ကမ္ဘာဦးကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
မျက်နှာဖုံး > ခက်ခဲနက်နဲ

ခက်ခဲနက်နဲသောအရာများ

ယေရှုသည်မရဏာနိုင်ငံသို့သွား၍တရားဟောခဲ့သလော

ယေရှုမရဏာနိုင်ငံသို့သွား၍ တရားဟောခဲ့သည် ဟူသောဩဝါဒသည် ပေတရု၏ အောက်ပါ ကျမ်းပိုဒ်ကို နားလည်လွဲမှားမှု အားဖြင့်ဖြစ်သည်။ ပေတရုက၊  ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကိုခံ၍၊ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူသည် ဖြစ်၍၊ ငါတို့ကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင်ခြင်းငှာ၊ ​ဖြောင့်မတ်တော်မူသောသူသည်၊ မဖြောင့်မတ် သောသူတို့အတွက်၊ ဒုစရိုက်အပြစ်များကြောင့် တစ်ခါခံတော်မူ၏။ ၁၉ ထိုဝိညာဉ်တော်အားဖြင့်လည်း ကြွသွားတော်မူ၍၊ ယခုထောင်ထဲမှာ လှောင်ထားသော ဝိညာဉ်တို့အား တရားဟောတော်မူ၏။ ၂၀ ထိုဝိညာဉ်တို့မူကား ရှေးကာလ၊ နောဧလက်ထက်၌၊ နည်းသောသူတည်းဟူသော လူရှစ်ယောက်တို့ကို၊ ရေအားဖြင့် ကယ်ဆယ်သော သင်္ဘောကို တည်လုပ်စဉ်တွင်၊ ဘုရားသခင်၏ ခန္တီတော်သည် ဆိုင်းလင့်တော်မူသော်လည်း၊ နားမထောင်သော ဝိညာဉ်ဖြစ်သတည်း။ (၁ ပေ ၃း၁၈-၂၀)

ယေရှုသည် မရဏာနိုင်ငံသို့သွား၍ တရားဟောခဲ့သလော? မည်သည့်အချိန်၌ ဟောခဲ့သနည်း? အဖြေမှာ သူသည် မရဏာနိုင်ငံသို့ မသွားခဲ့ကြောင်း အောက်ပါအချက်များအားဖြင့် သိနိုင်သည်။

၁။ ယေရှုသည် အသေခံသောအခါ၊ သူ့ဝိညာဉ်ကို ခမည်းတော်ထံ ဤသို့အပ်ခဲ့သည်၊ ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အ​ကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အ​ကျွန်ုပ်အပ်ပါ၏၊ ဟုမိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။ (လု ၂၃း၄၆)။ ခမည်းတော်သည် မရဏာနိုင်ငံ၌ မရှိပါ။ ကောင်းကင်နိုင်ငံ၌ ရှိသောကြောင့် သူ့ဝိညာဉ်သည် ကောင်းကင်သို့ တက်သွားသည်။ လု ၂၃း၄၃ ၌လည်း လူဆိုးထံ "ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်" ဟုဆိုသည်။ ပရဒိသုဘုံသည် ပေါလုက၊ တတိယကောင်းကင်၊ ဟုဆိုသည် (၂ ကော ၁၂း၂-၃)။ 
၂။ သို့ဖြစ်လျှင် မည်သည့်အချိန်၌ ဟောသနည်း?  ယေရှုသည် ရှေးပရောဖက်များထဲမှ တရားဟောခဲ့ကြောင်း ပေတရုကဤသို့ရေးထားသည်၊  ထိုကယ်တင်ခြင်း အကြောင်းအရာကို ပရောဖက်တို့သည်၊ စေ့စေ့စစ် ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ခံရသော ကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ။ ခရစ်တော် ခံတော်မူရသော ဆင်းရဲကို၎င်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ ဝိညာဉ်သည် သက်သေခံနှင့်သောအခါ၊ အဘယ်မည်သောသူကို၎င်း၊ အဘယ်သို့သော အချိန်ကာလကို၎င်း၊ ဆိုလိုတော်မူသည်၊ ဟုမေးမြန်းရှာဖွေကြ၏။ (၁ ပေ ၁း၁၀-၁၁)။ နောဧသည် ဖြောင့်မတ်ခြင်းကို ဟောသော တရားဟောဆရာ ဖြစ်ကြောင်းဤသို့ရေးထားသည်၊ ရှေးလောကဓာတ်ကိုလည်း နှမြောတော်မမူ။ ​ဖြောင့်မတ်ခြင်းတရားကို ဟောသော နောဧနှင့်၊ လူခုနှစ်ယောက်တို့ကို စောင့်မတော်မူ၍၊ ဘုရားကို မကိုးကွယ်သော လောကီသားအပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏။ (၂ ပေ ၂း၅)။ ထို့ကြောင့် ယေရှုသည် နောဧထဲမှ သူ့ဝိညာဉ်အားဖြင့် ဟောသည်။ ခေတ်အဆက်ဆက်က ဝိညာဉ်တိုင်းကို မဟောပါ။ နောဧခေတ်က ဝိညာဉ်များကိုသာ ဟောသည်။
၃။ ယေရှုသည် နောဧထဲမှ သူ့ဝိညာဉ်အားဖြင့် ဘာဟောသနည်း? ရေလွှမ်းမိုးမည့်အကြောင်း ဟောမည်။ သို့သော် နားမထောင်ကြ သောကြောင့် ထိုဝိညာဉ်များသည်၊ ထောင်တည်းဟူသော မရဏာနိုင်ငံ၌ ရှိကြပြီ။
၄။ ယေရှုကိုယ်တိုင်၊ "ငါသည် ငါ့ခမည်းတော်ထံသို့ မတက်ရသေး။ "(ယောဟန် ၂၀း၁၇) ဆိုသည် မဟုတ်လော? ဟုတ်ပါသည်။ သူသည် ရှင်ပြန်ထမြောက်သောအခါ ယဇ်ပုရောဟိတ်ဖြစ်သည် (ဟေဗြဲ ၉း၁၁-၁၂)။ ယဇ်ပုရောဟိတ်အနေဖြင့် သူ၏အသွေးကို မပူဇော်သေးသောကြောင့် သူ့ကိုယ်ခန္ဓာကိုထိ၍မရပါ။ ယဇ်ပုရောဟိတ်များသည် သန့်ရှင်းရာဌာနထဲသို့ ဝင်သောအခါ၊ သူတို့ကိုထိ၍မရပါ။ နောက်တစ်ပတ်ကြာသောအခါ သောမထံယေရှုက၊ "သင်၏လက်ကိုဆန့်၍ ငါ့နံဘေးကို စမ်းသပ်လော့၊" ဟုဆိုသည် (ယော ၂၀း၂၇)။ အကြောင်းမှာ သန့်ရှင်းရာဌာနသို့ဝင်၍ ခမည်းတော်ထံ သူ၏ခန္ဓာနှင့် အသွေးပူဇော်ပြီးခဲ့သောကြောင့် ဖြစ်သည်။ 
၅။ ပေါလုက ယေရှုနှင့်ပတ်သက်၍ အောက်အရပ်သို့ ဆင်းကြွခဲ့ပြီ (ဧဖက် ၄း၈-၉)၊ ဟုဆိုသည် မဟုတ်လော? ဟုတ်ပါသည်။ ထိုအောက်အရပ်ဆိုသည်မှာ မြေကြီးအောက် မဟုတ်ပါ။ ကောင်းကင်မှ မြေကြီးပေါ်ဆင်း၍ လူဇာတိခံခြင်းကို ဆိုလိုသည်။ မြေကြီးသည် အောက်အရပ်ဖြစ်သည်။ မရဏာနိုင်ငံသည် မြေကြီးထဲမှာ မရှိနိုင်ပါ။ မြေကြီးသည် ရုပ်လောကဖြစ်၍ မီးရှို့ဖျက်ဆီးဦးမည်။ မရဏာနိုင်ငံသည် ဝိညာဉ်လောကဖြစ်၍ အစဉ်အမြဲရှိမည်။ မြန်မာနိုင်ငံ၌ အောက်လမ်းမှ ပြန်သည်ဟုဆိုရာတွင်၊ မြေကြီးထဲရှိ မြေအောက်ရထားကို ဆိုလိုသည်မဟုတ်၊ လေယဉ်မစီးဘဲ ရထား၊ ကား၊ သင်္ဘောစီးခြင်းကို ဆိုလိုသည်။  
၆။ "လူသည် တစ်ခါတည်းသေ၍၊ ထိုနောက်မှ တရားစီရင်တော်မူခြင်းကို ခံရသကဲ့သို့၊" (ဟေဗြဲ ၉း၂၈) ဟုဆိုသည်။ သေပြီးသောသူများသည် တရားစီရင်ခြင်းခံဘို့သာလျှင်ရှိသည်။ သေပြီးသောသူများထံ ယေရှုသည် ဘာမျှပြောစရာ၊ လုပ်စရာမရှိပါ။ 

 

ခရစ်တော်ငရဲသို့ ဆင်းခဲ့သလား

၂၀၁၄ ဇန္နဝါရီလထုတ် သတင်းကောင်းစာစောင်မှ

ခရစ်တော်သည် အသေခံချိန်၊ သင်္ချိုင်းထဲ၌ သုံးရက်နေချိန်တွင် ငရဲထဲသို့ ဆင်းသွားကာ တရားဟော ခဲ့သည်ဟု သွန်သင်ခြင်းရှိသည်။ ထိုသို့ ယုံကြည်ခြင်းသည် အောက်ပါကျမ်းပိုဒ်များကို သေချာစွာ မပိုင်းခြားခြင်းကြောင့် ဖြစ်သည်။ ကျမ်းစာ၌ လာသည်ကား၊ မြင့်သော အရပ်သို့ တက်ကြွတော်မူ သဖြင့်၊ များစွာသော သူတို့ကို ဘမ်းသွားတော်မူ၍၊ လူတို့အား ဆုလပ်များကို ပေးတော်မူသည်ဟု လာသတည်း။ တက်ကြွတော်မူသည် ဟုဆိုသော်၊ အစဦးစွာ မြေကြီး အောက်အရပ်သို့ ဆင်း သက်တော်မူကြောင်းကို ရည်မှတ်၍ ဆိုသည် မဟုတ်လော။ ဆင်းသက်တော်မူသောသူသည် အခြားသောသူ မဟုတ်၊ အလုံးစုံတို့ကို ပြည့်စုံစေခြင်းငှါ၊ ခပ်သိမ်းသော ကောင်းကင်တို့၏ အထွဋ်ကို လွန်၍ တက်ကြွတော်မူသောသူ ဖြစ်သတည်း (ဧဖက် ၄:၈-၁၀)။ ဤကျမ်းပိုဒ်၌ ခရစ်တော်သည် မြေကြီး အောက်အရပ်သို့ ဆင်းသက်တော်မူသည် ဟုဆိုသည်။ ထိုမြေကြီး အောက်အရပ်သည် တကယ် မြေကြီး အတွင်းပိုင်းကို ဆိုလိုသလော၊ သို့မဟုတ် ပဌမကြွလာစဉ်ကမြေကြီး ပေါ်ကျင်လည် ခဲ့သောအရာကို ဆိုလိုသလော။ အချို့သောသူများက မြေကြီး အတွင်းပိုင်းကို ဆိုလိုသည်၊ ဟုယူဆကြ သည်။ ထိုမြေကြီး အတွင်းပိုင်းသည် ငရဲဖြစ်၍ ထိုနေရာ၌ ခရစ်တော်သည် အသေခံချိန်သင်္ချိုင်းထဲ၌ သူ၏ ကိုယ်ခန္ဓာရှိစဉ်တွင် ဝင်သွားသည်၊ ဟုဆိုကြသည်။ ထိုသို့ယူဆခြင်းသည် အောက်ပါကျမ်းပိုဒ် ကြောင့်ဖြစ်သည်၊ ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကို ခံ၍ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူသည် ဖြစ်၍ ငါတို့ကို ဘုရားသခင့်အထံတော်သို့ ပို့ဆောင်ခြင်းငှါ၊ ​ဖြောင့်မတ်တော် မူ သောသူသည် မ​ဖြောင့်မတ်သော သူတို့အတွက် ဒုစရိုက်အပြစ်များကြောင့် တခါခံတော်မူ၏။ ထိုဝိညာဉ်တော် အားဖြင့်လည်း ကြွသွားတော်မူ၍ ယခုထောင်ထဲမှာလှောင်ထားသော ဝိညာဉ်တို့အား တရားဟောတော်မူ၏။ ထိုဝိညာဉ်တို့ မူကားရှေးကာလ၊ နောဧလက်ထက်၌၊ နည်းသောသူ တည်းဟူ သော လူရှစ်ယောက်တို့ကို ရေအားဖြင့် ကယ်ဆယ်သော သင်္ဘောကို တည်လုပ်စဉ်တွင် ဘုရားသခင်၏ ခန္တီတော်သည် ဆိုင်းလင့်တော်မူသော်လည်း၊ နားမထောင်သော ဝိညာဉ် ဖြစ်သတည်း (၁ ပေ ၃:၁၈-၂၀)။

