၃ ဓမ္မရာဇဝင်
အခန်းကြီး ၁၁
ရှောလမုန်မင်းသည် တပါးအမျိုးသမီးများယူ၍ ဘုရားကိုစွန့်
၁ ရှောလမုန် မင်းကြီးသည် ဖာရောဘုရင်၏ သမီးမှတပါး၊ ဣသရေလ အမျိုးသား မဟုတ်သော မောဘအမျိုး၊ အမ္မုန်အမျိုး၊ ဧဒုံအမျိုး၊ ဇိဒုန်အမျိုး၊ ဟိတ္တိအမျိုး သားမိန်းမအများတို့ကို ချစ်တတ်၏။ [A] ၂ ထာဝဘုရားက၊ သင်တို့သည် တပါးအမျိုးသားတို့နှင့် စုံဘက်ခြင်းကို မပြုရ။ [B] အကယ်စင်စစ် သူတို့သည် မိမိတို့ ဘုရားများနောက်သို့ သင်တို့၏စိတ်နှလုံးကို လွှဲစေကြလိမ့်မည်၊ ဟုဣသရေလ အမျိုးသားတို့အား မိန့်တော်မူသော်လည်း၊ ရှောလမုန်သည် တပါးအမျိုးသား မိန်းမတို့ကို တပ်မက်သော စိတ်ရှိ၏။ [C] ၃ မင်းသမီးဖြစ်သော ခင်ပွန်းခုနစ်ရာ၊ မောင်းမမိဿံ သုံးရာရှိ၍၊ သူတို့သည် စိတ်နှလုံးတော်ကို လွှဲစေကြ၏။ ၄ ရှောလမုန်သည် အသက်ကြီးသောအခါ၊ မိန်းမများတို့သည် စိတ်နှလုံးတော်ကို အခြားတပါးသော ဘုရားနောက်သို့ လွှဲစေသဖြင့်၊ ခမည်းတော်ဒါဝိဒ်၏ စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စုံလင်ခြင်းမရှိ။ ၅ ဇိဒုန်နတ်သမီး အာရှတရက်၊ ရွံရှာဘွယ်သော အမ္မုန်ဘုရား မိလကုံနောက်သို့ လိုက်၍၊ ၆ ခမည်းတော် ဒါဝိဒ်ကဲ့သို့ ထာဝရဘုရား၌ လုံးလုံးမဆည်းကပ်၊ ရှေ့တော်၌ ဒုစရိုက်ကိုပြုလေ၏။ ၇ ထိုအခါ ရှောလမုန်သည် ရွံရှာဘွယ်သော မောဘဘုရား ခေမုရှနှင့် ရွံရှာဘွယ်သော အမ္မုန်ဘုရား မောလုတ်အဘို့၊ ယေရုရှလင်မြို့ ရှေ့၌ရှိသော တောင်ပေါ်တွင် ကုန်းတို့ကို တည်လေ၏။ ၈ မိမိတို့ဘုရားအား နံ့သာပေါင်းကို မီးရှို့၍၊ ယဇ်ပူဇော်သော တပါးအမျိုးသား ခင်ပွန်းအပေါင်းတို့အဘို့ထို သို့ပြု၏။
ရှောလမုန် အပြစ်ကြောင်းနိုင်ငံနှစ်ခြမ်းခွဲမည်
၉ အခြားတပါးသော ဘုရားနောက်သို့ မလိုက်ရမည်အကြောင်း ပညတ်တော်မူသောဘုရား၊ နှစ်ကြိမ် ထင်ရှားတော်မူသော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားထံတော်မှ၊ ၁၀ ရှောလမုန်သည် စိတ်နှလုံးလွှဲသွား၍၊ မှာထားတော်မူသော စကားကို နားမထောင်သောကြောင့်၊ ထာဝရဘုရား အမျက်ထွက်တော်မူလျက်၊ ၁၁ သင်သည် ဤသို့ပြု၍ ငါဖွဲ့သော ပဋိညာဉ်နှင့် ငါမှာထားသော