၃ ဓမ္မရာဇဝင်
အခန်းကြီး ၁၀
ရှေဘပြည်မိဖုရားက ရှောလကိုမုန်ချီးမွမ်း
၁ ရှေဘပြည်ကိုအစိုးရသော မိဖုရားသည် ရှောလမုန်၏ ဂုဏ်အသရေနှင့် ထာဝရဘုရား၏ နာမတော် သိတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿနာအားဖြင့် သူ့ကို စုံစမ်းခြင်းငှါလာ၏။ ၂ နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဘိုးထိုက်သော ကျောက်တို့ကို ဆောင်သော ကုလားအုပ်များ၊ လိုက်သောသူများနှင့်တကွ ယေရုရှလင်မြို့သို့ ရောက်၍၊ ရှောလမုန် မင်းကြီးထံတော်သို့ ဝင်သောအခါ၊ မိမိ အလိုဆန္ဒရှိသမျှကို ဆွေးနွေး မေးမြန်းလေ၏။ ၃ သူမေးမြန်းသော ပြဿနာရှိသမျှတို့ကို ရှောလမုန် မင်းကြီးသည် ဖြေလေ၏။ နားမလည်၍ မဖြေနိုင်သော အရာတစုံတခုမျှမရှိ။ ၄ ရှေဘမိဖုရားသည် ရှောလမုန်၏ ပညာအလုံးစုံကို၎င်း၊ တည်ဆောက်သော အိမ်တော်ကို၎င်း၊ ၅ စားပွဲတော်တန်ဆာကို၎င်း၊ အမှုတော် စောင့်တို့ နေရာထိုင်ရာကို၎င်း၊ လုလင်တို့ ခစားသည့် အခြင်းအရာကို၎င်း၊ သူတို့ဝတ်သော အဝတ်တန်ဆာကို၎င်း၊ ဝန်စာရေးများကို၎င်း၊ ထာဝရဘုရား၏ အိမ်တော်၌ မီးရှို့ရာ ယဇ်ပူဇော်ခြင်းကို၎င်း၊ မြင်သောအခါ မိန်းမော တွေဝေလျက်ရှိ၍၊ ၆ ကိုယ်တော်၏ အခြင်းအရာနှင့် ကိုယ်တော်၏ ပညာကို အကျွန်ုပ်သည် ကိုယ်ပြည်၌ ကြားရသော သိတင်းစကား မှန်ပါ၏။ ၇ သို့သော်လည်း၊ ကိုယ်တိုင်ရောက်၍ မမြင်မှီ ထိုစကားကို မယုံ။ ယခုမူကား၊ အရင်ကြားသောစကားသည် တဝက်ကိုမျှ မမှီ။ ကိုယ်တော်၏ ပညာနှင့် ကိုယ်တော်၏ စည်းစိမ်သည် အကျွန်ုပ် ကြားရသော သိတင်းကို လွန်ကဲပါ၏။ ၈ ရှေ့တော်၌ အစဉ်နေ၍ ပညာတော်ကို ကြားရသော ကိုယ်တော်၏လူ၊ ကိုယ်တော်၏ ကျွန်တို့သည် မင်္ဂလာရှိကြပါ၏။ ၉ ကိုယ်တော်ကို နှစ်သက်၍၊ ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်း။ ထာဝရဘုရားသည် ဣသရေလအမျိုးကို အစဉ် ချစ်သောကြောင့်၊ ဖြောင့်မတ်စွာ တရားစီရင်စေခြင်းငှါ ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီ၊ ဟုရှင်ဘုရင်အားပြောဆို၍၊ ၁၀ ရွှေအခွက် တရာနှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန် မင်းကြီးအား ဆက်သောနံ့သာ မျိုးနှင့်အမျှ များပြားသော နံ့သာမျိုးသည် နောက်တဖန်မရောက်။ ၁၁ ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံသင်္ဘောတို့သည် အာလဂုံသစ်သားများ၊ ကျောက်မြတ်များကိုလည်း ဆောင်ခဲ့ကြ၏။ ၁၂ ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန်တော် ပွတ်လုံးတန်းနှင့် နန်းတော် ပွတ်လုံးတန်းကို၎င်း၊ သီချင်းဆိုသော သူတို့စောင်းနှင့် တယောတို့ကို၎င်း လုပ်လေ၏။ ထိုသို့သော အာလဂုံသစ်သားသည် နောက်တဖန်မရောက်၊ ယနေ့တိုင်အောင် မပေါ်လာ။၁၃ ရှောလမုန် မင်းကြီးသည် အလိုလိုပေးသော လက်ဆောင်မှတပါး၊ ရှေဘမိဖုရား၏ အလိုဆန္ ဒပြည့်စုံစေခြင်းငှါ၊ သူတောင်းသမျှကိုလည်း ပေးတော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့်တကွ မိမိပြည်သို့ ပြန်သွားလေ၏။