အထက်ပါ ကျမ်းပိုဒ်၌ ခရစ်တော်သည် ဝိညာဉ်အားဖြင့် ကြွသွား၍ ယခုထောင်ထဲမှာလှောင်ထားသော ဝိညာဉ်တို့ကို တရားဟောသည်။ ထိုဝိညာဉ်တို့သည် နောဧခေတ်က နားမထောင်သော ဝိညာဉ်များ ဖြစ် သည် ဟုဆိုသည်။ ထောင်ထဲရောက်သမျှသော ဝိညာဉ် အားလုံးမဟုတ်ချေ။ သို့ဖြစ်လျှင် ခရစ်တော် သည် မည်သည့်အချိန်၌ ထိုဝိညာဉ်များကို တရားဟောတော်မူသနည်း။ 

ရှင်ပေတရုကိုယ်တိုင်က၊ ထိုကယ်တင်ခြင်း အကြောင်းအရာကို ပရောဖက်တို့သည် စေ့စေ့စစ် ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ ခံရသော ကျေးဇူးတော် အကြောင်းကို ဟောပြောကြပြီ။ ခရစ်တော် ခံတော်မူ ရသောဆင်းရဲကို၎င်း၊ ဆင်းရဲခံပြီးမှဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့အထဲ၌ရှိ သော ခရစ်တော်၏ဝိညာဉ်သည် သက်သေခံနှင့်သောအခါ၊ အဘယ်မည်သောသူကို၎င်း၊ အဘယ်သို့ သော အချိန်ကာလကို၎င်း၊ ဆိုလိုတော်မူသည်ဟု မေးမြန်ရှာဖွေကြ၏ (၁ ပေ ၁:၁၀-၁၁)။ ခရစ်တော် သည် ရှေးပရောဖက်များထဲမှ သက်သေခံဟောပြောခဲ့သည် ဟုဆိုသည်။ ပရောဖက် များသည် လူသား များဖြစ်၍ ရှေ့လာမည့် အရာများကို ကြိုတင် မသိကြချေ။ သို့သော် သူတို့အထဲမှ ခရစ်တော်၏ဝိညာဉ် သည် သူတို့ကိုယ်တိုင် မသိနားမလည်သော အရာများကို ဟောပြောတတ်သည်။   

သခင်ယေရှုသည် ငရဲသွားစရာ အကြောင်းမရှိချေ။ အကြောင်းမှာ ကျမ်းစာက၊ လူသည် တခါတည်း သေ၍ ထိုနောက်မှတရားစီရင်တော်မူခြင်းကို ခံရ သကဲ့သို့ (ဟေ ၉:၂ရ) ဟုဆိုထားရာငရဲရောက်သွား သော ဝိညာဉ်များကိုကယ်၍ မရတော့ချေ။ သခင်ယေရှုသည် ငရဲရောက်သွားသည် ဟုဆိုသောသူများ ထံ၊ သူအဘယ်ကြောင့်သွားရသနည်းဟု မေးသောအခါ၊ သူသည် သေခြင်းနှင့် စာတန်ကိုအောင် နိုင်ကြောင်း ကြွေးကြော်သည် ဟုဆိုကြသည်။ သခင်ယေရှုသည် ထိုသို့ ငရဲ သွား၍ ကြွေးကြော်ခြင်း အားဖြင့် အဘယ် အကျိုးရှိမည်နည်း၊ အဓိပ္ပါယ်မရှိချေ။ ထိုကြောင့် ခရစ်တော်သည် ငရဲမသွားခဲ့ချေ။                                                                                                                                                                                                                                                                                                                                                                                                                   

ငရဲအဘယ်မှာရှိသနည်း

အချို့သောသူများက ငရဲမီးအိုင်သည် မြေကြီး အထဲမှာရှိသည်ဟု ယူဆကြသည်။ ထိုသို့ ယူဆရခြင်းသည် အောက်ပါကျမ်းချက်များကြောင့် ဖြစ်သည်၊ ပေတရုက ပင်တေကုတ္တေနေ့တွင် ဤကဲ့သို့ ဆိုသည်၊ ညီအစ်ကိုတို့၊ အမျိုး၏ အဘဖြစ်သော ဒါဝိဒ်၏ အကြောင်းကို ငါသည် သင်တို့အား အတည့်အလင်း ပြောပါရစေ။ ထိုဒါဝိဒ်သည် သေ၍ သင်္ဂြိုဟ်သောတွင်းသည် ယခုတိုင်အောင် ငါတို့၌ ရှိ၏။ ထိုသူသည် မိမိိအမျိုးအနွယ် ထဲက လူဇာတိအားဖြင့် ခရစ်တော်ကို ဘုရားသခင် ထမြောက် စေ၍ မိမိပလ္လင်ပေါ်မှာ တင်တော်မူ မည်အကြောင်း ဓိဌာန်ကျိန်ဆိုတော်မူသည်ကို ပရောဖက် ဥာဏ်အားဖြင့် သိ၍၊ ခရစ်တော်၏ ထမြောက်ခြင်း အကြောင်းကို ရည်မှတ်လျက်၊ ထိုခရစ်တော်၏ စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ (တမန် ၂:၂၉-၃၁)။ ဤနေရာ၌ မရဏာ နိုင်ငံသည် သေခြင်းကို ဆိုလိုခြင်းဖြစ်မည်။ ယောနသည် ငါးကြီး ဝမ်းထဲမှာသုံးရက်နေရသကဲ့သို့၊ လူသားသည် မြေကြီးထဲ မှာသုံးရက်နေရလတံ့။ (မ ၁၂:၄၀) ဟုဆိုထားရာ ခရစ်တော်၏ အလောင်းသည် မြေကြီးထဲ၌သုံးရက် နေခဲ့သည်။ သို့သော် သူ၏စိတ်ဝိညာဉ်မူ ကား လုကာ ၂၃:၄၆ ၌သူကိုယ်တိုင်၊ အိုအဘ၊ အ​ကျွန်ုပ်စိတ် ဝိညာဉ်ကို ကိုယ်တော် လက်၌ အ​ကျွန်ုပ်အပ်ပါ၏ ဟုဆိုသောကြောင့် အဘဘုရားသခင် ထံရောက်သွား သည် ဟုဆိုနိုင်သည်။ 

ငရဲသည် မြေကြီး အထဲ၌ မဖြစ်နိုင်ပါ။ အကြောင်းမှာ ငရဲမီးအိုင်သည် ထာဝရတည်ရှိသော အရာဖြစ်သည်။ မြေကြီးသည် သင်္ခါရဖြစ်၍ မီးနှင့် ဖျက်ဆီးဦးမည်ဖြစ်သည်။ ကျမ်းစာ၌၊ သူခိုးသည် ညအခါလာ သကဲ့သို့၊ ထာဝရဘုရား၏ နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုးကောင်းကင်သည် ကြီး စွာသောအသံနှင့် တကွပျောက်သွားလိမ့်မည်။ လောက ဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြ လိမ့်မည်။ မြေကြီး ကိုယ်မှစ၍၊ မြေကြီး ပေါ်မှာ ပြုလုပ် သမျှသောအရာ တို့သည် ​ကျွမ်းလောင်ကြ လိမ့်မည် (၂ ပေ ၃:၁၀) ဟုဆိုသည်။ မြေကြီးကိုယ်သည် ပူအားကြီး၍ ​ကျွမ်းလောင်သွားလျှင် ငရဲလည်း ​ကျွမ်း လောင် ၍ ကုန်ဆုံးသွားမည် ဖြစ်သည်။

 
သေလွန်သောဝိညာဉ်များအဘယ်မှာရှိကြသနည်း

ယုံကြည်သူများ၏ ဝိညာဉ် အဘယ်နေရာသို့ သွားသနည်း။ ပေါလုက၊ ကိုယ်ခန္ဓာနှင့် ကွာဝေးရာအရပ်သို့ သွား၍၊ သခင်ဘုရား ထံတော်၌ နေမြဲနေခြင်းငှါ အလိုရှိလျက်၊ ရဲရင့်သော စိတ်နှင့် ပြည့်စုံကြ၏ (၂ ကော ၅:၈) ဟုရေးထားသည်။ ထိုကြောင့် ယုံကြည်သူ၏ ဝိညာဉ်သည် ကိုယ်ခန္ဓာ နှင့်ခွဲခွာသောအခါ ချက်ချင်း သခင်ဘုရားထံသို့ သွားသည်ဟု သိရသည်။ တဖန်ပေါလုက၊ စုတေ့၍ ခရစ်တော်နှင့်အတူ နေခြင်းငှါ တောင့်တလိုချင်သော စိတ်ရှိ၏။ သာ၍ အလွန် ထူးမြတ်သော အကျိုးဖြစ်၏။ (ဖိလိ ၁:၂၃) ဟုရေးသည်။ ပေါလုသည် သေလျှင် ခရစ်တော်နှင့်အတူ နေမည်၊ ဟုမျှော်လင့်ယုံကြည်သည်။ 
ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်ဟု မိန့်တော်မူ၏ (လုကာ ၂၃:၄၃) ဟုသူ့ဘေးနားမှလူဆိုးကြီးအား ဆိုသောကြောင့် ထိုယုံကြည်သူ လူဆိုးသည် ထိုနေ့တွင် ပရဒိသုဘုံသို့ ရောက်သွားသည်၊ ဟုသိနိုင်သည်။ တဖန်ယေရှုက၊ လာဇရုနှင့် ပတ်သက်၍ ဤသို့ ဆိုထားသည်၊ တနေ့သ၌ ထိုဆင်းရဲ သားသည် သေလွန်၍၊ ကောင်းကင်တမန် တို့သည် အာဗြဟံ၏ ရင် ခွင်သို့ ပို့ဆောင်ကြ၏။ သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်း ခံရ လေ၏။ မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကို၎င်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကို၎င်းအဝေးကမြင်လျှင် (လု ၁၆:၂၂-၂၃)။ လာဇရုသည် ချက်ချင်း အာဗြဟံရင်ခွင်သို့ ရောက်သွားသည်။ ထိုသို့ ယုံကြည်သူများ၏ ဝိညာဉ်သည် ချက်ချင်း ကောင်းကင် နိုင်ငံသို့ ရောက်သွားကြသကဲ့သို့ မယုံကြည်သူများ၏ ဝိညာဉ်သည်လည်း ငရဲထဲသို့ ချက်ချင်းရောက် သွားကြောင်း ခရစ်တော်က ဤသို့ ပြောသွားသည်၊ သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကို ခံရလျက် (လု ၁၆:၂၂-၂၃)။ 