တရားကို မစောင့်ဘဲနေသောကြောင့်၊ နိုင်ငံတော်ကို သင့်လက်မှ ငါဆက်ဆက်နှုတ်၍ သင့်ကျွန်အား ပေးမည်။ ၁၂ သို့ရာတွင် သင့်အဘ ဒါဝိဒ်၏ မျက်နှာကိုထောက်၍၊ သင့်လက်ထက်၌ ငါသည်းခံဦးမည်။ သင်၏သားလက်မှ နိုင်ငံတော်ကို နှုတ်မည်။ ၁၃ သို့သော်လည်း တနိုင်ငံလုံးကိုမနှုတ်။ ငါ့ကျွန် ဒါဝိဒ်နှင့် ငါရွေးကောက်သော ယေရုရှလင်မြို့ကို ထောက်၍ သင့်သားအား ခရိုင်တခရိုင်ကို ငါပေးမည်၊ ဟုရှောလမုန်အား မိန့်တော်မူ၏။
ရှောလမုန်ကိုရ န်ဘက်ပြုသူ ဟာဒဒ်ပေါ်လာ
၁၄ ထိုနောက် ထာဝရဘုရားသည် ရှောလမုန်၌ ရန်ဘက်ပြုသောသူ ဧဒုံအမျိုးသား ဟာဒဒ်ကို နှိုးဆော်တော်မူ၏။ ထိုသူသည် ဧဒုံရှင်ဘုရင်အမျိုးဖြစ်၏။ ၁၅ အထက်က ဒါဝိဒ်သည် ဧဒုံပြည်၌ ရှိ၍၊ ၁၆ ဗိုလ်ချုပ်ယွာဘသည် ဧဒုံအမျိုးသား ယောကျ်ား အပေါင်းတို့ကို ပယ်ဖြတ်မည်၊ ဟုဣသရေလ လူအပေါင်းတို့နှင့် ဧဒုံပြည်၌ ခြောက်လနေပြီးမှ၊ အသေကောင်များကို မြေ၌ မြှုပ်စေခြင်းငှါ သွားစဉ်အခါ၊ ၁၇ ဟာဒဒ်သည် အသက်ငယ်လျက်ပင် အဘ၏ကျွန် ဧဒုံအမျိုးသား အချို့တို့နှင့်အတူ အဲဂုတ္တုပြည်သို့ ရောက်အောင်ပြေး၏။ ၁၈ မိဒျန်ပြည်မှထွက်၍ ပါရန်ပြည်သို့ ရောက်လေ၏။ တဖန် ပါရန်ပြည်သား အချို့တို့ကိုခေါ်၍ အဲဂုတ္တုပြည်၊ အဲဂုတ္တု ဖာရောဘုရင်ထံသို့ ရောက်လေသော်၊ ထိုမင်းသည် အိမ်နှင့်မြေကိုပေး၍ ကျွေးမွေးလေ၏။ ၁၉ ဖာရောဘုရင်သည် ဟာဒဒ်ကို အလွန်ချစ်၍ မိမိခင်ပွန်းမိဖုရား တာပနက်၏ ညီမကိုပေးစား၏။ ၂၀ တာပနက်၏ညီမသည် သားဂေနုဗက်ကို ဖွားမြင်၍၊ တာပနက်သည် နန်းတော်၌ နို့ခွာသဖြင့်၊ ဂေနုဗက်သည် နန်းတော်၌ ဖာရောဘုရင်၏ သားများနှင့် အတူနေ၏။ ၂၁ ဒါဝိဒ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်ကြောင်းနှင့် ဗိုလ်ချုပ်မင်းယွာဘ သေကြောင်းကို ဟာဒဒ်သည် အဲဂုတ္တုပြည်၌ ကြားသောအခါ၊ အကျွန်ုပ်သည် ကိုယ့်ပြည်သို့ ပြန်သွားရသောအခွင့်ကို ပေးတော်မူပါ၊ ဟုဖာရောဘုရင်အား တောင်းပန်လေ၏။ ၂၂ ဖာရောဘုရင်က၊ သင်သည် ကိုယ်ပြည်သို့ ပြန်ချင်သောစိတ် ရှိမည်အကြောင်း၊ ငါ့ထံမှာ အဘယ်အရာ လိုသေးသနည်း၊ ဟုမေးသော်၊ အဘယ်အရာမျှ မလိုပါ။ သို့သော်လည်း သွားရသောအခွင့်ကို ပေးတော်မူပါ၊ ဟုလျှောက်ပြန်လေ၏။
