ထွက်မြောက်ရာကျမ်း
အခန်းကြီး ၄၀
တဲတော်ကို ဆောက်၍ ဆီလိမ်း
၁ တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊ ၂ သင်သည် ပဌမလ၊ ပဌမနေ့၌ ပရိသတ် စည်းဝေးရာ တဲတော်ကို ဆောက်ရမည်။ ၃ တဲတော်အထဲ၌ ၊ သက်သေချက် သေတ္တာကို သွင်းထား၍၊ အတွင်း ကုလားကာဖြင့် ကွယ်ကာရမည်။ ၄ စားပွဲကိုလည်း သွင်း၍ စားပွဲပေါ်မှာ ပြင်ဆင်ရသမျှတို့ကို ပြင်ဆင်ရမည်။ မီးခုံကိုလည်း သွင်း၍၊ မီးခွက်တို့ကို ထွန်းရမည်။ ၅ နံ့သာပေါင်းရှို့ရာ ရွှေပလ္လင်ကို သက်သေခံချက် သေတ္တာရှေ့၌ တည်ထား၍၊ တဲတော် တံခါးဝ ကာသော ကုလားကာကို ဆွဲကာရမည်။ ၆ ယဇ်ကောင်ရှို့ရာ ပလ္လင်ကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၌ တည်ထားရမည်။ ၇ အင်တုံကိုလည်း ပရိသတ် စည်းဝေးရာ တဲတော်နှင့် ယဇ်ပလ္လင်စပ်ကြားမှာ တည်ထား၍၊ အင်တုံ၌ ရေကိုထည့်ရမည်။ ၈ တဲတော် ပတ်လည်ဝင်းကိုထူ၍၊ ဝင်းတံခါးဝ ကာသော ကုလားကာကို ဆွဲကာရမည်။ ၉ လိမ်းရန်ဆီကိုယူ၍၊ တဲတော်နှင့် တဲတော်၌ ရှိသမျှတို့ကို လိမ်းသဖြင့်၊ တဲတော်နှင့် တဲတော် တန်ဆာရှိသမျှတို့ကို သန့်ရှင်းစေရမည်။ ထိုတဲတော်သည် သန့်ရှင်းရလိမ့်မည်။ ၁၀ ယဇ်ကောင်ရှို့ရာ ပလ္လင်နှင့် တန်ဆာရှိသမျှတို့ကို လိမ်း၍ သန့်ရှင်းစေသဖြင့်၊ ထိုပလ္လင်သည် အလွန်သန့်ရှင်းသော ပလ္လင်ဖြစ်ရမည်။ ၁၁ အင်တုံနှင့် ခြေထောက်ကိုလည်း လိမ်း၍ သန့်ရှင်းစေရမည်။
ယဇ်ပုရောဟိတ်များလည်း သန့်ရှင်းစေ၍ ဆီလိမ်း
၁၂ အာရုန်နှင့် သူ၏သားတို့ကို ပရိသတ် စည်းဝေးရာ တံခါးနားသို့ ခေါ်ခဲ့၍ ရေချိုးရမည်။ ၁၃ အာရုန်သည် ငါ့ရှေ့၌၊ ယဇ်ပုရောဟိတ် အမှုကို ဆောင်ရွက်မည်အကြောင်း၊ သန့်ရှင်းသော အဝတ်နှင့် ဝတ်စေ၍ ဆီလိမ်းသဖြင့် သန့်ရှင်းစေရမည်။ ၁၄ သူ၏ သားတို့သည်လည်း ငါ့ရှေ့၌၊ ယဇ်ပုရောဟိတ် အမှုကို ဆောင်ရွက်မည်အကြောင်း သူတို့ကိုခေါ်ခဲ့၍ အင်္ကျီဝတ်စေလျက်၊ သူတို့ အဘကို ဆီလိမ်းသကဲ့သို့၊ သူတို့ကို ဆီလိမ်းရမည်။ ၁၅ အကယ်စင်စစ် သူတို့ ဆီလိမ်းခြင်း ဘိသိက်သည်၊ သားစဉ်မြေးဆက်ပတ်လုံး၊ ထာဝရ ယဇ်ပုရောဟိတ် အရာဖြစ်သတည်း၊ ဟု၁၆ ထာဝရဘုရား မိန့်တော်မူသမျှ အတိုင်း မောရှေ ပြုလေ၏။
တဲတော်ကို ဆောက်
၁၇ သက္ကရာဇ်နှစ်ခု၊ ပဌမလ၊ ပဌမနေ့၌ မောရှေသည် တဲတော်ကို ဆောက်လေ၏။ ၁၈ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ခြေစွပ်များကို နေရာချ၍၊ ပျဉ်ပြားများကို ထောင်ပြီးလျှင်၊ ကန့်လန့်ကျင်များကို လျှို၍၊ တိုင်တို့ကိုထူလေ၏။ ၁၉ တဲတော်အပေါ်မှာ တဲကိုဖြန့်မိုး၍၊ ထိုတဲအပေါ်မှာလည်း အထပ်ထပ်မိုးပြန်လေ၏။ ၂၀ ထာဝရဘုရား မှာထားတော်မူသည် အတိုင်း၊ သက်သေခံချက်ကို သေတ္တာထဲမှာ သွင်းထား၍၊ သေတ္တာကွင်းတို့၌ ထမ်းပိုးကိုလျှို၍၊ သေတ္တာပေါ်အဖုံးကို တင်ပြီးမှ၊ ၂၁ သေတ္တာကိုတဲတော်၌ သွင်း၍ ကွယ်ကာရာ အတွင်း ကုလားကာကို ကာထားသဖြင့်၊ သက်သေခံချက် သေတ္တာကို ကွယ်ကာလေ၏။ ၂၂ ထာဝရဘုရား မှာထားတော် မူသည်အတိုင်း၊ စားပွဲကိုလည်း ပရိသတ် စည်းဝေးရာ တဲတော်အတွင်း၊ မြောက်ဘက်နား ကုလားကာပြင်မှာ ထား၍၊ ၂၃ စားပွဲပေါ်မှာ ထာဝရဘုရား ရှေ့တော်၌၊ မုန့်ကို ပြင်ဆင်လေ၏။ ၂၄ ထာဝရဘုရား မှာထားတော် မူသည်အတိုင်း၊ မီးခုံကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း၊ တောင်ဘက် နားစားပွဲ ဆိုင်ရာတွင်ထား၍၊ ၂၅ ထာဝရဘုရား ရှေ့တော်၌ မီးခွက်များကို ထွန်းလေ၏။ ၂၆ ထာဝရဘုရား မှာထားတော် မူသည်အတိုင်း၊ ရွှေပလ္လင်ကိုလည်း ပရိသတ် စည်းဝေးရာ တဲတော်အတွင်း၊ ကုလားကာ ပြင်မှာထား၍၊ ၂၇ ထိုပလ္လင်ပေါ်၌ မွှေးသော နံ့သာပေါင်းကို မီးရှို့လေ၏။ ၂၈ တဲတော်တံခါးဝ၌ လည်း၊ ကုလားကာကို ဆွဲကာလေ၏။ ၂၉ ထာဝရဘုရား မှာထားတော် မူသည်အတိုင်း၊ မီးရှို့ရာ ယဇ်ပလ္လင်ကိုလည်း၊ ပရိသတ် စည်းဝေးရာ တဲတော် တံခါးရှေ့မှာ ထား၍၊ ထိုပလ္လင်ပေါ်၌ မီးရှို့ရာယဇ်ကို၎င်း၊ ဘောဇဉ် ပူဇော်သက္ကာကို၎င်း၊ ပူဇော်လေ၏။ ၃၀ အင်တုံကိုလည်း ပရိသတ် စည်းဝေးရာ တဲနှင့် ယဇ်ပလ္လင် စပ်ကြားမှာထား၍၊ ဆေးစရာရေကို အင်တုံ၌ ထည့်လေ၏။ ၃၁ ထာဝရဘုရား မှာထားတော် မူသည်အတိုင်း၊ မောရှေနှင့် အာရုန်မှစ၍ သူ၏သားတို့ သည်၊ ပရိသတ် စည်းဝေးရာ တဲတော်အထဲသို့ ဝင်သော်၎င်း၊ ၃၂ ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်သော်၎င်း၊ လက်ခြေတို့ကို ဆေးရကြ၏။ ၃၃ တဲတော်နှင့် ယဇ်ပလ္လင် ပတ်လည်ဝင်းကို ထူ၍၊ ဝင်းတံခါးဝ၌ ကာသော ကုလားကာကို ဆွဲလေ၏။ ထိုသို့မောရှေသည် အလုပ်ကို ပြီးစီးစေသတည်း။
တဲတော်ကိုဘုရား၏ ဘုန်းတော်ကဖြည့်
၃၄ ထိုအခါ မိုးတိမ်သည် ပရိသတ် စည်းဝေးရာ တဲတော်ကို လွှမ်းမိုး၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော်ကိုဖြည့်လေ၏။ ၃၅ ထိုသို့ မိုးတိမ်သည် ပရိသတ် စည်းဝေးရာ တဲတော်အပေါ်၌ နေသောကြောင့်၊ မောရှေသည် အထဲသို့မဝင်ရ။ ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လျက်နေ၏။ [A] ၃၆ ဣသရေလ အမျိုးသားတို့သည် ခရီးသွားလေရာရာတွင်၊ မိုးတိမ်သည် တဲတော်အပေါ်မှ ကွာမြောက်သောအခါ ခရီးသွားကြ၏။ ၃၇ မိုးတိမ် မကွာ၊ မမြှောက်လျှင်၊ မကွာ၊ မမြှောက်မှီ နေ့တိုင်အောင်၊ ခရီးမသွားဘဲ နေကြ၏။ ၃၈ ခရီးသွားလေရာရာတွင် ဣသရေလ အမျိုးသား အပေါင်းတို့ ရှေ့မှောက်၌၊ ထာဝရဘုရား၏ မိုးတိမ်သည်၊ နေ့အခါ တဲတော်အပေါ်မှာ တည်နေ၏။ ညအခါ မီးလျှံဖြစ်လျက် တည်နေလေသတည်း။
မောရှေ စီရင်ရေးထားသော ထွက်မြောက်ရာကျမ်း ပြီး၏။