ထွက်မြောက်ရာကျမ်း
အခန်းကြီး ၃၉
ယဇ်ပုရောဟိတ် အာရုန်၏ အဝတ်ပြုလုပ်
၁ သန့်ရှင်းရာဌာန၌ အမှုတော်ကို ဆောင်သောအခါ၊ ဝတ်ရသောအဝတ်ကို၎င်း၊ အာရုန်ဝတ်ဖို့ သန့်ရှင်းသော အဝတ်ကို၎င်း၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည် အတိုင်း၊ ပြာသောအထည်၊ မောင်းသော (ခရမ်းရောင်) အထည်၊ နီသောအထည် နှင့်လုပ်လေ၏။ ၂ ပြာသောအထည်၊ မောင်းသော (ခရမ်းရောင်) အထည်၊ နီသောအထည်၊ ပိတ်ချောနှင့် ယဇ်ပုရောဟိတ် သင်တိုင်းကို လုပ်ရာတွင်၊ ၃ ရွှေကိုအပြားခတ်၍ ရွှေကြိုးကို လှီးပြီးမှ၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို ထူးဆန်းစွာ အပြောက်ထိုးလေ၏။ ၄ သိုင်းကြိုး နှစ်ပင်ကိုလုပ်၍ သင်တိုင်းအပေါ် နားချင်းတွဲမိစေခြင်းငှာ၊ တဘက်တချက်ကို ဆွဲချုပ်လေ၏။ ၅ ထာဝရဘုရားသည် မောရှေအား မှာတော်မူသည်အတိုင်း၊ သင်တိုင်းအပေါ်နား၌ ထူးဆန်းသော ရင်စည်းကိုလည်း သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့နှင့်၎င်း လုပ်လေ၏။ ၆ ရှဟံကျောက် နှစ်လုံးကိုသွေး၍ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ဣသရေလအမျိုး၏ နာမည်တို့ကို အက္ခရာတင်ပြီးမှ၊ ရွှေကျောက်အိုး၌ ထည့်လေ၏။ ၇ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ဣသရေလ အမျိုးသားတို့ကို အောက်မေ့ဖို့ရာ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးအပေါ်မှာ တပ်လေ၏။
ယဇ်ပုရောဟိတ်အတွက်ရင်ဖုံး
၈ ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်၎င်း၊ သင်တိုင်းကို လုပ်သည်နည်းတူ၊ ရင်ဖုံးကို ထူးဆန်းစွာ လုပ်လေ၏။ ၉ ရင်ဖုံးနှစ်ထပ်ခေါက်လျက်၊ အလျားတထွာ၊ အနံတထွာ၊ စတုရန်းလေးထောင့်ဖြစ်၏။ ၁၀ ထိုရင်ဖုံး၌ ကျောက်မြတ်ကို လေးတန်းစီလေ၏။ ပဌမအတန်းကား ကျောက်နီ၊ ဥဿဘယား၊ ပတ္တမြား။ ၁၁ ဒုတိယအတန်းကား မြ၊ နီလာ၊ စိန်။ ၁၂ တတိယအတန်းကား ဝှါကိန္သု၊ မဟူရာ၊ ဂေါမိတ်။ ၁၃ စတုတ္ထအတန်းကား မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌စီလေ၏။ ၁၄ ဣသရေလအမျိုး တဆယ့်နှစ်မျိုးရှိသည်အတိုင်း၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထိုကျောက်တို့၌ ထိုတဆယ့်နှစ်ပါးသော နာမည်အသီးအသီးတို့ကို တင်လျက်၊ ကျောက်တလုံးလျှင် နာမည်တပါးစီ ပါ၏။ ၁၅ -၁၈ ရင်ဖုံးအပေါ် ထောင့်နှစ်ခု၌ ၊ ရွှေကွင်းနှစ်ကွင်းကို၎င်း၊ ရွှေကျောက်အိုးနှစ်လုံးကို၎င်း၊ ကျစ်သောရွှေကြိုးနှစ်ပင်ကို၎င်း၊ လုပ်ပြီးမှ ထိုရွှေကွင်း၌ တပ်၍ သင်တိုင်းသိုင်းကြိုး အပေါ်မှာရှိသော ကျောက်အိုးတို့၌ တွဲလေ၏။၁၉ တဖန် ရွှေနားကွင်းကိုလုပ်၍ သင်တိုင်းအောက်နားမှာ ရှိသော ရင်ဖုံးအောက်ထောင့်နှစ်ခု၌ တပ်လေ၏။ ၂၀ အခြားသော ရွှေနှစ်ကွင်းကိုလည်း လုပ်၍ သင်တိုင်း အရှေ့ဘက် အောက်နားနှင့်၊ ထူးဆန်းသော ရင်စည်း အပေါ် နားဆက်မှီရာတွင်၊ သင်တိုင်းကို တဘက်တချက်၌ တပ်လေ၏။ ၂၁ ရင်ဖုံးရွှေနှစ်ကွင်းကို၊ သင်တိုင်း ရွှေနှစ်ကွင်းနှင့်တွဲ၍ ပြာသောကြိုးဖြင့်ပြီးစေ၏။ ထိုသို့ ထာဝရဘုရားသည်၊ မောရှေအား မှာထားတော်မူသည်အတိုင်း၊ ရင်ဖုံးသည် ထူးဆန်းသောရင်စည်း အပေါ်မှာဆွဲ၍၊ သင်တိုင်းနှင့်မကွာဘဲ အမြဲနေလေ၏။
ဝတ်လုံ