ရှောလမုန် ရန်ဖက်ပြုသူ ရေဇုန်ပေါ်
၂၃ ရှောလမုန်၌ တခြား ရန်ဘက်ပြုသောသူ၊ ဧလျာဒသား ရေဇုန်ကို ဘုရားသခင် နှိုးဆော်တော်မူ၏။ ထိုသူသည် မိမိသခင် ဇောဘမင်းကြီး ဟာဒဒေဇာထံမှ ပြေး၍၊ ၂၄ ဒါဝိဒ်မင်းက ဇော်ဘမင်းကြီးကို လုပ်ကြံသောအခါ၊ လုယူတတ်သော သူများကို စုဝေးစေသဖြင့်၊ ဗိုလ်ချုပ်လုပ်လေ၏။ တဖန် ဒမာသက်မြို့ သို့သွား၍ မင်းပြုလျက်နေ၏။ ၂၅ ဟာဒဒ်နှောင့်ရှက်သောအမှုမှ တပါးထိုသူသည် ရှောလမုန် လက်ထက် ကာလပတ်လုံး ဣသရေလ အမျိုးကို ရန်ဘက်ပြု၏။ ရှုရိပြည်ကို အစိုးရ၍ ဣသရေလ အမျိုးကို စက်ဆုပ်ရွံရှာ၏။
ရှောလမုန် ပုန်ကန်သူ ယေရောဗောင်
၂၆ ထိုမှတပါး ရှောလမုန်၏ ကျွန်တယောက်၊ ဧဖရိမ်အမျိုး၊ ဇေရဒရွာသား၊ နေဗက်၏သား ယေရောဗောင်သည်လည်း ရှင်ဘုရင်ကို ပုန်ကန်၏။ သူ၏အမိကား၊ ဇေရွာအမည်ရှိသော မုဆိုးမတည်း။ ၂၇ ရှင်ဘုရင်ကို ပုန်ကန်သော အကြောင်းဟူမူကား၊ ရှောလမုန်သည် မိလ္လောမြို့ကို တည်၍၊ ခမည်းတော် ဒါဝိဒ်၏ မြို့ရိုးပျက်ကို ပြုပြင်သောအခါ၊ ၂၈ ယေရောဗောင်သည် ခွန်အားကြီးသော သူရဲဖြစ်၏။ ကြိုးစား အားထုတ်တတ်သော လုလင်ဖြစ်ကြောင်းကို ရှောလမုန်သည် မြင်လျှင်၊ ယောသပ်အမျိုး ဆောင်ရွက်ရသော အမှုရှိသမျှကို အုပ်စေခြင်းငှါ ခန့်ထားတော်မူ၏။
ယေရောဗောင်သည် ဘုရင်ဖြစ်မည်ဟော
၂၉ တရံရောအခါ ယေရောဗောင်သည် ယေရုရှလင် မြို့ပြင်သို့ ထွက်သွားသည်ရှိသော်၊ ရှိလောသား အဟိယသည် ဝတ်လုံသစ်နှင့် ကိုယ်ကိုခြုံလျက်၊ ယေရောဗောင်ကို ကြိုဆို၍ လယ်ပြင်၌ ထိုသူနှစ်ယောက်တည်း ရှိစဉ်အခါ၊ ၃၀ အဟိယသည် မိမိဝတ်သော ဝတ်လုံသစ်ကိုကိုင်၍ ဆယ်နှစ်ပိုင်း ဆုတ်ဖြတ်ပြီးလျှင်၊ ၃၁ ယေရောဗောင်အား၊ ဤဆယ်ပိုင်းကိုယူလော့။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ နိုင်ငံတော်ကို ရှောလမုန်လက်မှ ငါနှုတ်၍ ခရိုင်ဆယ်ခရိုင်ကို သင့်အားပေးမည်။ ၃၂ ငါ့ကျွန် ဒါဝိဒ်အတွက် ဣသရေလ ခရိုင်များတို့တွင်၊ ငါရွေးကောက်သော ယေရုရှလင် မြို့အတွက် ရှောလမုန်သည် တခရိုင်ကိုယူရ၏။ ၃၃ ဆယ်ခရိုင်ကို နှုတ်ရသော အကြောင်းဟူမူကား၊ ငါ့ကိုစွန့်၍ ဇိဒုန်နတ် သမီးအာရှတရက်၊ မောဘဘုရားခေမုရှ၊ အမ္မုန်ဘုရားမိလကုံတို့ကို ကိုးကွယ်သဖြင့်၊ အဘ ဒါဝိဒ်ကဲ့သို့ ငါ့ရှေ့၌ မှန်သောတရား၊ ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါ ငါ့လမ်းတို့သို့ မလိုက်။ ၃၄ သို့ရာတွင် နိုင်ငံတော်ကို သူ၏လက်မှ ငါမနှုတ်သေး။ ငါရွေးကောက်၍ ငါ့ပညတ်တရားတို့ကို စောင့်ရှောက်သောငါ့ကျွန်ဒါဝိဒ်အတွက်၊ သားရှောလမုန်သည် တသက်လုံး စိုးစံစေခြင်းငှါ ငါအခွင့်ပေး၏။ ၃၅ ရှောလမုန် ၏သားလက်မှ နိုင်ငံတော်ကိုနှုတ်၍ ဆယ်ခရိုင်ကို သင့်အားငါပေးမည်။ ၃၆ ငါ့နာမတည်ရာဘို့ ငါရွေးကောက်သော ယေရုရှလင်မြို့တွင်၊ ငါ့ရှေ့မှာ ငါ့ကျွန်ဒါဝိဒ်၏ မီးခွက်သည် အစဉ်ထွန်းလင်းလျက် ရှိစေခြင်းငှါ၊ ရှောလမုန်သားအား တခရိုင်ကိုငါပေး၏။ ၃၇ သင့်ကိုငါရွေးယူ၍၊ သင်သည် ကိုယ်အလိုဆန္ဒ ပြည့်စုံစေခြင်းငှါ၊ စိုးစံလျက် ဣသရေလ အမျိုးတွင် မင်းပြုရ၏။ ၃၈ သင်သည် ငါမှာထားသမျှကို နားထောင်၍၊ ငါ့ကျွန် ဒါဝိဒ်ပြုသကဲ့သို့ ငါ၏လမ်းတို့သို့ လိုက်လျက်၊ ငါရှေ့၌ မှန်သောတရား၊ ငါစီရင်ချက် ပညတ်များကို စောင့်ရှောက်လျှင်၊ သင်နှင့်အတူ ငါရှိ၍ ဒါဝိဒ်အဘို့ မြဲမြံသော အိမ်ကို ဆောက်သည်နည်းတူ၊ သင့်အဘို့ဆောက်၍ ဣသရေလ နိုင်ငံကိုငါပေးမည်။ ၃၉ ဤအကြောင်းကြောင့် ဒါဝိဒ်မင်းမျိုးကို ငါနှောင့်ယှက်မည်။ သို့ရာတွင် အစဉ် နှောင့်ရှက်မည်မဟုတ်၊ ဟုမိန့်တော်မူကြောင်းကို ဆင့်ဆို၏။
ရှောလမုန်သေ၍ သားတော် ရောဗောင်နန်းထိုင်
၄၀ ရှောလမုန်သည် ယေရောဗောင်ကို သတ်မည်၊ ဟုအားထုတ်သည်ရှိသော်၊ ယေရောဗောင်သည် ထ၍ အဲဂုတ္တုပြည်၊ အဲဂုတ္တု ရှင်ဘုရင် ရှိရှက်ထံသို့ ပြေးသဖြင့်၊ ရှောလမုန်သေသည် တိုင်အာင် အဲဂုတ္တုပြည်၌ နေလေ၏။ ၄၁ ရှောလမုန် ပြုမူသော အမှုအရာ ကြွင်းလေသမျှနှင့်၊ သူ၏ ပညာစကားသည် ရှောလမုန်ဝတ္တု၌ ရေးထားလျက်ရှိ၏။ ၄၂ ရှောလမုန်သည် ယေရုရှလင်မြို့၌ နေ၍ ဣသရေလ နိုင်ငံလုံးကို အနှစ်လေးဆယ်စိုးစံပြီးမှ၊ ၄၃ ဘိုးဘေးတို့နှင့် အိပ်ပျော်၍ ခမည်းတော် ဒါဝဒ်မြို့၌ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ သားတော် ရောဗောင်သည် ခမည်းတော် အရာ၌နန်းထိုင်၏။