၂ ကောရိန္သု ဩဝါဒစာ
အခန်းကြီး ၁၂
ပေါလုကောင်းကင်ပါရဒိသုဘုံသို့ရောက်ခဲ့
၁ ငါသည်ဝါကြွားခြင်းကို မပြုသင့်လျှင်၊ သခင်ဘုရား ပြတော်မူသော ထူးဆန်းသော ရူပါရုံနှင့်၊ ဗျာဒိတ်တော်များကို တဖန်ပြောဦးမည်။ ၂ တဆယ်လေးနှစ်အထက်က၊ ခရစ်တော်၏ တပည့်ဖြစ်သော လူတယောက်ကို၊ တတိယကောင်းကင်သို့တိုင် အောင်ချီဆောင်သည်အကြောင်းကို ငါသိ၏။ ထိုအခါသူ၌ ကိုယ်ခန္ဓာပါသည် မပါသည်ကိုငါမသိ။ ဘုရားသခင် သိတော်မူ၏။၃ ထိုသူသည် ပရဒိသုဘုံ(Paradise)သို့ ချီဆောင်ခြင်းကိုခံရ၍၊ လူမပြောအပ် မပြောနိုင်သောစကားကို၊ ကြားသည်အကြောင်းကို ငါသိ၏။ ၄ ထိုအခါ ကိုယ်ခန္ဓာပါသည် မပါသည်ကိုငါမသိ။ ဘုရားသခင်သိတော်မူ၏။
၅ ထိုသို့သောသူကို ဝါကြွားမည်။ နွမ်းရိအားနည်းခြင်းမှတပါး ကိုယ်ဂုဏ်ကို မဝါကြွား။ ၆ ငါဝါကြွားခြင်းငှါ အလိုရှိလျှင်လည်း၊ သူရူးဖြစ်သည်မဟုတ်။ အကြောင်းမူကား၊ ငါသည် ဟုတ်မှန်စွာ ပြောတတ်၏။ တစုံတယောက်သောသူသည် ငါ့ကိုမြင်သည်ထက်၊ ငါ့သိတင်းကို ကြားသည်ထက်၊ ငါ့ကိုသာ၍ မထင်စေခြင်းငှါ ငါမပြောဘဲနေ၏။
ပေါလု၌ စူးသောဆူး၊ အားနည်းသောအခါတန်ခိုးနှင့်ပြည့်စုံ
၇ ငါခံရသော ဗျာဒိတ်တော် အလွန်ထူးမြတ်၍၊ ငါသည် ထောင်လွှားသော စိတ်မရှိစေခြင်းငှါ၊ ငါ့ကိုဒဏ်ခတ်သောစာတန်၏ တမန်တည်းဟူသော၊ ငါ့ကိုယ်၌ စူးသောဆူးကိုပေးတော်မူ၏။ ၈ ထိုဆင်းရဲခြင်းနှင့် ကင်းလွတ်မည်အကြောင်း သုံးကြိမ်မြောက်အောင်၊ သခင်ဘုရားကို ငါဆုတောင်း၍ အသနားတော်ခံပြီးလျှင်၊ ၉ ငါ့ကျေးဇူးသည် သင့်အဘို့လောက်ပေ၏။ ငါ့တန်ခိုးသည်၊ အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်။ ဟုမိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည်၊ ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း၊ ငါ့ကိုယ်၌ အားနည်းခြင်းအဖြစ်ကို၊ ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှါသာ၍ ငါအလိုရှိ၏။ ၁၀ သို့ဖြစ်၍ ခရစ်တော်ကြောင့် ခံရသောအားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ဆင်းရဲခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ ကျပ်တည်းစွာသော ဒုက္ခဝေဒနာခံခြင်းတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား၊ ငါသည် အားနည်းသောအခါ တန်ခိုးနှင့် ပြည့်စုံလျက်ရှိ၏။
ပေါလု၌ တမန်တော်၏လက္ခဏာများရှိ
