၃ ဓမ္မရာဇဝင်
အခန်းကြီး ၁၄
ယေရောဗောင်သားနာ
၁ ထိုအခါ ယေရောဗောင်၏သား အဘိယသည် နာသောကြောင့်၊ ၂ ယေရောဗောင်သည် မိမိမယားကိုခေါ်၍၊ သင်သည် ယေရောဗောင်၏ မယားဖြစ်သည်ကို အဘယ်သူမျှ မသိစေခြင်းငှါ ခြားနားသော အဆင်းအရောင်ကို ဆောင်ပြီးလျှင်၊ ရှိလောသို့ ထသွားပါလော့။ ငါသည် ဤလူမျိုးကို စိုးစံရမည် အကြောင်းကိုပြသော ပရောဖက် အဟိယသည် ထိုမြို့၌ရှိ၏။ ၃ မုန့်ဆယ်လုံး၊ မုန့်ပြားအချို့၊ ပျားရည်ဘူးကို ဆောင်လျက် ပရောဖက်ထံသို့ သွားပါလော့။ သူငယ်၌ အဘယ်သို့ဖြစ်မည်ကို သူဟောလိမ့်မည်၊ ဟုမှာထားသည်အတိုင်း၊ ၄ ယေရောဗောင် မယားသည်ထ၍ ရှိလော၌ အဟိယအိမ်သို့ သွားလေ၏။ ထိုအခါ အဟိယသည် အသက်ကြီးသောကြောင့် မျက်စိမမြင်၊ မှုန်လျက်ရှိ၏။ ၅ ထာဝရဘုရားကလည်း၊ ယေရောဗောင် မယားသည် သနားသောကြောင့်၊ သားအတွက် တစုံတခုကို တောင်းအံ့သောငှါ သင့်ဆီသို့ယခုလာ၏။ ဤမည်သောစကားဖြင့် ပြန်ပြောရမည်။ သူသည် လာသောအခါ အခြားသော မိန်းမ ဖြစ်ယောင်ဆောင်လိမ့်မည်၊ ဟုအဟိယအား မိန့်တော်မူ၏။
ယေရောဗောင်မယားအဟိယထံသွား
၆ ထိုမိန်းမသည် တံခါးအထဲသို့ဝင်၍၊ နင်းသံကို အဟိယသည် ကြားလျှင်၊ အိုယေရောဗောင်မယားဝင်လော့။ အဘယ့်ကြောင့် အခြားသောသူ၏ အယောင်ကို ဆောင်သနည်း။ ဝမ်းနည်းစရာ သိတင်းကို ကြားပြောစေခြင်းငှါ သင့်ဆီသို့ ငါ့ကိုစေလွှတ်တော်မူ၏။
၇ သင်သည် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမိန့်တော်ကို၊ ယေရောဗောင် ထံသို့သွား၍ ဆင့်ဆိုရမည်မှာ၊ သင့်ကိုလူစုထဲက ငါရွေး၍ ငါ၏လူ ဣသရေလ အမျိုးကို အုပ်စိုးစေခြင်းငှါ ချီးမြှောက်လျက်၊ ၈ နိုင်ငံတော်ကို ဒါဝိဒ်မင်းမျိုးလက်မှနှုတ်၍ သင့်အား ပေးသော်လည်း၊ သင်သည် ငါ့ကျွန်ဒါဝိဒ် ကဲ့သို့မဟုတ်။ သူသည် ငါ့ပညတ်တို့ကို စောင့်ရှောက်၏။ ငါ့ရှေ့မှာ ကောင်းသော အကျင့်ကိုသာ ကျင့်မည်၊ ဟုစိတ်နှလုံး အကြွင်းမဲ့ ငါ့ကိုဆည်းကပ်၏။ ၉ သင်မူကား သင့်ရှေ့မှာ ဖြစ်ဘူးသော သူအပေါင်းတို့ကိုလွန်၍ ဒုစရိုက်ကို ပြုလေပြီ။ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ အခြားတပါးသော ဘုရားနှင့် သွန်းသောရုပ်တုတို့ကိုလုပ်၍ ငါ့ကို သင့်ကျောနောက်သို့ ပစ်ထားပြီ။ ၁၀ ထိုကြောင့် ယေရောဗောင်အမျိုး အပေါ်သို့ ဘေးဥပါဒ်ရောက်စေမည်။ ဣသရေလ မြို့ရွာ၌ အချုပ်ခံသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ ယေရောဗောင် အမျိုး ယောကျ်ားများကို ပယ်ဖြတ်မည်။ လူသည် နောက်ချေးကို အကုန်အစင် ကျုံးသွားသကဲ့သို့၊ ကျန်ကြွင်းသော ယေရောဗောင် အမျိုးကို ပယ်သွားမည်။ ၁၁ ယေရောဗောင် အမျိုးသားသည် မြို့ထဲမှာသေလျှင် အသေကောင်ကို ခွေးစားလိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုးကောင်းကင် ငှက်စားလိမ့်မည် အကြောင်း ထာဝရဘုရားမိန့်တော်မူပြီ။
ယေရောဗောင်သားသေ
၁၂ သင်ထ၍ ကိုယ်အိမ်သို့သွားလော့။ မြို့တံခါး အထဲသို့ ဝင်သောအခါ သူငယ်သေလိမ့်မည်။ ၁၃ ဣသရေလ အမျိုးသား အပေါင်းတို့သည် ငိုကြွေး မြည်တမ်းခြင်းကိုပြု၍ သင်္ဂြိုလ်ကြလိမ့်မည်။ ယေရောဗောင် အမျိုးသားစုတွင်၊ ထိုသူငယ် တယောက်တည်းသာ သင်္ဂြိုလ်ခြင်းကို ခံရလိမ့်မည်။ အကြောင်းမူကား၊ ယေရောဗောင် အမျိုးသားစုတွင် ထိုသူငယ် တယောက်သည် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၌ ကြည်ညိုသောစိတ်ရှိ၏။ ၁၄ အချိန်ရောက်မှ ယေရောဗောင်အမျိုးကို ပယ်ဖြတ်လတံ့သော ဣသရေလရှင် ဘုရင်တပါးကို ထာဝရဘုရားသည် မိမိအဘို့ ပေါ်ထွန်းစေတော်မူမည်။ အဘယ်အချိန်နည်း၊ ဟုမေးသော်၊ ယခုပင် ဖြစ်လိမ့်မည်။ ၁၅ အာရှရပင်တို့ကို ပြုစု၍ ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်ကြသောကြောင့်၊ ကျူပင်ကိုရေ၌ လှုပ်ရှားသကဲ့သို့ ထာဝရဘုရားသည် ဣသရေလ အမျိုးကို ဒဏ်ခတ်၍၊ ဘိုးဘေးတို့အား ပေးတော်မူသော ဤပြည်ကောင်းမှ နှုတ်ပယ်ပြီးလျှင်၊ မြစ်ကြီးတဘက်၌ အရပ်ရပ်သို့ ကွဲပြားစေတော်မူမည်။ ၁၆ ကိုယ်တိုင်ပြစ်မှား၍ ဣသရေလ အမျိုးကိုလည်း ပြစ်မှားစေသော ယေရောဗောင်၏ အပြစ်တို့ကြောင့် ဣသရေလ အမျိုးကို စွန့်ပစ်တော်မူမည်၊ ဟုဆင့်ဆိုလေ၏။ ၁၇ ယေရောဗောင် မယားသည် ထသွား၍၊ တိရဇမြို့တံခါးသို့ ရောက်သောအခါ သူငယ်သေ၏။ ၁၈ ထာဝရဘုရားသည် မိမိကျွန် ပရောက်ဖက် အဟိယအားဖြင့် မိန့်တော်မူသည့်အတိုင်း၊ ထိုသူငယ်ကို သင်္ဂြိုလ်၍ ဣသရေလ အမျိုးသား အပေါင်းတို့သည် ငိုကြွး မြည်တမ်းခြင်းကို ပြုကြ၏။
ယေရောဗောင်သေ
၁၉ ယေရောဗောင် ပြုမူသောအမူ အရာကြွင်းသမျှ၊ စစ်တိုက်ခြင်းအမှု၊ မင်းပြုခြင်းအမှုတို့သည် ဣသရေလရာ ဇဝင်၌ ရေးထားလျက်ရှိ၏။ ၂၀ ယေရောဗောင်သည် အနှစ်နှစ်ဆယ်နှစ်နှစ် စိုစံပြီးမှ ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော် နာဒဒ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ရောဗောင်နန်းစံ၊ ရုပ်တုကိုးကွယ်ကြ