 
ပရဒိသုဘုံနှင့်ကောင်းကင်နိုင်ငံ

ပရဒိသုဘုံသည် ကောင်းကင်နိင်ငံဖြစ်ကြောင်း ဤကျမ်းချက်အားဖြင့် သိနိုင်သည်၊ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်ဟု မိန့်တော်မူ၏။ (လု ၂၃:၄၃) ယေရှုသည်လည်း ကြီးသော အသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အ​ကျွန်ုပ်စိတ် ဝိညာဉ်ကို ကိုယ်တော် လက်၌ အ​ကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက် ချုပ်တော်မူ၏။ (လု ၂၃:၄၆)။ အထက်ပါ ကျမ်းပိုဒ်များ အရသခင်ယေရှုသည် သေသောနောက်ပရဒိသုဘုံသို့ ရောက်သွား သည်။ တဖန်သူ၏စိတ်ဝိညာဉ်ကို ခမည်းတော်လက်၌ အပ်သောကြောင့် ခမည်းတော် ထံရောက်သွား သည်။ ထိုကြောင့် ပရဒိသုဘုံသည် ဘုရားသခင်နေသော ကောင်းကင်ဘုံဖြစ်သည်။

 
အာဗြဟံရင်ခွင်

တနေ့သ၌ ထိုဆင်းရဲ သားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ ရင်ခွင်သို့ ပို့ဆောင် ကြ၏။ (လု ၁၆:၂၂) လာဇရုရောက်သော အာဗြဟံရင်ခွင်သည် မည်သည့်နေရာဖြစ်သနည်း။ ရောမတပ်မှုးက သခင်ယေရှုကို ယုံကြည်သောအခါ သခင်ယေရှုသည် အလွန်အံ့ဩ၍ ဤသို့ ဆိုသည်၊ လူများတို့ သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ နှင့်တကွ လျောင်းရကြလတံ့၊ (မ ၈:၁၁) အာဗြဟံသည် ကောင်းကင်နိုင်ငံ၌ ရှိကြောင်း သခင်ယေရှုက ပြောသည်။ ထို့ကြောင့် အာဗြဟံရင်ခွင်သည် ကောင်းကင်နိုင်ငံ ဖြစ်သည်ဟု သိနိုင်သည်။ 

အပြစ်ဖြေသောယဇ်ကောင်

ကမ္ဘာ ၄းရ ထဲမှ חַטָּ֣את ḥaṭ·ṭāṯ ဟူသော ဟေဗြဲစကားလုံးကို Young translation ကလွဲလျှင်အင်္ဂလိပ် ကျမ်းစာအုပ်အားလုံး  က၊ "အပြစ်" ဟုဘာသာပြန်ထားသည်။ မြန်မာကျမ်းစာအုပ်တွင်၊ "အပြစ်ဖြေသောယဇ်ကောင်" ဟုဘာသာပြန်ထားသည်။ အပြစ်သည် မဝပ်နိုင်ပါ။ အပြစ်ဖြေသော ယဇ်ကောင်သည် တိရစ္ဆာန်ဖြစ်သောကြောင့် ဝပ်နိုင်သည်။ ကာဣနသည် လယ်သမားဖြစ်၍ ယဇ်ကောင် ပူဇော်စရာမရှိသောကြောင့် မြေအသီးကို ပူဇော်သည်။ ထို့ကြောင့် ဘုရားသခင်က၊ ယဇ်ကောင်ကို တံခါးနားမှာ ထားပေးခြင်းဖြစ်မည်။ ထိုအရာကိုသုံးလျှင် သူ့ကိုဘုရားသခင်က လက်ခံမည်ဖြစ်သည်။ သို့သော်သူသည် ထိုယဇ်ကောင်ကိုမသုံးဘဲ၊ သူ့ညီကိုရန်ပြု၍ သတ်လိုက်သည်။ ယနေ့ကျွန်ုပ်တို့လည်း၊ ဘုရားသခင်က ယဇ်ကောင်အဖြစ် ယေရှုကို ပေးထားသည် (ဟေဗြဲ ၉း၁၂၊ ၁၀:၅-၇)။ ထိုယဇ်ကောင်ကို အားမကိုးဘဲ၊ ကိုယ်ကျင့်တရားနှင့် ကုသိုလ်ကောင်းမှုဖြင့် ဘုရားထံချဉ်းကပ်လျှင်၊ ကာဣနကဲ့သို့ ငြင်းပယ်ခြင်း ခံရမည်သာဖြစ်သည်။

မီးဗတ္တိဇံ

ဗတ္တိဇံဆရာယောဟန်က၊ ငါသည် နောင်တ အဖို့အလိုငှာ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက် ကြွလာသောသူသည် ငါ့ထက်တတ်စွမ်းနိုင်၏။ ထိုသူ၏ ခြေနင်းတော်ကိုမျှ ဆောင်ခြင်းငှာ ငါမထိုက်။ ထိုသူသည်သန့်ရှ င်းသော ဝိညာဉ်တော်နှင့်၎င်း၊ မီးနှင့်၎င်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။ ဟုဆိုသည် (မဿဲ ၃း၁၁)။ များစွာသော ယုံကြည်သူများက၊ မီးဗတ္တိဇံကို အလွန်လိုချင်ကြသည်။ ထိုသို့ အလိုရှိခြင်းသည် ယောဟန်ဆိုလိုသော အဓိပ္ပါယ်ကိုမသိသောကြောင့် ဖြစ်သည်။ မီးဗတ္တိဇံသည် အဘယ်အရာကိုဆိုလိုသနည်း? ယောဟန်က ထိုစကားကို၊ ဖာရိရှဲနှင့် ဇဒ္ဒုကဲများထံ ပြောခြင်းဖြစ်သည်။ ကျမ်းစာကို သေချာစွာ ပိုင်းခြားလေ့လာဖို့လိုသည် (၂ တိ ၂း၁၅)။ "လက်တော်တွင် စံကောပါလျက်၊ မိမိကောက်နယ် တလင်းကို ရှင်းလင်းစေသဖြင့်၊ မိမိဂျုံစပါးကို ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သော မီးနှင့်ရှို့တော်မူလတံ့" ဟုယောဟန် ဟောပြောသောကြောင့်၊ မီးဗတ္တိဇံသည် မငြိမ်းနိုင်သော မီးငရဲအိုင်ထဲသို့ ချခြင်းကို ဆိုလိုသည်။ အဘယ်ကြောင့် မီးဗတ္တိဇံကို သန့်ရှင်းသော ဝိညာဉ်တော်ဗတ္တိဇံ၊ ဟုယူဆကြသနည်းဟူမူကား၊ တမန်တော် ၂း၃ ၌၊ "ထိုခဏခြင်းတွင်၊ ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့ ထင်ရှား၍၊ ထိုသူအသီးသီးတို့အပေါ်၌ တည်နေကြ၏၊" ဟူသောအရာနှင့် ဆက်စပ် တွဲယူသောကြောင့်ဖြစ်သည်။ ထိုနှစ်ခုသည် မည်သို့မျှ မသက်ဆိုင်ပါ။ မီးဗတ္တိဇံသည် မီးအိုင်ထဲသို့ ချပစ်ခြင်းသာလျှင်ဖြစ်သည်။

 

ဗတ္တိဇံမင်္ဂလာ

၂၀၁၉ ဇူလိုင်လ သတင်းကောင်းစာစောင်မှ

ရိုမင်ကက်သလိပ်အသင်းတော်၌ မင်္ဂလာခုနှစ်ပါးရှိသည်။ သို့သော်ပရော်တက်စတင့်အသင်းတော်များ၌ မင်္ဂလာနှစ်ပါးသာလျှင်ရှိသည်။ ထိုနှစ်ပါးသည် ဗတ္တိဇံ မင်္ဂလာနှင့် ပွဲတော်မင်္ဂလာတို့ ဖြစ်သည်။ ယခုဗတ္တိဇံမင်္ဂလာအကြောင်းကို လေ့လာကြ ရအောင်။ ဗတ္တိဇံမင်္ဂလာဟု ပြောသောအခါ၊ ရေဖြန်းခြင်းနှင့် ရေနှစ်ခြင်းကို သာလျှင်သိကြသည်။ ကျမ်းစာထဲ၌ ဗတ္တိဇံအမျိုးမျိုး ရှိသည်။ ဗတ္တိဇံဟူသော စကားသည် ဂရိတ်စကားလုံး​(βαπτίζω အင်္ဂလိပ်အသံထွက် baptizó ) မြန်မာအသံထွက် ဗတ္တိဇူး ဖြစ်သည်။ ထိုစကား လုံးကို ဘာသာပြန် သောအခါ၊ အဓိပ္ပါယ်အားဖြင့် မပြန်ဘဲ၊ မူလစကား လုံးအတိုင်း အသံထွက်ပြန်ရသည်။ ထို့ကြောင့် ဆရာယုဒသန်က မြန်မာကျမ်းစာအုပ်၌၊ ဗတ္တိဇံဟု ဘာသာပြန်ခြင်း ဖြစ်သည်။ ဗတ္တိဇံသည် ရေထဲမှာ ဖြစ်လျှင် နှစ်ခြင်း ဖြစ်၍၊ အဆိုင်အခဲထဲမှာ ဖြစ်လျှင် မြှုပ်ခြင်း ဖြစ်သည်။ ထို့ကြောင့် နှစ်ခြင်းဟု ဘာသာမပြန်ရ၊ မူလစကား အတိုင်း ဗတ္တိဇံဟု ဘာသာပြန်ရသည်။ ကျမ်းစာ ထဲ၌ ဗတ္တိဇံအမျိုးမျိုး ရှိသည်။ ထိုအရာများနှင့် ပတ်သက်၍ လေ့လာ ကြရအောင်။

 

