၁ ကောရိန္သု ဩဝါဒစာ
အခန်းကြီး ၈
ဥာဏ်သည်ထောင်လွှားစေတတ်၏၊ မေတ္တာသည်တည်ဆောက်တတ်၏
၁ ရုပ်တုရှေ့၌ ပူဇော်သောယဇ်ကောင်အရာမှာ၊ ငါတို့ရှိသမျှသည် ပိုင်းခြားတတ်သောဥာဏ် ရှိသည်ကို ငါတို့သိကြ၏။ ဥာဏ်သည် ထောင်လွှားစေတတ်၏။ မေတ္တာမူကား တည်ဆောက်တတ်၏။ ၂ အကြင်သူသည်၊ ငါကား ပညာရှိဖြစ်သည်ဟူ၍ စိတ်ထင်၏၊ ထိုသူသည် သိအပ်သည်အတိုင်း အလျှင်းမသိသေး။ ၃ ဘုရားသခင် ကိုချစ်သောသူမည်သည်ကား၊ ဘုရားသခင် သိစေတော်မူသောသူဖြစ်၏။
ရုပ်တုရှေ့၌ ပူဇော်သောယဇ်ကောင်ကို စားခြင်းအရာ
၄ ရုပ်တုရှေ့၌ ပူဇော်သောယဇ်ကောင်ကို စားခြင်းအရာမှာ၊ ရုပ်တုသည် ဤလောက၌ အချည်းနှီး သက်သက်ဖြစ်သည်ကို၎င်း၊ တဆူတည်းသော ဘုရားသခင်မှတပါး၊ အဘယ်ဘုရားသခင်မှ မရှိသည်ကို၎င်း၊ ငါတို့သိကြ၏။ ၅ ဘုရားများ၊ အရှင်များ၊ ဟုဆိုသည်အတိုင်း ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ဘုရားဟူ၍ ခေါ်ဝေါ်သမုတ်သောသူ အများရှိသော်လည်း၊ ၆ အကြင်ဘုရားသခင် အထဲက ခပ်သိမ်းသောအရာဖြစ်၍၊ အကြင်ဘုရားသခင် အဘို့အလိုငှါ ငါတို့သည် ဖြစ်ကြ၏။ [A]ထိုခမည်းတော် ဘုရားသခင် တပါးတည်းသာငါတို့၌ ရှိတော်မူ၏။ အကြင်သခင်အားဖြင့် ငါတို့မှစ၍ ခပ်သိမ်းသောအရာ ဖြစ်ကြ၏။ ထိုသခင်ယေရှုခရစ် တပါးတည်းသာ ငါတို့၌ ရှိတော်မူ၏။ ၇ သို့သော်လည်း ထိုဥာဏ်ကိုလူတိုင်းမရ။ အချို့သောသူတို့သည် ယခုတိုင်အောင် ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကိုစားသော်၊ ရုပ်တုကို ထောက်သောစိတ်နှင့် စားကြသည်ဖြစ်၍၊ သူတို့၌ ကိုယ်ကိုကိုယ်သိသောစိတ်သည် အားနည်းသောကြောင့်၊ ညစ်ညူးခြင်းသို့ ရောက်တတ်၏။
အားနည်းသူ ထိမိလဲစရာမဖြစ်မည့်အကြောင်း သတိပြုပါ
၈ အစားအသောက်အားဖြင့် ဘုရားသခင့်ရှေ့မှာ မျက်နှာရသည်မဟုတ်။ အစာကိုသုံးကာမျှဖြင့် မြတ်သည်မဟုတ်။ ရှောင်ကာမျှ ဖြင့်ယုတ်သည်မဟုတ်။
၉ သို့သော်လည်း၊ သင်တို့အခွင့်ကို အားနည်းသောသူတို့၌ ထိမိ၍ လဲစရာအကြောင်း၊ မဖြစ်စေခြင်းငှါ သတိပြုကြလော့။
၁၀ အကြောင်းမူကား၊ သင်သည် ပိုင်းခြားတတ်သော ဥာဏ်ရှိလျက်ပင်၊ ရုပ်တုစင်ထဲ၌
(a) စားပွဲနားမှာလျောင်းသည်ကို သူတပါးမြင်လျှင်၊ ကိုယ်ကိုကိုယ်သိသောစိတ် အားနည်းသောသူသည်၊ ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကိုစားခြင်းငှါ ရဲမည်မဟုတ်လော။
၁၁ ထိုသို့ဖြစ်လျှင် အကြင်ညီအစ်ကို အဘို့အလိုငှါ၊ ခရစ်တော်သည် အသေခံတော်မူ၏၊ အားနည်းသော ထိုညီအစ်ကိုသည် သင်၏ဥာဏ်ကြောင့် ပျက်စီးခြင်းသို့ ရောက်ရပါသည်တကား။
၁၂ သင်တို့သည် ညီအစ်ကိုတို့ကို ထိုသို့ပြစ်မှား၍၊ သူတို့၌ ကိုယ်ကိုကိုယ်သိသော အားနည်းသောစိတ်ကို ထိခိုက်သောအခါ၊ ခရစ်တော်ကိုလည်း ပြစ်မှားရာသို့ ရောက်၏။
၁၃ သို့ဖြစ်၍၊ ငါ၏အစားအသောက်သည်၊ ငါ့ညီအစ်ကိုကို မှားယွင်းစေလျှင်၊ ငါ့ညီအစ်ကို၌ မှားယွင်းစရာ အကြောင်းမရှိစေခြင်းငှါ၊ အသားကို အစဉ်မပြတ်ရှောင်မည်။
_________________________
Footnotes
၁၀ (a) "ရုပ်တုစင်ထဲ၌" ဟူသောအရာသည် "ရုပ်တုဘုရားကျောင်းထဲ၌" ဟုဆိုလိုခြင်းဖြစ်သည်။