


ဂျီအမ်ဘီကျမ်းစာ ထုတ်ဝေရခြင်း
ခေတ်ပြောင်းလာသည်နှင့်အမျှ အီလက်ထောနစ် အသစ်အဆန်းများ တီထွင်အသုံးပြုလာကြပြီး၊ သမရိုးကျ စာအုပ်ကိုသာ မဟုတ်တော့ဘဲ၊ အွန်လိုင်းစံနစ်ကို လူတိုင်းက တခဲနက် လက်ခံအသုံးချလာကြကုန်သောအခါ၊ ကျမ်းစာအုပ်နှင့်တကွ ဝိညာဉ်ရေးရာ စာပေများလည်း အွန်လိုင်းမှ အလွယ်တကူဖတ်ရှုလေ့လာ နားထောင်နိုင်ဘို့လိုအပ်လာသည်။ ထို့ကြောင့် ကျမ်းစာအုပ်နှင့်တကွ၊ ကျမ်းပြိုင်များ၊ ကျမ်းစာနှင့်ပတ်သက်၍ အဓိပ္ပါယ် အနက်ဖွင့်ချက်များလည်း အွန်လိုင်းပေါ်တင်လာရခြင်းဖြစ်ပါသည်။
ပြုပြင်ခြင်း
မြန်မာကျမ်းစာအုပ်သည် ဆရာယုဒသန် ရေးသောမူရင်းကျမ်းမဟုတ်တော့ပါ။ ဆရာယုဒသန်၏ ကျမ်းစာမူရင်းသည် ဝါကျတိုတောင်းသည်။ ယခုကျမ်း စာအုပ်နှင့်မတူပါ။ မည်သူများက မည်သည့်အချိန်တွင် ဆီလျော်အောင်ပြုပြင်သည်ကို မသိရပါ။ ထိုသို့ကျမ်းစာအုပ်ကို ပြုပြင်ခဲ့သော်လည်း၊ မှားယွင်းသော အရာများရှိသေးသောကြောင့် မူရင်းကျမ်းများဖြစ်သော ဟေဗြဲနှင့်ဂရိတ်ကို၎င်း၊ အင်္ဂလိပ်ဘာသာပြန်ကျမ်းစာအုပ်များနှင့်သော်၎င်း၊ နှိင်းယှဉ်စစ်ဆေးပြီးမှ ပြောင်းလဲပြုပြင်မှုများ (Revisions) ပြုလုပ်ခဲ့ပါသည်။ အချို့သောစကားလုံးများနှင့် သပ်ပုံများသည် ယခုခေတ်တွင် မသုံးတော့သောကြောင့်၊ ယခုခေတ်နှင့်လက်ဖက်ညီအောင်ပြုပြင်မှုများ ရှိပါသည်။
ဥပမာ - မိုဃ်းကောင်းကင် ကို မိုးကောင်းကင် ဟုပြင်ထားပါသည်။
တချို့ ကျမ်းပိုဒ်များကို ဖတ်ရှုသူ နားလည်လွယ်အောင် နေရာ နှင့် နာမည်များ အလျှင်းသင့်သလို ထည့်သွင်းပေးထားသည်။
ဥပမာ - ကမ္ဘာဦးကျမ်း ၃၈း၁၂။ ကာလအင်တန်ကြာသော်၊ ရှုအာသမီးဖြစ်သော ယုဒမယားလည်း သေလေ၏။ ယုဒသည်နှစ်သိမ့်ပြီးမှ၊ မိမိသိုးမွေးညှပ်သောသူတို့ ရှိရာတိမနတ်မြို့(Timnah) သို့ မိမိအဆွေ အဒုလံ(Adullamite) အမျိုး ဟိရ(Hirah) နှင့်အတူသွားလေ၏။
ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်း

မြန်မာကျမ်းစာအုပ်ကို မူရင်းဘာသာများဖြစ်သော ဟေဗြဲနှင့်ဂရိတ် ဘာသာမှ မြန်မာဘာသာသို့ အခက်အခဲမျိုးစုံကြားထဲမှ ဘာသာပြန်ပေးသော ဆရာယုဒသန်နှင့် ဆရာမအဲန်း ယုဒသန်တို့ကို အလွန်ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်လိုပါသည်။
အဒိုနီရမ် ဂျပ်ဆင် (ယုဒသန်) (Adoniram Judson) သည် ဘိုးတော်ဘုရား လက်ထက်တွင် အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံသို့ ရောက်လာသော ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ်ဖြစ်သည်။ ယုဒသန် ဟူသော အမည်မှာ မြန်မာတို့က ဂျပ်ဆင် ဆိုသည့် စကားလုံးကို အသံလှယ်၍ခေါ်သော အသံထွက် ဖြစ်သည်။
ယုဒသန် ပြန်ဆိုခဲ့သော ဓမ္မသစ်ကျမ်း ကို ၁၈၃၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မော်လမြိုင်မြို့ သာသနာပုံနှိပ်တိုက်၌ ပထမဦးဆုံးအကြိမ် ရိုက်နှိပ်ခဲ့သည်။ ဓမ္မဟောင်းကျမ်း ကိုလည်း ဆက်လက် ပြန်ဆိုခဲ့ရာ ၁၈၃၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပုံနှိပ်ပြီးစီးသည်။