၁။ ဣသရေလများ၏ဗတ္တိဇံ

"ညီအစ်ကိုတို့၊ ငါတို့ ဘိုးဘေး အပေါင်းတို့သည် မိုဃ်းတိမ်အောက်မှာရှိ၍၊ ပင်လယ်အလယ်၌ ရှောက်သွားကြသည် ဟူ၍၎င်း၊ ၂မိုဃ်းတိမ်နှင့် ပင်လယ်ထဲမှာ မော ရှေ၌ ဗတ္တိဇံကို ခံကြသည် ဟူ၍၎င်း၊ ၃။ ဓမ္မအစာကိုအတူ စားကြသည် ဟူ၍၎င်း၊ ဓမ္မရေကိုအတူ သောက်ကြသည် ဟူ၍ ၎င်း သင်တို့ မသိမမှတ်ဘဲ နေစေခြင်းငှါ ငါအလိုမရှိ။ ၄။ ထိုသူတို့ နောက်၌ လိုက်သော ဓမ္မကျောက်မှ ထွက်သော ရေကို သောက်ကြ၏။ ထိုကျောက် ကား ခရစ်တော် ဖြစ်သတည်း။ ၅။ သို့သော်လည်း ထိုသူတို့တွင် များစွာသော သူတို့ကို ဘုရားသခင်သည်အား ရနှစ်သက်တော် မမူ။ သူတို့သည် တော၌ သေ​ကြေ ပျက်ဆီးခြင်းသို့ ရောက်ကြ၏။ " (၁ ကော ၁၀:၁-၅)

အထက်ပါ ကျမ်းပိုဒ်များ၌ ပေါလုက၊ ဣသရေလ လူများသည် အဲဂုတ္တု ​ကျွန်မှ လွတ်မြောက်၍၊ ပင်လယ်နီထဲ၌ ဆင်းသွား၍ ဖြတ်သန်းခြင်းကို ဗတ္တိဇံဟု ခေါ်သည်။ သူ တို့သည် အဲဂုတ္တု ​ကျွန်မှ၊ ဘုရား၏ တန်ခိုးအားဖြင့် လွတ်မြောက်ပြီးမှသာပင်လယ်နီ၌ ဗတ္တိဇံခံ ကြသည်။ ထိုဗတ္တိဇံသည် ပင်လယ်ထဲ၌ ဆင်းသွားခြင်းကို ဆိုလိုသည်။ ထိုဗတ္တိဇံအားဖြင့် ရန်အဲဂုတ္တု စစ်သားများသေဆုံးကုန်၍ အောင်မြင်ခြင်း ဖြစ်သည်။ ထိုသို့ ဗတ္တိဇံ ခံပြီးမှကျောက်ထဲမှရေကို၎င်း၊ ကောင်းကင် မှကျသော မန္နမုန့်ကို၎င်း၊ စားသောက်ကြ ရသည်။ ထိုမန္နမုန့်နှင့် ကျောက်ထဲမှရေ ခရစ်တော်ကို ပုံဆောင်သည်။

ယုံကြည်သူ များလည်း အဲဂုတ္တု တည်း ဟူသောလောကမှ၎င်း၊ ဖါရောဘုရင် တည်းဟူသော စာတန်ထံမှ၎င်း၊ ဘုရားသခင်က သူ၏ တန်ခိုးအားဖြင့် ကယ်တင်ခဲ့ပြီ။ ထိုသို့ ကယ်တင်ခြင်းကို လက်ခံယုံကြည် ပြီးမှရေဗတ္တိဇံကို ခံဘို့ ဖြစ်သည်။ ဗတ္တိဇံခံပြီးမှမန္နမုန့်အစားပွဲတော်မုန့်၊ ကျောက်ထဲကရေအစားစပျစ်ရည်ကို သောက် ကြသည်။ သို့သော် ဣသရေလ လူများ ထဲမှများစွာသော သူတို့ကို ဘုရားသခင်သည်အား ရနှစ်သက်တော် မမူ။ သူတို့သည် တော၌ သေ​ကြေပျက်ဆီးခြင်းသို့ ရောက်ကြ၏ဟုဆိုသည်။ အဘယ်ကြောင့် ခါနန်ပြည် မရောက်ဘဲ တော၌ သေ​ကြေပျက်ဆီး ကြသနည်း ဟူမူကား၊ ဘုရားသခင်ကို ယုံကြည်ခြင်း မရှိကြ၊ ဂတိပြုသော ခါနန်ပြည် ကိုလည်း မထီမဲ့မြင် ပြု၍ ၀င်လိုသော စိတ်မရှိကြ၊ အဲဂုတ္တု ပြည်ကို သာလျှင် စွဲလန်း၍ ပြန်လှည့်ချင် ကြသောကြောင့် ဖြစ်သည်။ ယနေ့ ခရစ်ယာန် အများစုလည်း ထိုသူတို့ နည်းတူ၊ ကောင်းကင် ပြည် ကိုလည်း မ၀င်ချင်၊ ဘုရားသခင်ကို ယုံကြည်ခြင်း မရှိ၊ လောကကို သာစွဲလန်းသောကြောင့် ကောင်းကင် မရောက်ဘဲ၊ ငရဲမီးအိုင် ထဲသို့ ဆင်းမည့်သူများဖြစ် ကြသည်။ သင်သည် ထိုသူတို့ အ၀င် ဖြစ်ပါသလော။ အဲဂုတ္တု ပြည်မှ ထွက်သော အသက် နှစ်ဆယ်ကျော် ယောက်ျား ၆ သိန်းထဲမှခါနန်ပြည် ၀င်သော သူသည် ယောရှုနှင့် ကာလက်သာလျှင် ဖြစ်သည်။ အားလုံးလမ်း၌ သေကုန် ကြသည်။ ယနေ့ များစွာသော ခရစ်ယာန် များလည်း ငရဲသွားကြမှာကို ၀မ်းနည်းစွာ တွေ့မြင်နေရသည်။

 

၂။ ယောဟန်ဗတ္တိဇံ 

"ထိုကာလ အခါဗတ္တံဇံဆရာယောဟန်သည် ပေါ်ထွန်းလျှင်၊ ကောင်းကင် နိုင်ငံတော်သည် တည်လုနီးပြီ။ ၂။ ထိုကြောင့် နောင်တ ရကြလော့ဟု ယုဒတော၌ ဟော လေ၏။ ၃။ ပရောဖက် ဟေရှယဟောဘူးသည် ကား၊ တော၌ ဟစ်ကျော်သော သူ၏ အသံမှာ၊ ထာ၀ရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ​ဖြောင့်စေ ကြလော့၊ ဟူသော အချက်၌ ထိုယောဟန်ကို ဆိုလိုသတည်း။ ၄။ ယောဟန်သည် ကုလား အုပ်အမွေးနှင့် ရက်သော အ၀တ်ကို ၀တ်လျက်၊ ခါး၌သား ရေခါးပန်းကို စည်းလျက်၊ ကျိုင်းကောင်နှင့် တော၌ ဖြစ်သော ပျားရည်ကို စားလျက် နေ၏။ ၅။ ထိုအခါ ယေရုရှလင် မြို့မှစ၍ ယုဒပြည် သူပြည် သား၊ ယော်ဒန်မြစ်နားမှာနေသောသူ အပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား၍၊ ၆။မိမိတို့အပြစ်များကို ဘော်ပြလျှက်ယော်ဒန်မြစ်၌ ဗတ္တိဇံကို ခံကြ၏။ ၇။ ဖာရိရှဲနှင့်ဇဒ္ဒုကဲ အများတို့သည် ဗတ္တိဇံကို ခံအံ့သောငှါ လာကြသည်ကို ယောဟန်သည် မြင်လျှင်၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသော ဘေးဒဏ်မှပြေး သွားစိမ့်သောငှါ၊ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။ ၈။ နောင်တ ရခြင်းနှင့် ထိုက်တန်သော အကျင့်ကို ကျင့်ကြလော့။ ၉။ အာဗြဟံသည် ငါတို့ အဘ ဖြစ်သည် ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့ မှအာဗြဟံသား တို့ကို ထုတ်ဘော် ဖန်ဆင်း နိုင် တော်မူသည် ဟု ငါအမှန်ဆို၏။ ၁၀။ သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက် ရှိသည် ဖြစ်၍၊ ကောင်းသော အသီး မသီးသော အပင်ရှိသမျှ တို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ရ၏။ ၁၁။ ငါသည် နောင်တ အဘို့ အလိုငှါ သင်တို့ကို ရေနှင့် ဗတ္တိဇံပေး၏။ ငါ့နောက်ကြွလာသော သူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ ​ခြေနင်းတော်ကို မျှဆောင်ခြင်းငှါ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသော ၀ိညာဥ်တော်နှင့်၎င်း၊ မီးနှင့်၎င်း သင်တို့ကို ဗတ္တိဇံပေးမည်။ ၁၂။ လက်တော်တွင် စံကောပါလျက်၊ မိမိ ကောက် နယ် တလင်းကို ရှင်းလင်းစေသဖြင့်၊ မိမိ ဂျုံစပါးကို ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကို ကားမှု ငိမ်းနိုင်သော မီးနှင့်ရှို့တော်မူ လတံ့ဟု ယောဟန်ဟောပြော၏။ " (မဿဲ ၃:၁-၁၂)

ယောဟန်ပေးသော ဗတ္တိဇံသည် နောင်တရခြင်းနှင့် စပ်ဆိုင်သည်။ နောင်တရခြင်းဖြင့် နိုင်ငံတော်ထဲသို့၀င်ဘို့ဖြစ်သည်။ ထိုနိုင်ငံတော်သည် ကောင်းကင်၌ မဟုတ်ဘဲ မြေကြီးပေါ်၌ တည်မည့်နိုင်ငံဖြစ်သည်။ ယုဒလူများသည် မိမိတို့အပြစ်များကို ဖေါ်ပြလျက် လာသောကြောင့် ယောဟန်ကဗတ္တိဇံကို ယော်ဒန်မြစ်ထဲ၌ပေးသည်။ ဖာရိရှဲနှင့် ဇဒ္ဒုကဲအများတို့သည်လည်း ဗတ္တိဇံခံဘို့ရန်လာကြသော်လည်း၊ ယောဟန်ကဗတ္တိဇံ မပေးသည်သာမက၊ သူတို့၏အပြစ်များကို ဖေါ်ပြလျက် တရားစီရင်ခြင်း ခံရမည့်အရာများကို သာပြောသွားသည်။ အဘယ့်ကြောင့်သူတို့ကို ဗတ္တိဇံမပေးသနည်းဟူမူကား၊ သူတို့၏အပြစ်များကို မဖေါ်ပြသောကြောင့်ဖြစ်သည်။ ယောဟန်ပေးသော ဗတ္တိဇံသည် ယနေ့ယုံကြည်သူများပေးသော ဗတ္တိဇံနှင့်မတူချေ။

၃။ ယေရှုတပည့်များပေးသော ဗတ္တိဇံ

"ယေရှုသည်ကိုယ်တိုင်ဗတ္တိဇံကို ပေးတော် မမူ။ ၂။ တပည့်တော် တို့ သာလျှင် ပေးကြသော်လည်း၊ ယေရှုသည် ယောဟန်ထက် သာ၍များသော သူတို့ကို တပည့်တော် ဖြစ်စေ၍ ဗတ္တိဇံကို ပေးကြောင်းကို ဖာရိရှဲတို့သည် ကြားပြီဟု သခင်ဘုရား သိတော်မူ သောအခါ၊" (ယော ၄:၁-၂)