၂၁ ရှောလမုန်သား ရောဗောင်သည် ယုဒပြည်ကို စိုးစံလေ၏။ နန်းထိုင်သောအခါ အသက်လေးဆယ်တနှစ်ရှိ၏။ ထာဝရဘုရားသည် နာမတော်တည် စေရာဘို့ ဣသရေလ ခရိုင်များတို့အထဲက ရွေးကောက်သော ယေရုရှလင်မြို့၌ ဆယ်ခုနစ်နှစ် စိုးစံလေ၏။ မယ်တော်ကား အမ္မုန်အမျိုးသား၊ နေမအမည်ရှိ၏။ ၂၂ ယုဒအမျိုးသားတို့သည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဘိုးဘေးတို့ ပြစ်မှားသမျှထက် ပြစ်မှားသော အပြစ်များအားဖြင့် အမျက်တော်ကို နှိုးဆော်ကြ၏။၂၃ မြင့်သော တောင်ရှိသမျှတို့ အပေါ်၌၎င်း၊ စိမ်းသော သစ်ပင်ရှိသမျှ တို့အောက်၌၎င်း၊ ကုန်းများ၊ ရုပ်တု များ၊ အာရှရပင်များကို တည်ကြ၏။၂၄ ယုဒပြည်၌ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာများရှိ၍၊ ထာဝရဘုရားသည် ဣသရေလ အမျိုးရှေ့မှ နှင်ထုတ်တော်မူသော ပြည်သားမျိုးပြုသော စက်ဆုပ်ရွံရှာဘွယ်ရာ အမှုအလုံးစုံတို့ကို ပြုကြသည်တကား။
အဲဂုတ္တုဘုရင်က စစ်ချီ၍ရွှေများသိမ်း
၂၅ ရောဗောင် မင်းကြီးနန်းစံငါးနှစ်တွင်၊ အဲဂုတ္တုရှင် ဘုရင်ရှိရှက်သည် ယေရုရှလင်မြို့သို့ စစ်ချီ၍၊၂၆ ဗိမာန်တော် ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်းသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကိုလည်း ယူသွား၏။ ၂၇ ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား ကြေးဝါဒိုင်းတို့ကိုလုပ်၍ နန်းတော်တံခါးစောင့် ကိုယ်ရံတော်မှူး၌ အပ်လေ၏။၂၈ ရှင်ဘုရင်သည် ဗိမာန်တော်သို့ သွားသောအခါ၊ ကိုယ်ရံတော် သားတို့သည် ဒိုင်းတို့ကိုထား၍ နောက်တဖန် မိမိတို့စောင့်ရာ အခန်းမှာ ပြန်ထားကြ၏။
ရောဗောင်သေ၊ သားအဘိယနန်းတက်
၂၉ ရောဗောင်ပြုမူသော အမှုအရာ ကြွင်းသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။၃၀ ရောဗောင်နှင့် ယေရောဗောင်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။၃၁ ရောဗောင်သည်လည်း ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဒါဝိဒ်မြို့၌သူတို့နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော် အဘိယသည် ခမည်းတော်အရာ၌ နန်းထိုင်၏။