ရှောလမုန်မင်းကြီး အလွန်ချမ်းသာ
၁၄ ရှောလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေအချိန်ကား အခွက်ခြောက်ရာ ခြောက်ဆယ် ခြောက်ပိဿာ ဖြစ်သတည်း။ ၁၅ ထိုမှတပါး ကုန်သည်များ၊ လှည်းသမားများ၊ အာရပ်မင်းကြီးရှိသမျှ၊ မြို့ဝန်များ ဆက်သော ရွှေရှိသေး၏။ ၁၆ ရှောလမုန်မင်းကြီးသည် ရွှေခြောက် ပိဿာစီဖြင့် ဒိုင်းကြီးနှစ်ရာ၊ သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုလုပ်၍ ၁၇ လေဗနုန် တောသစ်သားနှင့် တည်ဆောက်သော နန်းတော်၌ ထားတော်မူ၏။ ၁၈ ရှင်ဘုရင်သည်လည်း၊ ဆင်စွယ် ရာဇပလ္လင်ကြီးကိုလုပ်၍ ရွှေစင်နှင့် မွမ်းမံလေ၏။ ၁၉ ရာဇပလ္လင်တော်သည် လှေကားခြောက်ထစ်ရှိ၏။ နောက်ဖေးဝိုင်း၏။ ထိုင်ရာတဘက်တချက်၌ မှီစရာလက်ရုံးတန်းနှင့် ပြည့်စုံ၍၊ လက်ရုံးတန်းအနားမှာ ခြင်္သေ့ နှစ်ကောင်ရပ်နေ၏။ ၂၀ လှေကား ခြောက်ထစ်အပေါ်တွင် တဖက်တချက်၌လည်း ခြင်္သေ့ တဆယ်နှစ်ကောင် ရပ်နေ၏။ ထိုသို့သော ရာဇပလ္လင်သည် အဘယ်တိုင်းနိုင်ငံ၌ မျှမရှိ။ ၂၁ ရှောလမုန် မင်းကြီးသောက်သော ဖလားတော်ရှိသမျှနှင့် လေဗနုန် နန်းတော်၌ သုံးသော ဖလားတော်ရှိသမျှတို့သည် ငွေဖလားမဟုတ် ရွှေဖလားသက်သက်ဖြစ်၏။ ရှောလမုန် လက်ထက်၌ ငွေကိုအလျှင်းပမာဏ မပြုတတ်ကြ။ ၂၂ ရှင်ဘုရင်သည် တာရှုသင်္ဘောကို ဟိရံမင်းသင်္ဘောနှင့်အတူ စေလွှတ်သဖြင့်၊ သုံးနှစ်တခါ တာရှုသင်္ဘောသည် ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ မျောက်များ၊ ဒေါင်းများကို ဆောင်ခဲ့တတ်၏။
ရှောလမုန်သည် ပညာနှင့် စည်းစိမ်အားဖြင့်လွန်ကဲ
၂၃ ထိုသို့ ရှောလမုန်သည် မြေကြီးပေါ်မှာ ရှိသမျှသော ရှင်ဘုရင်တို့ထက် ပညာနှင့် စည်းစိမ်အားဖြင့် လွန်ကဲ၏။ ၂၄ ရှောလမုန်၏ နှလုံး၌ ဘုရားသခင် သွင်းပေးတော်မူသော ပညာကို မြေကြီးသား အပေါင်းတို့သည် ကြားရအံ့သောငှါ၊ မျက်နှာတော်ကို ဖူးလာကြ၏။ ၂၅ လာသောသူ အသီးအသီးတို့သည် ရွှေဖလား၊ ငွေဖလား၊ အဝတ်တန်ဆာ၊ စစ်တိုက်လက်နက်၊ နံ့သာမျိုး၊ မြင်း၊ လားတို့ကို နှစ်တိုင်း အခွန်ဆက်ရကြ၏။ ၂၆ ရှောလမုန်သည်လည်း၊ ရထားများ၊ မြင်းစီးသူရဲများကို ဆည်းဖူး၍၊ ရထား တထောင်နှင့်လေးရာ၊ မြင်းစီးသူရဲ တသောင်းနှစ်ထောင်ရှိ၏။ ရထားထိန်းမြို့တို့၌၎င်း၊ ယေရုရှလင်မြို့ အထံတော်၌၎င်း ထား၏။ ၂၇ ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ ငွေကိုကျောက်ခဲကဲ့သို့၎င်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ ပေါက်သော သဖန်းပင်ကဲ့သို့၎င်း များပြားစေ၏။ ၂၈ ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တုပြည်၊ ကောမြို့မှဆောင်ခဲ့ရ၏။ ရှင်ဘုရင်၏ ကုန်သည်တို့သည် အဘိုးပေးလျက် ကောမြို့၌ ခံယူရကြ၏။ ၂၉ အဲဂုတ္တုပြည်မှ ရထားတခုကို ငွေခြောက်ပိဿာနှင့်၎င်း၊ မြင်းတစီးကို တပိဿာငါးဆယ်နှင့်၎င်း ရောင်းမြဲရှိ၏။ ထိုသို့ ဟိတ္တိမင်းကြီးနှင့် ရှုရိမင်းကြီးအပေါင်းတို့သည် အဲဂုတ္တုရထားနှင့် မြင်းတို့ကို ရတတ်ကြ၏။