ယေရှု တပည့်တော်များကလူများကို ဗတ္တိဇံပေးသည်ကို ဤနေရာ၌ သာမှတ် တမ်းတွေ့ရသည်။ သူတို့ ပေးသော ဗတ္တိဇံသည် အကျိုးအ ကြောင်း မပြောထားပါ။ သို့သော် သူတို့၏ သခင်ယေရှုသည် တပည့်တော် များကို နိုင်ငံတော် တည်ထောင်မည့်အကြောင်း ဟောပြောခိုင်းသောကြောင့်၊ ယောဟန်ကဲ့သို့ နောင်တနှင့် ဆိုင်သော ဗတ္တိဇံကို ပေးကြခြင်း ဖြစ်မည်။ ယေရှုသည် ရှင်ဘုရင်အဖြစ် အုပ်စိုးမှာ ဖြစ်သောကြောင့် သူ့တ ပည့်များ ပေးသော ဗတ္တိဇံလည်း နိုင်ငံတော် ၀င်ဘို့ ရန် ဖြစ်မည်ဟု ယူဆရသည်။

 

၄။ ယေရှုခံသောဗတ္တိဇံ

"ထိုအခါ ယေရှုသည် ဗတ္တိဇံကို ခံအံ့သောငှါ ဂါလိလဲပြည် မှယော်ဒန်မြစ်နား ယောဟန်ထံသို့ ကြွ တော်မူ၏။ ၁၄။ ယောဟန်ကလည်း၊ အ​ကျွန်ုပ်သည်ကိုယ်တော် ထံ၌ ဗတ္တိဇံကို ခံရမည်အကြောင်း ရှိပါသည် ဖြစ်၍၊ ကိုယ်တော်သည် အ​ကျွန်ုပ်ထံသို့ ကြွလာ တော်မူ သလောဟု ယေရှုကို ဆီးတားလေ၏။ ၁၅။ ယေရှု ကလည်း အလုံးစုံသော တရားတို့ကို အကုန်အစင်ကျင့်သင့်သည် ဖြစ်၍၊ ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအ ခါယောဟန်သည် ၀န်ခံလေ၏။ ၁၆။ ယေရှုသည် ဗတ္တိဇံကို ခံတော်မူပြီး လျှင်၊ ရေမှပေါ်ထ စဥ်တွင်၊ ကောင်းကင် ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ၀ိညာဥ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ကိုယ်တော် အပေါ်၌ နားတော်မူသည်ကို မြင်ရ၍၊ ၁၇။ ဤသူကား ငါနှစ် သက်မြတ်နိုးရာ၊ ငါ၏ ချစ်သား ပေတည်းဟု ကောင်းကင် ကအသံတော် ဖြစ်လေ၏။ " (မ ၃:၁၃-၁ရ) မဿဲမှတ်တမ်းအရ ဖြစ်လျှင် ခရစ်တော် ဗတ္တိဇံခံခြင်းသည် အလုံးစုံသော တရားတို့ကို အကုန်အစင်ကျင့်သင့်သောကြောင့် ဟု ခရစ်တော်ကိုယ်တိုင်ကဆိုသည်။

"နက်ဖြန်နေ့၌ ယေရှု ကြွလာ တော်မူသည်ကို ယောဟန်သည် မြင်လျှင်၊ ဤလောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့။ ၃၀။ ငါမရှိမှီရှိနှင့်သည် ဖြစ်၍၊ ငါ့ထက် သာ၍ ကြီးမြတ်သော သူသည် ငါ့နောက်ကြွလာသည်ဟု ငါဆိုရာ၌၊ ထိုသူကို ဆိုလို၏။ ၃၁။ အစကထိုသူကို ငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလ လူတို့အား ထင်ရှားစေခြင်းငှါ ငါသည် ရေ၌ ဗတ္တိဇံကို ပေးလျက် လာ၏။ ၃၂။ ထိုမှတပါး ၀ိညာဥ်တော်သည် ကောင်းကင် မှချိုးငှက်ကဲ့သို့ ဆင်းသက်၍ ထိုသူ၏ အပေါ်၌ နားတော်မူသည်ကို ငါမြင်ရပြီ။ ၃၃။ အစကထိုသူကို ငါမသိ။ ရေ၌ ဗတ္တိဇံကို ပေး စေခြင်းငှါ ငါ့ကို စေလွှတ် တော်မူသော သူက၊ အကြင်သူ၏ အပေါ်၌ ၀ိညာဥ်တော် ဆင်း သက်၍ နားတော်မူသည်ကို သင်သည် မြင်လျှင်၊ ထိုသူကား၊ သန့်ရှင်းသော ၀ိညာဥ်တော်၌ ဗတ္တိဇံကို ပေးသော သူပေတည်းဟု မိန့် တော်မူသည် နှင့် အညီ၊ ၃၄။ ငါသည် မြင်၍ ဤသူသည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူ ကြောင်းကို သက်သေ ခံသည်ဟု ယောဟန်ဆိုလေ၏။ " (ယော ၁:၂၉-၃၄)

ယေရှု ဗတ္တိဇံခံခြင်းနှင့် ပတ်သက်၍ ယောဟန်က၊ ထိုသူကို ဣသရေလ လူတို့အား ထင်ရှားစေခြင်းငှါ ငါသည် ရေ၌ ဗတ္တိဇံကို ပေးလျက် လာ၏ဟုဆိုသည်။ မည်ကဲ့သို့ ထင်ရှားသနည်း။ ဘုရားသခင်က အကြင်သူ၏ အပေါ်၌ ၀ိညာဥ်တော် ဆင်း သက်၍ နားသည်ကို မြင်ရမည်ဟုဆိုသည်။ မဿဲမှတ်တမ်းအရ ဖြစ်လျှင်၊ သန့်ရှင်းသော ၀ိညာဥ်တော်သည် ချိုးငှက်ကဲ့သို့ မြင်ရသည်။ ကောင်းကင် ကအသံတော် ကိုလည်း နားဖြင့် ကြားရသည်။ ယေရှု၏ ဗတ္တိဇံခံခြင်းသည်၊ ယောဟန်နှင့် တကွ ဣသရေလ လူများ ကသူ့ကို ဘုရားသား ဖြစ်ကြောင်း၊ သူတို့ မျှော်လင့်နေသော မေရှိ ဖြစ်ကြောင်း သိဘို့ ရန် ဖြစ်သည်။

ယေရှုမြှုပ်နှံခြင်း

ယေရှုသည် အသေခံ၍ မြှုပ်နှံခြင်း ခံရမည့် အရာကို ဗတ္တိဇံခံခြင်းဟု ဤသို့ ဆိုခဲ့သည်၊ "မြေပေါ်၌ မီးလောင်းစေခြင်းငှါ ငါလာသတည်း။ ထိုမီးမညှိမှီတိုင် အောင် ငါ၏ အလိုမ ပြည့်စုံ။ ဗတ္တိဇံ တခုကိုလည်း ငါခံစရာ ရှိ၏။ ၅၀ထို ဗတ္တိဇံကို မခံမှီတိုင်အောင် ငါသည် အလွန်ငြီးငွေ့သော စိတ်ရှိ၏။ " (လု ၁၂:၄၉-၅၀)

လက်ဝဲနှင့် လက်ျာရံလျှောက်သော ယာကုပ်နှင့် ယောဟန်ညီအကို ထံ၌ ဤသို့ ဆိုခဲ့သည်၊ "ထိုအခါ ​ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်သည် အထံတော်သို့ ချဥ်းကပ်၍၊ အရှင်ဘုရား၊ အ​ကျွန်ုပ်တို့ တောင်းသော ဆုကျေးဇူးကို ပြု တော်မူ စေချင် ပါသည်ဟု လျှောက်လေ၏။ ၃၆။ ကိုယ်တော်က ငါသည် သင်တို့ကို အဘယ်သို့ ပြုစေချင် သနည်းဟု မေး တော်မူသော်၊ ၃၇။ ကိုယ်တော်သည် ဘုန်းပွင့် တော်မူ သောအခါ အ​ကျွန်ုပ် တို့သည် လက်ျာတော် ဘက်၌ တယောက်၊ လက်ဝဲတော် ဘက်၌ တယောက် ထိုင်ရသော အခွင့်ကို ပေး တော်မူ ပါဟု လျှောက်ကြ၏။ ၃၈။ ယေရှု ကလည်း သင်တို့သည် အဘယ်သို့ တောင်းပန်သည်ကို သင်တို့ မသိကြ။ ငါသောက်သော ခွက်ကို သောက်ခြင်း ငှါ၎င်း၊ ငါခံသော ဗတ္တိဇံကို ခံခြင်း ငှါ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သလောဟု မေး တော်မူ လျှင်၊ ၃၉။ အ​ကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏ဟု လျှောက်ကြသော်၊ ယေရှုက၊ ငါသောက်သော ခွက်ကို သင်တို့သည် သောက်ရကြလိမ့်မည်၊ ငါခံသော ဗတ္တိဇံကိုလည်း သင်တို့သည် ခံရကြလိမ့်မည်။ " (မာ ၁၀:၃၅-၃၉) ယေရှု သောက်မည့် ခွက်သည် သေခြင်းကို ဆိုလိုသည်။ သူခံရမည့် ဗတ္တိဇံသည် အသေခံ ပြီးမှမြှုပ်နှံခြင်း ခံရမည့် အရာကို ဆိုလိုသည်။ ရေနှစ်ခြင်း မဟုတ်။

၅။ ယုံကြည်သူများ၏ဗတ္တိဇံ

သခင်ယေရှုက၊ "သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊သား တော်၊ သန့်ရှင်းသော ၀ိညာဥ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ၂၀။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော် တို့ကို စောင့်ရှောက် စေခြင်းငှါ ဆုံးမဩ၀ါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည် တိုင်အောင် သင်တို့နှင့်အတူ အစဥ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ " (မဿဲ ၂၈:၁၉-၂၀)

အထက်ပါ အမိန့်တော် အရ ဖြစ်လျှင် ဗတ္တိဇံခံခြင်းသည် ခရစ်တော်၏ တပည့်တော် ဖြစ်ကြောင်း သက်သေ ထူခြင်းဖြစ်သည်။ တပည့်တော် ဖြစ်လျှင် ခရစ်တော် ပေးသ မျှသော ပညတ်တော် တို့ကို လိုက်ရှောက်ဘို့ ဖြစ်သည်။ တပည့်သည် သခင်ခိုင်းသမျှကို ဆင်​ခြေမပေးဘဲ လုပ်ရမှာ ဖြစ်သည်။ သို့သော်ဗတ္တိဇံခံသော သူအများစုသည်၊ ခရစ်တော်၏ တပည့်မ ဖြစ်ကြ၊ သူခိုင်းသော အလုပ်ကိုလည်း မလုပ်သည် သာမက၊ သိလည်း မသိကြသည်ကို ၀မ်းနည်းဘွယ်တွေ့မြင်နေရသည်။

