ဗျာဒိတ်ကျမ်း
အခန်းကြီး ၇
ကောင်းကင်တမန်လေးပါးထံအသံလွှင့်
၁ ထိုနောက်မှ မြေကြီး၊ ပင်လယ်၊ သစ်ပင်များတို့၌ လေမလာစေခြင်းငှါ၊ ကောင်းကင်တမန် လေးပါးတို့သည် မြေ၏ လေးမျက်နှာလေတို့ကို ကိုင်၍၊ မြေလေးမျက်နှာ၌ ရပ်နေသည်ကိုငါမြင်၏။ ၂ အသက်ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်ပါသော ကောင်းကင်တမန်တပါးသည် အရှေ့မျက်နှာက တက်လာသည်ကို ငါမြင်၏။ သူသည်လည်း မြေနှင့်ပင်လယ်ကို ညှဉ်းဆဲရသော အခွင့်ရှိသော ကောင်းကင်တမန်လေးပါးကို အသံလွှင့်၍၊
ဘုရား၏ကျွန်များတံဆိပ်ခတ် [A]
၃ ငါတို့ဘုရားသခင်၏ ကျွန်တို့ကိုနဖူး၌ တံဆိပ်မခတ်မှီတိုင်အောင်၊ မြေ၊ ပင်လယ်၊ သစ်ပင်တို့ကို မညှဉ်းဆဲပါနှင့်၊ ဟုကြီးသောအသံနှင့် ကြွေးကြော်လေ၏။ ၄ တံဆိပ်ခတ်ခြင်းကို ခံရသောသူ အရေတွက်ကို ငါကြား၍၊ ဣသရေလအမျိုးသားတို့၌ အသီးအသီးသော အမျိုးအနွယ်ထဲက၊ လူတသိန်း လေးသောင်း လေးထောင်တို့သည် တံဆိပ်ခတ်ခြင်းကို ခံရကြ၏။ ၅ ယုဒ အမျိုးထဲက တသောင်းနှစ်ထောင်၊ ရုဗင်အမျိုးထဲက တသောင်းနှစ်ထောင်၊ ဂဒ်အမျိုးထဲက တသောင်းနှစ်ထောင်။ ၆ အာရှာ အမျိုးထဲက တသောင်းနှစ်ထောင်၊ နဿလိအမျိုးထဲက တသောင်းနှစ်ထောင်၊ မနာရှည်အမျိုးထဲက တသောင်းနှစ်ထောင်၊ ၇ ရှိမောင်အမျိုးထဲက တသောင်းနှစ်ထောင်၊ လေဝိအမျိုးထဲက တသောင်းနှစ်ထောင်၊ ဣသခါအမျိုးထဲက တသောင်းနှစ်ထောင်၊ ၈ ဇာဗုလုန်အမျိုးထဲက တသောင်းနှစ်ထောင်၊ ယောသပ်အမျိုးထဲက တသောင်းနှစ်ထောင်၊ ဗင်္ယာမိန်အမျိုးထဲက တသောင်းနှစ်ထောင် တို့သည် တံဆိပ်ခတ်ခြင်းကို ခံရကြ၏။
လူမျိုးပေါင်းစုံထဲမှလူများပလ္လင်တော်ရှေ့၌
၉ ထိုနောက်မှ ငါကြည့်လျှင်၊ အသီးအသီး ဘာသာစကားကို ပြောသော လူမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှ ထွက်၍၊ အဘယ်သူမျှ မရေတွက်နိုင်သော လူများအပေါင်းတို့သည်၊ ဖြူသောဝတ်လုံကို ဝတ်ဆင်လျက်၊ စွန်ပလွံခက်ကို ကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့မှာ ရပ်နေကြ၏။ ၁၀ သူတို့ကလည်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော ငါတို့၏ ဘုရားသခင်နှင့်၊ သိုးသငယ်သည် ကယ်တင်တော်မူခြင်း ချမ်းသာရှိတော်မူစေသတည်း။ ဟုကြီးသောအသံနှင့် ကြွေးကြော်ကြ၏။ ၁၁ ပလ္လင်တော်မှ စသောအသက်ကြီးသူ တို့နှင့်၊ သတ္တဝါလေးပါး၏ ပတ်ဝန်းကျင်၌ ရပ်နေသော ကောင်းကင်တမန် အပေါင်းတို့သည်၊ ပလ္လင်တော်ရှေ့မှာ ပြပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက်၊ ၁၂ အာမင်၊ ငါတို့၏ ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ကောင်းကြီးမင်္ဂလာ၊ ဘုန်း၊ ပညာနှင့်တကွ ကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုးသတ္တိ ရှိတော်မူစေသတည်း။ အာမင်၊ ဟုပြောဆိုကြ၏။
ဘေးဒဏ်ကြီးကာလမာတုရများ [B]
၁၃ အသက်ကြီးသူ တပါးကလည်း၊ ဖြူသောဝတ်လုံကို ဝတ်ဆင်သော ဤသူတို့သည် အဘယ်သူနည်း။ အဘယ်အရပ်က လာကြသနည်း။ ဟုငါ့အားမေးမြန်းလျှင်၊ ၁၄ ငါက၊ သခင်၊ ကိုယ်တော်သိပါ၏၊ ဟုပြန်လျှောက်၏။ သူကလည်း၊ ဤသူတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခအထဲက ထွက်မြောက်၍၊ မိမိတို့ဝတ်လုံကို သိုးသငယ်၏ အသွေး၌ လျှော်၍၊ ဖြူစေသောသူ ဖြစ်ကြသတည်း။ ၁၅ ထိုကြောင့်၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာ နေရာကိုရ၍၊ ဗိမာန်တော်၌ ဘုရားဝတ်ကို နေ့ညမပြတ်ပြုရကြ၏။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူသည်၊ သူတို့တွင် ကျန်းဝပ်တော်မူမည်။ ၁၆ သူတို့သည် နောက်တဖန် ရေစာကို မငတ်မမွတ်ရကြ။ နေရောင်ခြည် အလျှင်းမထိရ။ အဘယ်အပူကိုမျှ မခံရကြ။ ၁၇ အကြောင်းမူကား၊ ပလ္လင်တော်အတွင်း၌ ရှိသောသိုးသငယ်သည် သူတို့ကိုလုပ်ကျွေး၍၊ အသက်စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို၊ သုတ်တော်မူမည်၊ ဟုဆိုလေ၏။