ထွက်မြောက်ရာကျမ်း
အခန်းကြီး ၂၇
ကြေးဝါယဇ်ပလ္လင်
၁ တနည်းကား၊ အလျားငါးတောင်၊ အနံငါးတောင်ရှိ၍ စတုရန်း လေးထောင့်ဖြစ်သော ယဇ်ပလ္လင်ကို၊ အကာရှသားနှင့် လုပ်ရမည်။ အမြင့်လည်း သုံးတောင်ရှိရမည်။ ၂ ယဇ်ပလ္လင် လေးထောင့်အပေါ်မှာ၊ ဦးချိုလေးချောင်းကို အကာရှသားနှင့်လုပ်၍ ကြေးဝါနှင့် မွမ်းမံရမည်။ ၃ ပြာခံစရာအိုးနှင့်တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်းအစရှိသော ယဇ်ပလ္လင်နှင့်ဆိုင်သော တန်ဆာ ရှိသမျှတို့ကို ကြေးဝါနှင့် လုပ်ရမည်။ ၄ ကြေးဝါဆန်ခါကို၎င်း၊ ဆန်ခါလေးထောင့်အပေါ်မှာ ကြေးဝါလေးကွင်းကို၎င်း၊ လုပ်ပြီးလျှင်၊ ၅ ယဇ်ပလ္လင် ခါးပန်းအောက်၊ အလယ်၌ ထားရမည်။ ၆ ယဇ်ပလ္လင်ထမ်းစရာ အကာရှသား ထမ်းပိုးတို့ကိုလုပ်၍ ကြေးဝါနှင့် မွမ်းမံပြီးမှ၊ ၇ ယဇ်ပလ္လင်ကို ထမ်းစရာဖို့ တဘက်တချက် ကွင်းများ၌ လျှိုထားရမည်။ ၈ တောင်ပေါ်မှာ သင့်အားပြသည်အတိုင်း၊ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှာ၊ ပျဉ်ပြားနှင့် လုပ်ရမည်။
တဲတော်ဝင်းအကာ
၉ တဲတော်ဝင်း ကာရန်မူကား၊ အလျားအတောင် တရာရှိသော ပိတ်ချောနှင့် တောင်ဘက်၌ ကုလားကာကို လုပ်ရမည်။ ၁၀ ထိုကုလားကာဖို့ တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့် လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့်ပြီးစေရမည်။ ၁၁ ထိုနည်းတူ၊ မြောက်ဘက်၌ ကာရန် အလျားအတောင် တရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသော ကြေးဝါတိုင်နှစ်ဆယ်၊ ကြေးဝါ ခြေစွပ်နှစ်ဆယ်ရှိရမည်။ ၁၂ ဝင်းအနောက်ဘက်အနံ၌ ကာရန်၊ အလျားအတောင် ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တဆယ်၊ ခြေစွပ်တဆယ်ရှိရမည်။ ၁၃ ဝင်းအရှေ့ဘက်၌လည်း အနံအတောင် ငါးဆယ်ရှိရမည်။ ၁၄ တံခါးဝ တဘက်တချက်၌ ကာရန်၊ အလျား ဆယ့်ငါးတောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင်၊ ၁၅ ခြေစွပ်သုံးခုရှိရမည်။
ဝင်းတံခါးဝ
၁၆ ဝင်းတံခါးဝ၌ ကာရန် ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ချယ်လှယ်သော ကုလားကာ အတောင်နှစ်ဆယ်နှင့်တကွ တိုင်လေးတိုင် ခြေစွပ်လေးခုရှိရမည်။ ၁၇ ဝင်းပတ်လည်၌ တိုင်ရှိသမျှတို့သည် ငွေတံစို့၊ ငွေတန်း၊ ကြေးဝါ ခြေစွပ်နှင့် ပြည့်စုံရမည်။ ၁၈ ဝင်းသည် အလျား အတောင်တရာ၊ အနံငါးဆယ်၊ အမြင့်ငါးတောင်ရှိ၍၊ ပိတ်ချောနှင့် ကြေးဝါခြေစွပ်ဖြင့် ပြီးရမည်။ ၁၉ အမှုတော်ထမ်းဖို့ တဲတော်အသုံးအဆောင် ရှိသမျှကို၎င်း၊ တဲတော်တံသင်၊ ဝင်းနှင့်ဆိုင်သော တံသင်ရှိသမျှကို၎င်း၊ ကြေးဝါနှင့် လုပ်ရမည်။
သံလွင်ဆီ
၂၀ ပရိသတ်စည်းဝေးရာ တဲတော်တွင်၊ သက်သေခံချက်ထားရာ အရပ်ကို ကာသော ကုလားကာပြင်မှာ၊ မီးခုံ၌ အစဉ်မပြတ် မီးထွန်းစရာဖို့၊ သံလွင်သီးကို ထောင်း၍ ယူသော သံလွင်ဆီစစ်ကို၊ ဣသရေလအမျိုးသားတို့သည် ဆောင်ခဲ့ရကြမည် အကြောင်း ဆင့်ဆိုလော့။ ၂၁ အာရုန်နှင့် သူ၏သားတို့သည်၊ ညဦးမှသည် နံနက်တိုင်အောင်၊ ထာဝရဘုရား ရှေ့တော်၌ ထိုအမှုကို စီရင်ရမည်။ ဣသရေလ အမျိုးတို့သည်၊ သားအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်း။