"သင်တို့သည်လောကီနိုင်ငံအရပ်ရပ်ရှိသမျှသို့ သွား၍၊ ဝေနေယျသတ္တ၀ါအ ပေါင်းတို့အား ဧ၀ံဂေလိတရားကို ဟောကြလော့။ ၁၆ယုံကြည်၍ ဗတ္တိဇံကို ခံသော သူသည် ကယ်တင် တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သော သူမူကား အပြစ် စီရင်ခြင်းကို ခံရလတံ့။ ၁၇။ ယုံကြည်သော သူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာဟူမူကား၊ ငါ၏ နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ် ကြလတံ့။ ထူးခြားသော ဘာသာစကား မျိုးတို့ကို ပြောကြလတံ့။ ၁၈။ မြွေတို့ကို ဘမ်းကိုင်ကြလတံ့။ သေစေတတ်သော အဆိပ်အ တောက်ကို သောက်စားလျှင် ဘေးဥပဒ်နှင့် ကင်းလွတ် ကြလတံ့။ မကျန်းမမာသောသူ တို့ အပေါ်မှာ လက်ကို တင်၍ ချမ်းသာ ပေးကြလတံ့ဟု မိန့် တော်မူ၏။ " (မာကု ၁၆:၁၅-၁၈)

မာကု၏ မှတ်တမ်းအရ ဖြစ်လျှင် ဗတ္တိဇံခံခြင်းသည်၊ ခရစ်တော်ကို ယုံကြည်ခြင်း၏ အထိ မ်းအမှတ် ဖြစ်သည်။ ယုံကြည်သော သူတို့သည် နိမိတ်လက္ခဏာများ ကိုလည်း တွေ့မြင်ရမှာ ဖြစ်သည်။ သို့သော်ယနေ့ ယုံကြည်သူများ၌ နိမိတ်လက္ခဏာများများမတွေ့ရခြင်းသည်၊ မယုံကြည် ကြသောကြောင့် ဖြစ်သည်။

" ယေရှုခရစ်၌ ဗတ္တိဇံကို ခံသော သူရှိသမျှ တို့သည် အသေခံ တော်မူခြင်း၌ ဗတ္တိဇံကို ခံကြသည်ဟု သင်တို့ မသိသလော။ ၄။ ထိုကြောင့်၊ အသေခံ တော်မူခြင်း၌ ဗတ္တိဇံကို ခံသော အားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုလ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ် တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်း မှထမြောက် တော်မူသည် နည်းတူ၊ ငါတို့ သည်လည်း အသစ်သော အသက်၌ ကျင်လည်ရကြသတည်း။ ၅။ တနည်းကား၊ အသေခံ တော်မူခြင်း၏ ပုံသဏ္ဍာန်ကို ဆောင်၍၊ ထိုသခင်နှင့်အတူ ငါတို့သည် စိုက်ပျိုးလျက် ရှိသည် မှန်လျှင်၊ ထမြောက် တော်မူခြင်း၏ ပုံဏ္ဍာန်ကို ဆောင်၍ စိုက်ပျိုးလျက် ရှိကြလိမ့်မည်။ " (ရော ၆:၃-၅)

လူသည် အပြစ် သား၊ အာဒံသား၊ စာတန်သား ဖြစ်သောကြောင့် ဘုရား စကားနားမထောင်နိုင်ပါ။ ဘုရား၏ရန်သူ၊ ဇာတိလူဖြစ်သည်။ မည်မျှပင် သွန်သင်၍ ခြိမ်းခြောက်သော်လည်း၊ ဘုရား၏ စံနှုန်းမမှီနိုင်ပါ။ ထို့ကြောင့် ဘုရားသခင်က လူကို ယေရှုအထဲ၌ ထည့်လိုက်သည် (၁ ကော ၁:၃၀)။ ထိုအရာသည် ယေရှုခရစ်၌ ဗတ္တိဇံခံခြင်းဖြစ်သည်။ ထိုနောက်အသေခံ တော်မူခြင်း၌ ဗတ္တိဇံခံကြပြန်သည်။ ဆိုလိုသည် မှာ ယေရှုခရစ် ထဲမှအသေခံသည်။ ထို့နောက်ယေရှုနှင့်အတူ သင်္ဂြိုလ်ခြင်းကို ခံကြ၏။ ပေါလုက ကောလောသဲအသင်းတော်ထံ၊ "ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ ခရစ်တော်ကို သေခြင်း မှထမြောက် စေ တော်မူသော ဘုရားသခင်၏ ပြုပြင်အား ထုတ် တော်မူခြင်းကို ယုံကြည်သော အားဖြင့်၊ ဗတ္တိဇံကို ခံ၍ ထိုသခင်နှင့်အတူ ထမြောက် ခြင်းသို့ ရောက်ကြ၏။ " (ကော ၂:၁၂) ဟု ရေးခဲ့သည်။ ထို့ကြောင့် ယုံကြည်သူ များ၏ ဗတ္တိဇံသည်၊ ခရစ်တော်နှင့်အတူ သေ၍ သင်္ဂြိုဟ်ခြင်း (ဗတ္တိဇံ)ကို ခံပြီး သူနှင့်အတူ ထမြောက်ခြင်းကို ရေထဲ၌ နှစ်ခြင်း အားဖြင့် ဘုရား ရှေ့၊ လူရှေ့၌ ပုံသက်သေ ပြခြင်း ဖြစ်သည်။ ထို့ကြောင့် အရင်ထို သမ္မာတရားကို မသိ၊ မယုံကြည်ဘဲ ရေနှစ်ခြင်း ခံလျှင် ဘာမျှထူးခြားမှု မရှိသောကြောင့် အဓိပ္ပါယ်မရှိချေ။ များသောအားဖြင့် ရေနှစ်ခြင်းအား ဖြင့်၊ ကယ်တင်ခြင်းသို့ ရောက်သည်၊ ဒုတိယ မွေးဘွားသည်ဟု ယူဆ ကြသည်။ ထိုသို့မဟုတ်၊ ယေရှုနှင့်အတူ သေ၍ ထမြောက် သောကြောင့်၊ ဒုတိယ မွေးဘွား၍ ကယ်တင်ခြင်းသို့ ရောက်သည်။ ထိုအရာကို ယုံကြည် လက်ခံသော သူကို သာလျှင်၊ ရေနှစ်ခြင်း ပေးရမှာ ဖြစ်သည်။

 

၆။ သေပြီးသူများအတွက်ဗတ္တိဇံ

"သေလွန်သော သူတို့သည် ထမြောက်ခြင်း အလျှင်း မရှိလျှင်၊ သေလွန်သော သူတို့၏ကိုယ်စားဗတ္တိဇံကို ခံသော သူတို့သည် အဘယ်သို့ ပြုရမည်နည်း။ သေလွန်သော သူတို့၏ကိုယ်စားအဘယ်ကြောင့်ဗတ္တိဇံကို ခံရကြသနည်း။ ၃၀။ ငါတို့ သည်လည်း ဘေးရောက်အံ့သော အခြင်း ရာနှင့် အဘယ်ကြောင့်တွေ့ရကြသနည်း။ ၃၁။ ငါသည်နေ့ တိုင်း အသေခံ ရ၏ဟု ငါတို့ သခင် ယေရှုခရစ်၌ သင်တို့ အကြောင်းကြောင့် ငါ၀ါကြွား ၀မ်း မြောက်ခြင်းကို တိုင်တည်၍ ငါဆို၀ံ့၏။ ၃၂။ သေလွန်သော သူတို့သည် ထမြောက်ခြင်း မရှိ လျှင်၊ ဧဖက်မြို့၌လောကီဝေါဟာရအားဖြင့်၊ အထက် ကငါသည်သား ရဲတို့နှင့် တိုက်သော်လည်း၊ အဘယ် အကျိုးရှိသနည်း။ စားကြကုန်အံ့၊ သောက်ကြ ကုန်အံ့၊ နက်ဖြန် သေရကြမည်။ " (၁ ကော ၁၅:၂၉-၃၂)

သေလွန်သော သူတို့၏ကိုယ်စားဗတ္တိဇံခံခြင်းသည်၊ နားလည်ရခက်သော ကျမ်းပိုဒ်ဖြစ်သည်။ မောရ်မွန်များက ဤအရာကို အသုံးပြု၍၊ သေလွန်ပြီးသော သူများကိုယ်စား အသက်ရှင်သောသူများက ဗတ္တိဇံခံပေးကြသည်။ အထက်၌ ဖေါ်ပြသည့်အတိုင်း ဗတ္တိဇံခံခြင်းသည်၊ ယုံကြည်ခြင်း၊ တပည့်တော်ဖြစ်ခြင်း၊ ခရစ်တော်နှင့်အတူသေ၍ ရှင်ပြန်ထမြောက်ခြင်းကို ပုံဆောင်သောကြောင့်၊ အသက်ရှင်သောသူများက သေပြီးသောသူများကိုယ်စားပြုခြင်းသည် မဖြစ်နိုင်ပါ။ အဓိပ္ပါယ်မရှိပါ။

သို့ဖြစ်လျှင် မည်ကဲ့သို့ နားလည်ရမည်နည်း။ ပေါလုတို့အဖွဲ့သည် ဧဖက်မြို့၌ ဧ၀ံဂေလိတရားဟောသောကြောင့်၊ သေဘေးနှင့် နေ့တိုင်း ကြုံတွေ့ရသည်။ ပေါလုက ငါသည် နေ့တိုင်း အသေခံရသည်ဟုဆိုသည်။ ဆိုလိုသည်မှာ အသတ်ခံရလျှင်လည်း လူများကယ်တယ်ခြင်းသို့ ရောက်ဘို့ရန်လိုအပ်သောကြောင့် ဟောပြောသည်။ သူ့ကိုယ်သူ သေပြီးသားကဲ့သို့ အသက်ကို မနှမျောဘဲ ဟောပြောသည်။ အကယ်၍ အသတ်ခံရလျှင်လည်း၊ ရှင်ပြန်ထမြောက်ဦးမည်ဖြစ်၍၊ မျှော်လင့်ချက်ရှိသောကြောင့် မကြောက်ဘဲ ဟောခြင်းဖြစ်သည်။ အကယ်၍ အသတ်ခံလျှင် မြှုပ်နှံခြင်း ဗတ္တိဇံခံရမည်။ ထို့ကြောင့်၊ သူသည်နေ့တိုင်းအသေခံသည်၊ ဗတ္တိဇံခံသည်။ သေလွန်သောသူများသည် သူဟောပြောခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်၍ ခန္ဓာကိုယ်သေသော သူများကို ဆိုလိုနိုင်သကဲ့သို့၊ ၀ိညာဥ်ပိုင်းသေနေသော သူများ ကိုလည်း ဆိုလိုနိုင်သည်။ မည်သူ့ပင်ဖြစ်စေ ထိုသူများအတွက် အသေခံ၊ ဗတ္တိဇံခံသည်ဟုဆိုခြင်းဖြစ်သည်။