၁၁ ငါသည် ဝါကြွားတတ်သော သူရူးဖြစ်သလော။ ထိုသို့ဖြစ်လျှင်၊ သင်တို့သည် ငါ့ကိုအနိုင်အထက် ဖြစ်စေကြပြီ။ အဘယ်သို့ နည်းဟူမူကား၊ သင်တို့ချီးမွမ်းခြင်းကို ငါခံသင့်၏။ ငါသည် ဘာမျှမဟုတ်သော်လည်း၊ အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်မညံ့။ ၁၂ အကယ်စင်စစ် သည်းခံခြင်းနှင့်တကွ၊ နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှု၊ ထူးဆန်းသော တန်ခိုးများအားဖြင့်၊ တမန်တော်၏ လက္ခဏာတို့ကို သင်တို့တွင် ထင်ရှားစွာပြပြီ။ ၁၃ ငါသည်သင်တို့ကို မနှောင့်ယှက်သော အရာတခုကိုထားလျှင်၊ သင်တို့သည် အခြားသော အသင်းတော်ထက်၊ အဘယ်သို့ယုတ်ညံ့သနည်း။ ထိုသို့ငါပြစ်မှားသောအပြစ်ကို သည်းခံကြလော့။
သင်တို့ဥစ္စာကို မရှာသင်တို့ကိုသာရှာ၏
၁၄ ဤတတိယအကြိမ် သင်တို့ဆီသို့သွားခြင်းငှါ ငါသည်အသင့်ရှိ၏။ သင်တို့ကို နှောင့်ရှက်မည်၊ ဟုအကြံမရှိ။ သင်တို့ဥစ္စာကို ငါရှာသည်မဟုတ်။ သင်တို့သာ ရှာ၏။ သားသမီးတို့သည် မိဘအတွက်ဥစ္စာကို ဆည်းဖူးရသည်မဟုတ်။ မိဘတို့သည် သားသမီးတို့အတွက် ဆည်းဖူးရ၏။ ၁၅ ငါသည် သင်တို့ချစ်ခြင်းမေတ္တာစိတ်ကို တိုးပွားသည်အတိုင်း၊ သင်တို့သည် ငါ့ကိုချစ်ခြင်းမေတ္တာစိတ် ဆုတ်ယုတ်သော်လည်း၊ သင်တို့စိတ်ဝိညာဉ်၏ အကျိုးအလိုငှါ ငါသည်ကိုယ်ဥစ္စာကို၎င်း၊ ကိုယ်ကို၎င်း၊ ကုန်စေခြင်းငှါ အလွန် စေတနာရှိ၏။ ၁၆ သင်တို့ကို ငါမနှောင့်ရှက်သည် မှန်စေတော့။ သို့သော်လည်း၊ လိမ္မာသောသူဖြစ်၍ ပရိယာယ်အားဖြင့် သင်တို့ကို ဖမ်းဆီးပြီ၊ ဟုဆိုလျှင်၊ ၁၇ တစုံတယောက်သောသူကို သင်တို့ဆီသို့ စေလွှတ်၍၊ သင်တို့၏ ဥစ္စာကိုပရိယာယ်အားဖြင့် ငါယူသလော။ ၁၈ တိတု(Titus)သည် သင်တို့ဆီသို့ သွားမည်အကြောင်း ငါတောင်းပန်၍၊ သူနှင့်တကွ အခြားသော ညီတယောက်ကို စေလွှတ်၏။ တိတုသည် ပရိယာယ်အားဖြင့် သင်တို့၏ဥစ္စာကို ယူသလော။ ငါတို့သည် စိတ်သဘောထားခြင်းတူ၍ ကျင့်ကြသည်မဟုတ်လော။ တလမ်းတည်း လိုက်ကြသည်မဟုတ်လော။
သင်တို့ကို တည်ဆောက်ခြင်းအလိုငှါ ပြုကြ၏
၁၉ တဖန်တုံ၊ ငါတို့သည် သင်တို့ရှေ့၌ ကိုယ်အပြစ်ဖြေရာစကားကို ပြောသည်၊ ဟုထင်ကြသလော။ ခရစ်တော်ကိုထောက်၍ ဘုရားသခင့်ရှေ့၌ ငါတို့ပြောကြ၏။ ချစ်သူတို့၊ ငါတို့ပြုသမျှမှာသင်တို့ကို တည်ဆောက်ခြင်းအလိုငှါ ပြုကြ၏။ ၂၀ ငါရောက်လာသောအခါ၊ သင်တို့သည် ငါနှစ်သက်သောသူမဖြစ်၊ ငါသည်လည်း သင်တို့မနှစ်သက်သောသူ ဖြစ်မည်ဟူ၍၎င်း၊ သင်တို့၌ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ သူ့အသရေကို ရှုတ်ချခြင်း၊ ချောစားခြင်း၊ မာနထောင်လွှားခြင်း၊ အချင်းချင်းအမှုလုပ်ခြင်း ဖြစ်မည်ဟူ၍၎င်း၊ ၂၁ အထက်က ပြစ်မှား၍ ညစ်ညူးစွာကျင့်ခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ ကိလေသာ လွန်ကျူးခြင်းအမှုတို့ကို ပြုမိ၍၊ ယခုတိုင်အောင် နောင်တမရသောသူ အများကြောင့်၊ ငါစိတ်မသာ ညည်းတွားရသဖြင့်၊ သင်တို့ရှေ့၌ ဘုရားသခင်သည်၊ ငါ့ကိုနှိမ့်ချတော်မူမည်ဟူ၍၎င်း စိုးရိမ်ခြင်းရှိ၏။