၂၂ ထိုမှတပါး၊ ပြာသောအထည်ကို ရက်ပြီးမှ၊ သင်တိုင်းနှင့် ဆိုင်သော ဝတ်လုံကို ထိုအထည်နှင့်သာ လုပ်လေ၏။ ၂၃ ၀တ်လုံ၌ ခြေစွပ်ပါ၍ လည်စွပ်ကို မစုတ်စေခြင်းငှာ၊ သံချပ်လည်စွပ်ကွပ်သကဲ့သို့ ကွပ်လေ၏။ ၂၄ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့် လုပ်သော သလဲသီးများကို၎င်း၊ ၂၅ ရွှေစင်ဆည်းလည်းများကို၎င်း၊ ဝတ်လုံအောက် စွန်းနားပတ်လည်၌ ၊ ၂၆ သလဲသီးတလုံး၊ ဆည်းလည်း တလုံးစီ ထားလျက် အစဉ်အတိုင်း ဆွဲထားသဖြင့်၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ အမှုတော်ကို ဆောင်ရသော ဝတ်လုံကိုလုပ်၍ ပြီးလေ၏။
အခြားသောအထည်များ
၂၇ တဖန် ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ အာရုန်နှင့် သူ၏သားတို့အဖို့ ရက်သော ပိတ်ချောအင်္ကျီများကို၎င်း၊ ၂၈ ပိတ်ချော ဗောင်းကို၎င်း၊ တင့်တယ်သော ပိတ်ချော ဦးထုတ်များကို၎င်း၊ ပိတ်ချော ဘောင်းဘီများကို၎င်း၊ ၂၉ ချယ်လှယ်သော ပိတ်ချော၊ အထည်ပြာ အထည်မောင်း၊ အထည်နီဖြင့်ပြီးသော ခါးပန်းကို၎င်း လုပ်လေ၏။ ၃၀ မောရှေအား ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သန့်ရှင်းသော သင်းကျစ်ပြားကိုလည်း ရွှေစင်နှင့်လုပ်၍ တံဆိပ်ပေါ်မှာ၊ အက္ခရာ တင်သကဲ့သို့ ထာဝရဘုရားအား သန့်ရှင်းခြင်း၊ ဟုအက္ခရာတင်၍၊ ၃၁ ပြာသောကြိုးနှင့် ဗောင်းအပေါ်နား၌ တည်ထားလေ၏။ ၃၂ ထိုသို့ မောရှေအား ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဣသရေလ အမျိုးသားတို့သည် ပြု၍ ပရိသတ်စည်းဝေးရာ တဲတော် အလုပ်ရှိသမျှကို ပြီးစီးကြ၏။
တဲတော်တန်ဆာရှိသမျှ ပြီးစီး၍ မောရှေထံ ယူဆောင်လာကြ
၃၃ ထိုအခါ ဣသရေလ အမျိုးသားတို့သည် တဲတော်နှင့် အပေါ်တဲမှစ၍၊ ရွှေချောင်း၊ ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ် တည်းဟူသော တဲတော် တန်ဆာရှိသမျှကို၎င်း၊ ၃၄ အနီဆိုးသော သိုးရေအမိုး၊ တဟာရှသား ရေအမိုး၊ ကွယ်ကာရာအတွင်း ကုလားကာ ကို၎င်း၊ ၃၅ သက်သေခံချက် သေတ္တာနှင့် သူ၏ထမ်းပိုး၊ သူ၏အဖုံးကို၎င်း၊ ၃၆ စားပွဲမှစ၍ စားပွဲတန်ဆာ နှင့် ရှေ့တော်မုန့်ကို၎င်း၊ ၃၇ စင်ကြယ်သော မီးခုံမှစ၍ ပြင်ဆင်ရသော မီးခွက်များ၊ မီးခုံတန်ဆာ ရှိသမျှနှင့် မီးထွန်းစရာဆီကို ၎င်း၊ ၃၈ ရွှေယဇ်ပလ္လင်၊ လိမ်းရန်ဆီ၊ မီးရှို့ရာ နံ့သာပေါင်းမွှေး၊ တဲတော်တံခါးဝ ကာစရာ ကုလားကာကို၎င်း၊ ၃၉ ကြေးဝါယဇ်ပလ္လင်၊ ကြေးဝါ ဆန်ခါ၊ ပလ္လင်ထမ်းပိုး အစရှိသော တန်ဆာရှိသမျှကို၎င်း၊ အင်တုံနှင့်သူ၏ ခြေထောက်ကို၎င်း၊၄၀ ဝင်းကုလားကာ၊ ဝင်းတိုင်၊ ခြေစွပ်၊ ဝင်းတံခါးဝ ကာစရာ ကုလားကာကြိုးများ၊ တံသင်များကို၎င်း၊ တဲတော်အတွင်း၌ အမှုတော်ကို ဆောင်စရာတန်ဆာ၊ ပရိသတ် စည်းဝေးရာ တဲတော်တန်ဆာရှိသမျှကို၎င်း၊ ၄၁ သန့်ရှင်းရာဌာန၌ အမှုတော်ကို ဆောင်သောအခါ ဝတ်ရသောအဝတ်၊ ယဇ်ပုရောဟိတ် အမှုကိုဆောင်သော အခါ၊ ယဇ်ပုရောဟိတ် အာရုန်ဝတ်ဖို့ သန့်ရှင်းသောအဝတ်၊ သူ၏ သားဝတ်ရသော အဝတ်ကို၎င်း၊ ၄၂ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ပြီးစီးအောင်လုပ်ပြီးမှ မောရှေထံသို့ဆောင်ခဲ့ကြ၏။ ၄၃ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ အလုပ်ရှိသမျှကို ပြီးစီးစေခြင်းငှာ၊ လုပ်ကြောင်းကို မောရှေ သိမြင်သောအခါ၊ သူတို့ကို ကောင်းကြီးပေးလေ၏။