                               ကောင်းကင်နိုင်ငံတော်နှင့်ဘုရားသခင်၏နိုင်ငံတော်

မဿဲ ၁၉း၂၃-၂၄ ၌ သခင်ယေရှုက ကောင်းကင် နိုင်ငံတော်နှင့် ဘုရားသခင်၏ နိုင်ငံတော်ကို အပြန်အလှန် အသုံးပြုသည်။ ထို့ကြောင့်၊ ကောင်းကင် နိုင်ငံတော်နှင့် ဘုရားသခင်၏ နိုင်ငံတော်သည် အတူတူပင်ဖြစ်သည် ၊ ဟုယူဆနိုင်သည်။ ဘုရားသခင်၏ နိုင်ငံတော်ကို ကျမ်းစာထဲ၌ ၆၈ ကြိမ်၊ ကောင်းကင် နိုင်ငံတော်ကို ၃၂ ကြိမ် တွေ့ရ၍ မဿဲ ကသာအသုံးပြုသည်။ အောက်ပါ ကျမ်းပိုဒ်များတွင် မဿဲက ဘုရားသခင်၏ နိုင်ငံတော်၊ ဟုသုံးသောအရာကို မာကုနှင့်လုကာ၌ ကောင်းကင်နိုင်ငံတော်၊ ဟုသုံးသွားကြောင်း တွေ့ရသည်။

ငါအမှန်ဆိုသည်ကား၊ မိန်းမမွေးသော သူတို့တွင် ဗတ္တိဇံဆရာယောဟန်  ထက်ကြီးမြတ်သောသူ တစ်ယောက်မျှ မပေါ်ထွန်းသေး။ သို့သော်လည်း ကောင်းကင် နိုင်ငံတော် တွင် အငယ်ဆုံးသောသူသည် ထိုသူထက် သာ၍ ကြီးမြတ်၏။ ၁၂ ဗတ္တိဇံဆရာ ယောဟန် လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင် နိုင်ငံတော်ကို အနိုင်အထက် ပြုကြ၏။ အနိုင်အထက် ပြုသော သူတို့သည်လည်း လုယူ ဝင်စားရကြ၏။ (မဿဲ ၁၁း၁၁-၁၂)

 ငါဆိုသည်ကား မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သော ပရောဖက်တယောက်မျှမရှိ။ သို့သော်လည်း ဘုရားသခင်၏ နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက်သာ၍ ကြီးမြတ်၏။ (လုကာ ရး၂၈)

 ကိုယ်တော်က၊ သင်တို့သည် ကောင်းကင် နိုင်ငံတော်၏ နက်နဲသော အရာတို့ကို သိရသော အခွင့်ရှိကြ၏။(မဿဲ ၁၃း၁၁)

ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့် နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသောအခွင့်ရှိကြ၏။(လုကာ ၈း၁ဝ)

ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့် နိုင်ငံတော်၏ နက်နဲသောအရာကို သိရသောအခွင့်ရှိကြ၏။(မာကု ၄း၁၁)

 

  မဿဲ ၁၃း၂၄ နှင့် မာကု ၄း၂၆။ မဿဲ ၁၃း၃၁ နှင့် မာကု ၄း၃ဝ နှင့် လုကာ ၁၃း၁၈။ မဿဲ ၁၃း၃၃ နှင့် လုကာ ၁၃း၂ဝ။ မဿဲ ၁၈း၃ နှင့် မာကု ၁ဝး၁၄ နှင့် လုကာ ၁၈း၁၆။ မဿဲ ၂၂း၂ နှင့် လုကာ ၁၃း၂၉။

 

                                                   ဧဝံဂေလိတရား (မဿဲ ၂၄း၁၄)

"နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား" သည် "ကျေးဇူးတော်နှင့် ယှဉ်သော ဧဝံဂေလိတရား" နှင့်မတူချေ။ ကျေးဇူးတော်နှင့် ယှဉ်သော ဧဝံဂေလိတရားသည်၊ ခရစ်တော် အသေခံ၍ ရှင်ပြန်ထမြောက်ပြီးမှ ဟောပြောသော တရားဖြစ်၍၊ လောကမှာ တည်ထောင်မည့် နိုင်ငံတော် မဟုတ်ဘဲ၊ ကောင်းကင် နိုင်ငံတော်ထဲသို့ ဝင်မည့်အရာ ဖြစ်သည်။ ထိုတရား၌ ဒုတိယ မွေးဖွားရမည် ဟူသောအရာသည် အဓိက ဖြစ်သည်။ နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားသည်၊ လောက၌ ခရစ်တော် အုပ်စိုးမည့်အရာ ဖြစ်၍၊ နောင်တရခြင်းသည် အဓိကတရား ဖြစ်သည်။ ထိုတရားကို ဗတ္တိဇံဆရာ ယောဟန်က စတင်ဟော၍၊ ခရစ်တော်နှင့် တပည့်တော်များက ဆက်ဟောခဲ့သည်။ ယခု အသင်းတော်ခေတ်၌ ထိုတရားကို မဟောတော့ပါ။ နိုင်ငံတော်တရားကို ဘေးဒဏ်ကြီး ကာလ၌ ပြန်ဟောကြမှာ ဖြစ်သည်။

 

                                သင်္ဘောသဖန်းပင်သည်ဣသရေလလူမျိုး (မဿဲ ၂၄း၃၂)

 သင်္ဘောသဖန်းပင်သည် "ဣသရေလလူမျိုးကို ပုံဆောင်ကြောင်း" ယေရမိ ၂၄း၁-၁၀ ၌ဤသို့ ထင်ရှားစွာ တွေ့နိုင်သည်။

သင်္ဘောသဖန်းသီးတောင်းနှစ်လုံး                                                                                                                                         

၁ ထာဝရဘုရားပြတော်မူသော ရူပါရုံဟူမူကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင် ယောယကိမ်သား ယေခေါနိမင်းအစရှိသော ယုဒမှူးမတ်များ၊ လက်သမားများ၊ ပန်းပဲသမားများတို့ကို ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသောနောက်၊ ထာဝရဘုရား၏ ဗိမာန်တော်ရှေ့၌ ထားသော သင်္ဘောသဖန်းသီး တောင်းနှစ်လုံးသည် ထင်ရှားလေ၏။
၂ တောင်းတစ်လုံး၌ကား၊ အဦးမှည့်သော သင်္ဘောသဖန်းသီးကဲ့သို့ အလွန်ကောင်းသော သင်္ဘောသဖန်းသီးနှင့် ပြည့်လျက်ရှိ၏။ တစ်လုံး၌ကား၊ မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးနှင့် ပြည့်လျက်ရှိ၏။
၃ ထာဝရဘုရားကလည်း၊ ယေရမိ၊ သင်သည် အဘယ်အရာကို မြင်သနည်း၊ ဟုမေးတော်မူလျှင်၊ အ​ကျွန်ုပ်သည် သင်္ဘောသဖန်းသီးကိုမြင်ပါ၏။ ကောင်းသော သင်္ဘောသဖန်းသီးသည် အလွန်ကောင်းပါ၏။ ညံ့သော သင်္ဘောသဖန်းသီးသည် မစားနိုင်အောင် အလွန်ညံ့ပါသည်၊ ဟုပြန်လျှောက်၏။

သိမ်းသွားခြင်းခံသူတို့ ကောင်းသောသဖန်းသီး
၄ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
၅ ဤအရပ်မှ ခါလဒဲပြည်သို့ ငါစေလွှတ်၍ သိမ်းသွားခြင်းကို ခံရသော ယုဒအမျိုးသားတို့သည်၊ ဤကောင်းသောသင်္ဘောသဖန်းသီးကဲ့သို့ ဖြစ်ကြသည်၊ ဟုငါဝန်ခံမည်။
၆ သူတို့၌ ကျေးဇူးပြုမည်၊ ဟုငါကြံစည်၍၊ ဤပြည်သို့ တဖန်ငါဆောင်ခဲ့ဦးမည်။ နောက်တဖန် မဖြိုမဖျက်ဘဲ တည်ဆောက်မည်။ မနှုတ်မပယ်ဘဲ စိုက်ထားမည်။
၇ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို၊ သူတို့သိနိုင်သော စိတ်နှလုံးကို ငါပေးမည်။ သူတို့သည် ငါ၏လူဖြစ်ကြ၍၊ ငါသည်လည်း သူတို့၏ ဘုရားသခင် ဖြစ်လိမ့်မည်။ ငါ့ထံသို့ စိတ်နှလုံး အကြွင်းမဲ့နှင့် ပြန်လာကြလိမ့်မည်။

ယေရုရှလင်မြို့၌ ကျန်ရစ်သူတို့ ညံ့သောသဖန်းသီး
၈ မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးကဲ့သို့၊ ငါသည် ယုဒရှင်ဘုရင် ဇေဒကိမှစ၍၊ မှူးတော်မတ်တော်၊ ဤပြည်၌ ကျန်ကြွင်းသော ယေရုရှလင်မြို့သား၊ အဲဂုတ္တုပြည်၌ နေသော အမျိုးသားတို့ကို ဖြစ်စေမည်။
၉ သူတို့သည် ငါနှင်ရာ အရပ်ရပ်တို့၌ ကဲ့ရဲ့ခြင်း၊ ပုံခိုင်းခြင်း၊ ဆဲရေးခြင်း၊ ကျိန်ခြင်းတို့ကို ခံရမည်အကြောင်း၊ ငါသည်မြေပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့၌ နှောင့်ယှက် ညှဉ်းဆဲခြင်းသို့ သူတို့ကို အပ်လိုက်မည်။
၁၀ သူတို့နှင့် သူတို့၏ ဘိုးဘေးတို့အား ငါပေးသောပြည်မှ၊ သူတို့ကို မပယ်ရှင်းမှီတိုင်အောင် ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးကို သူတို့ရှိရာသို့ ငါစေလွှတ်မည် ၊ ဟုထာဝရဘုရား မိန့်တော်မူ၏။

ဟောရှေ ၉း၁၀ တွင် ဘုရားသခင်က၊ "တော၌ စပျစ်သီးကဲ့သို့ဣသရေလအမျိုးကိုငါတွေ့၏။ သီးစသောသင်္ဘောသဖန်းပင်၌ အဦးဆုံးမှည့်သောသင်္ဘောသဖန်းသီးကဲ့သို့သင်တို့ဘိုးဘေးများကိုငါမြင်၏။ သူတို့သည်ကိုယ်အလိုအလျောက်ဗာလပေဂုရဘုရားထံသို့သွား၍၊ ထိုရှက်ဘွယ်သောအရာ အဘို့ကိုယ်ကိုအပ်နှံသဖြင့်တပ်မက်သည်အတိုင်းစက်ဆုပ်ရွံရှာဘွယ်သောအမှုတို့ကိုပြုကြ၏။" ဟုဆိုသည်။

