေ့၌ ဒူးထောက်ခြင်း၊ နမ်းခြင်းကို မပြုသောသူ အပေါင်းတည်းဟူသော၊ ဣသရေလ အမျိုးသား ခုနစ်ထောင်တို့ကို ငါ့အဘို့ ငါကျန်ကြွင်းစေပြီ၊ ဟုမိန့်တော်မူ၏။
ဧလိရှဲ ဧလိယလက်ထောက်ဖြစ်
၁၉ ထိုအရပ်မှ ဧလိယသည် သွားပြီးလျှင်၊ နွားငါးယှဉ်းနှင့် လယ်ထွန်လျက်၊ နောက်ဆုံးနွားယှဉ်း၌ ကိုယ်တိုင်လိုက်သော ရှာဖတ်သား ဧလိရှဲကိုတွေ့၍ အနား၌ ရှောက်စဉ်တွင်၊ မိမိဝတ်လုံကို သူ့အပေါ်မှာ တင်လေ၏။ ၂၀ ဧလိရှဲသည် နွားတို့ကိုပစ်ထား၍ ဧလိယနောက်သို့ လိုက်လျက်၊ အကျွန်ုပ်သည် မိဘကို နမ်းပါရစေ။ သို့ပြီးမှ ကိုယ်တော်နောက်သို့ လိုက်ပါမည်၊ ဟုအခွင့်တောင်းလျှင်၊ ဧလိယက ပြန်သွားလော့။ ငါသည် သင်၌ အဘယ်သို့ ပြုဘိသနည်း၊ ဟုဆိုသော်၊ ၂၁ ဧလိရှဲသည် ပြန်သွား၍ နွားတယှဉ်းကို သတ်ပြီးမှ၊ နွားသားကို လယ်ထွန်သော တန်ဆာနှင့်ပြုတ်၍ လူများတို့အား ကျွေးလေ၏။ သို့ပြီးမှထ၍ ဧလိယနောက်သို့ လိုက်လျက် လက်ထောက် ဖြစ်လေ၏။