ထွက်မြောက်ရာကျမ်း
အခန်းကြီး ၅
မောရှေနှင့် အာရုန်ဖါရောဘုရင်ထံသွား
၁ ထိုနောက်မှ၊ မောရှေနှင့်အာရုန်သည် ဖာရောဘုရင်ထံသို့ဝင်၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားက၊ ငါ၏လူတို့သည် တော၌ ငါ့အဖို့ ပွဲခံစေခြင်းငှာ လွှတ်ရမည်၊ ဟုမိန့်တော်မူကြောင်းကို လျှောက်၏။ ၂ ဖာရောမင်းကလည်း ထာဝရဘုရား ၏စကားကို နားထောင်၍၊ ဣသရေလ အမျိုးသားတို့ကို ငါလွှတ်စေခြင်းငှာ၊ ထိုဘုရားကား အဘယ်သူနည်း။ ထာဝရဘုရားကို ငါမသိ၊ ဣသရေလ အမျိုးသားတို့ကို ငါမလွှတ်၊ ဟုဆိုလေ၏။ ၃ သူတို့ကလည်း၊ ဟေဗြဲလူတို့၏ ဘုရားသခင်သည် ကျွန်တော်တို့နှင့် တွေ့တော်မူပြီ။ တောသို့ သုံးရက်ခရီးသွား၍၊ ကျွန်တော်တို့ ဘုရားသခင် ထာဝရဘုရားအား၊ ယဇ်ပူဇော်ရသောအခွင့်ကို ပေးတော်မူပါ။ သို့မဟုတ်ကာလနာဘေး၊ ဓားဘေး တစုံတခုဖြင့် ကျွန်တော်တို့ကို ဒဏ်ခတ်တော်မူလိမ့်မည်၊ ဟုလျှောက်ဆို၏။
ဖာရောဘုရင်က ထွက်ခွင့်မပေးသည်သာမက ပို၍ပင်ပန်းစေ
၄ အဲဂုတ္တုရှင်ဘုရင်ကလည်း၊ မောရှေနှင့်အာရုန်၊ သင်တို့သည် ဤလူများတို့ကို အဘယ်ကြောင့် အလုပ်ပြတ်စေသနည်း။ အမှုတော်ကို သွား၍ ဆောင်ရွက်ကြ၊ ဟုမိန့်တော်မူ၏။ ၅ တဖန်လည်း ပြည်တော်၌ ထိုလူတို့သည် ယခုများကြ၏။ အမှုမထမ်းစေခြင်းငှာ သင်တို့သည် အခွင့်ပေးကြသည်တကား၊ ဟုဖာရောဘုရင်ဆို၍၊ ၆ ထိုနေ့ခြင်းတွင် အအုပ်အချုပ်၊ အကြပ်အဆော်တို့ကို ခေါ်ပြီးလျှင်၊ ၇ အုတ်လုပ်စရာဖို့ ကောက်ရိုးကို လူတို့အား အရင်ပေးသကဲ့သို့ မပေးနှင့်။ သူတို့သည် ကောက်ရိုးကို ကိုယ်ဖို့ရှာယူကြစေ။ ၈ အုတ်ကိုကား၊ အရေအတွက်အားဖြင့် အရင်ကဲ့သို့ လုပ်စေရမည်၊ အလျှင်းမလျော့စေနှင့်။ သူတို့သည် ပျင်းရိကြ၏။ ထိုကြောင့် သွား၍ ငါတို့ ဘုရားသခင်အား ယဇ်ပူဇော်ကြစို့၊ ဟုကြွေးကြော်တတ်ကြ၏။ ၉ သို့ဖြစ်၍ စည်းကြပ်လျက် လုပ်စေကြ။ ပင်ပန်းစေကြ။ လူမိုက်စကားကို နားမထောင်စေနှင့်၊ ဟုမိန့်တော်မူ၏။
ကောက်ရိုးမပေးဘဲ နဂိုတိုင်း အုတ်လုပ်စေ
၁၀ အအုပ်အချုပ် အကြပ်အဆော်တို့သည် ထွက်၍၊ ဖာရောဘုရင်က ကောက်ရိုးကို ငါမပေး။ ၁၁ ကောက်ရိုးကို တွေ့နိုင်ရာအရပ်၌ ရှာကြ။ သို့သော်လည်း လုပ်ရသောအလုပ် အလျှင်းမလျော့ရ၊ ဟုအမိန့်တော်ရှိသည်၊ ဟုလူတို့အား ပြန်ကြားကြ၏။၁၂ သို့ဖြစ်၍ လူတို့သည် ကောက်ရိုးအတွက် အမှိုက်ကို ရှာယူခြင်းငှာ၊ အဲဂုတ္တုပြည် တလျှောက်လုံးတွင် အရပ်ရပ်ကွဲပြားကြ၏။ ၁၃ အုပ်ချုပ်သောသူတို့ကလည်း၊ ကောက်ရိုးကို ရသည်ကာလ၌ နေ့တိုင်းလုပ်ရသည်အတိုင်း၊ ပြီးအောင်လုပ်ကြ၊ ဟုသူတို့ကို နှိုးဆော်ကြ၏။ ၁၄ ဖာရောမင်း၏ အအုပ်အချုပ်တို့သည်၊ ခန့်ထားသော ဣသရေလအမျိုး အကြပ်အဆော်တို့ကို၊ သင်တို့သည် အရင်က လုပ်သည်အတိုင်း၊ ယနေ့နှင့်မနေ့၌ အုတ်လုပ်ရသောအမှုကို အဘယ်ကြောင့် မပြီးစီးစေကြသနည်း ၊ ဟုစစ်၍ရိုက်ကြ၏။ ၁၅ ထိုအခါ၊ ဣသရေလအမျိုး အကြပ်အဆော်တို့သည်၊ ဖာရောမင်းထံသို့သွား၍၊ ကိုယ်တော်သည် ကိုယ်တော် ကျွန်တို့ကို၊ အဘယ်ကြောင့် ဤသို့စီရင်တော်မူသနည်း။ ၁၆ ကိုယ်တော်ကျွန်တို့အား၊ ကောက်ရိုးကိုမပေး၊ အုပ်ချုပ်သော သူတို့ကလည်း၊ အုတ်ကိုလုပ်ကြ၊ ဟုဆိုသဖြင့်၊ ကျွန်တော်တို့သည် အရိုက်ခံရကြပါ၏။ ကိုယ်တော်လူတို့၌သာ အပြစ်ရှိပါသည်၊ ဟုအော်ဟစ်ကြ၏။ ၁၇ ဖာရောဘုရင်ကလည်း၊ သင်တို့သည် ပျင်းရိသည်၊ ပျင်းရိသည်။ ထိုကြောင့် ငါတို့သည်သွား၍၊ ထာဝရဘုရားအား ယဇ်ပူဇော်ကြစို့၊ ဟုသင်တို့ဆိုတတ်ကြ၏။ ၁၈ သို့သောကြောင့် ယခုသွား၍ လုပ်ကြ။ ကောက်ရိုးကိုမပေးရ။ သို့သော်လည်း အုတ်ကို ပေးမြဲပေးရမည်၊ ဟုမိန့်တော်မူ၏။
ညှဉ်းဆဲခံသောကြောင့် ကယ်လွှတ်မည့်အရာပင် မနှစ်သက်
၁၉ ထိုသို့ နေ့တိုင်းလုပ်ရသော အုတ်အရေအတွက်၌ အလျှင်းမလျော့ရ ၊ ဟုအမိန့်တော်ရှိသည်ဖြစ်၍၊ ဣသရေလအမျိုး အကြပ်အဆော်တို့သည်၊ မိမိတို့၌ အမှုကြီးရောက်ကြောင်းကို သိမြင်၏။ ၂၀ ဖာရောမင်းထံမှ ထွက်သွားကြစဉ်၊ လမ်း၌ စောင့်လျက်နေသော မောရှေနှင့် အာရုန်ကိုတွေ့လျှင်၊ ၂၁ ထာဝရဘုရားသည် သင်တို့ကိုကြည့်ရှု၍၊ စီရင်တော်မူပါစေသော်။ အကြောင်းမူကား၊ ဖာရောမင်းနှင့် အမှုတော်ထမ်း အပေါင်းတို့သည် ငါတို့ကို ရွံရှာစေခြင်းငှာ၎င်း၊ ငါတို့ကိုသတ်ရသော အခွင့်ရှိစေခြင်းငှာ၎င်း၊ သင်တို့သည် ပြုကြပြီတကား၊ ဟုဆိုကြ၏။ ၂၂ မောရှေသည်လည်း၊ ထာဝရဘုရားထံတော်သို့သွား၍၊ အိုဘုရားရှင်၊ ကိုယ်တော်သည် ဤလူမျိုးကို အဘယ်ကြောင့် ညှဉ်းဆဲတော်မူသနည်း။ အကျွန်ုပ်ကို အဘယ်ကြောင့် စေလွှတ်တော်မူသနည်း။၂၃ အကျွန်ုပ်သည် ကိုယ်တော်အခွင့်နှင့် ပြောခြင်းငှာ၊ ဖာရောမင်းထံသို့ ဝင်သည်နေ့မှစ၍၊ သူသည် ဤလူမျိုးကို ညှဉ်းဆဲပါပြီ။ ကိုယ်တော်သည် ကိုယ်တော်၏လူတို့ကို အလျှင်း ကယ်လွှတ်တော်မမူပါ၊ ဟုလျှောက်၏။