သင်္ဘောသဖန်းသီးခုတ်ဖို့ပြော

လု ၁၃း၆-၉ ၌ သုံးနှစ် ရှိသော်လည်း အသီးမသီးသော သင်္ဘောသဖန်းပင်ကို ခုတ်ပစ်မည့် အကြောင်း သခင်ယေရှုက ဥပမာအားဖြင့် ဤသို့ပြောခဲ့သည်။ ၆ တဖန် ဥပမာကို မိန့်တော်မူသည်ကား၊ လူတယောက်သည် ဥယျာဉ်၌ စိုက်သော သင်္ဘောသဖန်းပင် တပင်ရှိ၏။ ထိုအပင်သို့လာ၍ အသီးကို ရှာသော်လည်းမတွေ့။ ၇ ထိုအခါ ဥယျာဉ်စောင့်အားလည်း၊ သုံးနှစ်ပတ်လုံး ဤသင်္ဘောသဖန်းပင်သို့ ငါလာ၍၊ အသီးကို ရှာသော်လည်း မတွေ့မရ။ ခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကိုနှောက်ယှက်ရသနည်း၊ ဟုအမိန့်ရှိသော်၊ ဥယျာဉ်စောင့်က၊ သခင်၊ ယခုနှစ်ရှိပါစေဦး။ ၈ အ​ကျွန်ုပ်သည် အပင်နားပတ်လည်ကို တူးဆွ၍၊ နောက်ချေးကို ဖို့ပါမည်။ ၉ အသီးသီးကောင်း သီးပါလိမ့်မည်။ သို့မဟုတ် နောက်မှ ခုတ်ပစ်တော်မူပါ၊၊ ဟုလျှောက်လေသည်၊ ဟုမိန့်တော်မူ၏။ သခင်ယေရှုသည် ဣသရေလလူမျိုး၌ သုံးနှစ်အမှုတော် ဆောင်သော်လည်း သူမျှော်လင့်ထားသောအသီး မသီးသော ကြောင့် ခုတ်ပစ်ခြင်း တည်းဟူသော တရားစီရင်ခြင်းကို ပြုလုပ်ဖို့ပြောခြင်းဖြစ်သည်။ 

သင်္ဘောသဖန်းသီးကိုကျိန်

သခင်ယေရှုသည် ရှင်ဘုရင်အဖြစ် ဘိတ်သိက်‌ပေးခြင်းခံဖို့ မြည်းကလေးစီး ပြီးလာသောအခါ သာမန်လူများက သူ့ကို ရှင်ဘုရင်အဖြစ် လက်ခံကြသော်လည်း၊ ဗိမာန်တော် ရောက်သောအခါ ယဇ်ပုရောဟိတ် အကြီးနှင့် ကျမ်းပြုဆရာတို့က လက်မခံခဲ့ကြချေ (မဿဲ ၂၁း၁၅)။ ထို့ကြောင့် အမျက်ထွက်၍ သင်္ဘောသဖန်းပင်ကို ကျိန်၍ သေသွားသည် (မဿဲ ၂၁း၁၉၊ မာကု ၁၁း၁၂-၁၄)။ ခရစ်တော်သည် ဆာသောကြောင့်၊ ဟုဆိုသော်လည်း၊ သင်္ဘောသဖန်းပင် ကျိန်ခြင်းသည် ဆာမွတ်ခြင်း သက်သက်ကြောင့်သာ ဖြစ်မည်မထင်။ သူ့ကို လက်မခံသော ဣသရေလကို ကျိန်ခြင်းဖြစ်မည်။ သူ့ကို အေဒီ (၃၃) တွင် ငြင်းပယ်ခဲ့၍ အေဒီ (၇၀) တွင် ရောမစစ်သား များအားဖြင့် သူတို့လည်း သတ်ဖြတ်ခြင်း နှင်ထုတ်ခြင်းခံရ၍ ထိုအချိန်မှစ၍ ကမ္ဘာအရပ်ရပ်၌ ထွက် ပြေး ခြင်းအားဖြင့် နိုင်ငံပျောက်ခဲ့သည်။ ထိုသင်္ဘော သဖန်းပင်သည် ၁၉၄၈ ခုနှစ်တွင် နိုင်ငံပြန်လည် ထူထောင်ခြင်းဖြင့် အတက် ပြန်ပေါက်လာပြီ။ ယခုအခါ ဣသရေလ နိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ပညာရေး၌ ဝေဝေ ဆာဆာ ရှိလာပြီ။ ထို့ကြောင့် နွေရာသီ တည်းဟူသော ဘေးဒဏ်ကြီး ကာလ နီးကြောင်း သိနိုင်သည်။

                                              ကောင်းကင်နိုင်ငံသော့

သခင်ယေရှုက ပေတရုထံ ကောင်းကင်နိုင်ငံ သော့ကို ပေးမည်၊ ဟုဆိုသည်။ ထိုကောင်းကင်နိုင်ငံ သော့သည် အဘယ်အရာဖြစ်မည်နည်း။ ကောင်းကင်နိုင်ငံသို့ သခင်ယေရှုအားဖြင့်သာ ဝင်နိုင်သည် (ယောဟန် ၁၄း၆)။ သခင်ယေရှု၏ ကယ်တင်ခြင်းကို သိရှိ၍ ယုံကြည်လက်ခံခြင်းသည် သော့ဖြစ်သည်။ ထိုကယ်တင်ခြင်းကို သိရှိလက်ခံသူတိုင်း ကောင်းကင်နိုင်ငံ သော့ရှိသည်။ ထိုသတင်းကောင်းကို ပြောပြ၍ ယုံကြည်သူတိုင်း ကောင်းကင်နိုင်ငံ ဝင်ခွင့်ရသည်။ သင်သည် ထိုသော့ကို ပိုင်ဆိုင်လျှင် အခြားသော သူများအတွက် ကောင်းကင်နိုင်ငံတံခါး သော့ကို ဖွင့်ပေးဖို့လိုသည်။

                                                 ဆရာ (မဿဲ ၂၃း၇-၈)

မူရင်းဂရိတ်ကျမ်း၌ ῥαββί အင်္ဂလိပ်အသံထွက် rhabbi ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား"၊ ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ (သို့မဟုတ်) သခင်" ဖြစ်သည်။

                                              ဥပဇ္ဈာယ်ဆရာ (မဿဲ ၂၃း၁၀)

မြန်မာကျမ်းစာအုပ်၌ "ဥပဇ္ဈာယ်ဆရာ"ဟုရေးထားသောအရာသည် ဆရာဖြစ်သည်။

                                             လှို့ဝှက်သောသူ (မဿဲ ၆း၂။ ၆း၅။ ၆း၁၆။ ၁၅း၇။ ၁၆း၃။ ၂၂း၁၈။ ၂၃း၁၃။ ၂၃း၁၅။ ၂၃း၂၃။ ၂၃း၂၅။ ၂၃း၂၇။ ၂၃း၂၉။ ၂၄း၅၁။ မာကု ရး၆။ လု ၁၂း၅၆။ လု ၁၃း၁၅)

လှို့ဝှက်သောသူ- အင်္ဂလိပ်လို hypocrite (ဟီပိုခရစ်) ကို မြန်မာကျမ်းစာ၌ လှို့ဝှက်သောသူ၊ ဟုဘာသာပြန်ထားသည်။ Hypocrite ၏ အဓိပ္ပာယ်သည်၊ ပြောသည့်အတိုင်း မလုပ်တတ်သော သူကို ဆိုလိုသည်။ အရက်သောက်ဖို့ မကောင်းကြောင်း ဟောပြောနေသော်လည်း၊ ကိုယ်တိုင် တိတ်တိတ်လေး သောက်သောသူ၊ သူများကို လှူဖို့ တိုက်တွန်းသော်လည်း ကိုယ်တိုင် မလှူတတ်သောသူ၊ မေတ္တာအကြောင်း ပြောနေသော်လည်း ကိုယ်တိုင် မချစ်တတ်သော သူသည် hypocrite ဖြစ်သည်။ ထို့ကြောင့် ချီဆောင်ခြင်း အကြောင်း မသိသောသူ၊ ချီဆောင်ခြင်း အကြောင်း ဟောပြောသော်လည်း၊ ခရစ်တော်တွေ့ဖို့ မပြင်ဆင်သော သူသည် hypocrite ပါးစပ်ပဲ ဖြစ်သည်။

                                                ပေတရု Petros (မဿဲ ၁၆း၁၈)

ပေတရု Petros သခင်ယေရှုက ယောနသားရှိမုန်ကို၊ သင်သည် ပေတရုဖြစ်၏၊ ဟုဆိုသည်။ ပေတရု၏ အဓိပ္ပာယ်သည်၊ ကျောက်တုံးကလေးဖြစ်သည်။ ကျောက်တုံးကလေးနှင့် ပတ်သက်၍၊ ပေတရုက ယုံကြည်သူများထံ၊ သင်တို့သည် အသက်ရှင်သော ကျောက်မြတ်၊ ဟုဆိုသည် (၁ ပေ ၂း၄-၅)။ ထို့ကြောင့် စစ်မှန်သော ယုံကြည်သူတိုင်းသည်၊ အသက်ရှင်သော ကျောက်တုံးကလေး (ပေတရု) များဖြစ်ကြသည်။ 

                                                ဗိမာန်တော်အခွန် (မဿဲ ၁၇း၂၄)

δίδραχμα drachma ဒိဒြမ္မ ဗိမာန်တော် အခွန်သည် ဆယ်ဘို့တစ်ဘို့ အလှုငွေများ မဟုတ်ချေ။ ဣသရေလလူ ယောက်ျား အသက်နှစ်ဆယ်ထက် ပိုသော သူတိုင်း တဲတော်စရိတ်အတွက် ကောက်ခြင်း ဖြစ်သည်။(ထွက် ၃၀း၁၁-၁၆။ ထွက် ၃၈း၂၆) ဆင်းရဲသူ၊ ချမ်းသာသူ မခွဲခြားဘဲ လူတစ်ယောက် အကျပ်တဝက်စီ ပေးရသည်။ ဗိမာန်တော်သည် ဘုရားပိုင်သောကြောင့် ဘုရားသားယေရှုသည် အခွန်ပေးစရာ မလိုချေ။ သို့သော် အခွန်ကောက်သောသူများက ယေရှုကို ဘုရားသားအဖြစ် မမြင်ကြသောကြောင့် သူလည်း ဗိမာန်တော်အခွန် ပေးသည်။

                                         မျောက်မထားသောသူ (မဿဲ ၁၆း၄။ မာကု ၈း၃၈။ လု ၁၁း၂၉-၃၂)

မဿဲ ၁၂း၃၉ ၌ "မျောက်မထားသောသူ" ဟုရေးထားသည်။ အင်္ဂလိပ်ကျမ်းစာများ၌ adulterous ဟုရေးထားသည်။ ဆိုလိုသည်မှာ ခင်ပွန်းသည်အပေါ် သစ္စာမရှိ၊ လင်ငယ်၊ မယားငယ်ရှိသောသူ၊ ဖောက်ပြန်သောသူ၊ နောက်မီးလင်းသောသူ ကိုဆိုလိုသည်။ ယုံကြည်သူများသည် သခင်ယေရှု၏ သတို့သမီးလောင်းများ ဖြစ်ကြသော်လည်း (၂ ကော ၁၁း၂)၊ သခင်ယေရှုထက် လောကကို ချစ်နေကြသည်။ လောကကို ချစ်သောသူသည် လောကပိုင်ရှင်၊ စာတန်ကို ချစ်နေကြသောကြောင့်၊ သခင်ယေရှု လာမည့် အချိန်ပင်လျှင်မသိ၊ မသိချင်၊ မကြားချင်ကြချေ။ ထို့ကြောင့် ခေတ်ကာလ မသိသောသူသည် နောက်မီးလင်းသောသူ၊ ဟုသခင်ယေရှုက ပြောခြင်းဖြစ်သည်။ 

 

 

S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.