ရှင်လုကာခရစ်ဝင်
အခန်းကြီး ၄
ယေရှုအစာအားဖြင့် သွေးဆောင်
၁ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်စုံလျက်၊ ယော်ဒန်မြစ်နားမှ ပြန်စဉ်တွင်၊ ဝိညာဉ်တော်သည် တောသို့ ပို့ဆောင်တော်မူ၏။ ၂ အရက် လေးဆယ်ပတ်လုံး မာရ်နတ်၏ စုံစမ်း သွေးဆောင်ခြင်းကို ခံတော်မူ၏။ ထိုကာလပတ်လုံး အစာအာဟာရကို သုံးဆောင်တော်မမူ။ [A] ထိုကာလလွန်ပြီးမှ မွတ်သိပ်တော်မူ၏။ ၃ မာရ်နတ်ကလည်း၊ ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင်၊ ဤကျောက်ခဲကို မုန့်ဖြစ်စေခြင်းငှာ အမိန့်ရှိတော်မူပါ။ ဟုလျှောက်လေ၏။ ၄ ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည် မဟုတ်၊ ဘုရားသခင် မိန့်တော်မူ သမျှအားဖြင့် အသက်ကို မွေးရမည် ကျမ်းစာ၌ လာသည်။ ဟုပြန်ပြောတော်မူ၏။
ယေရှုလောကအားဖြင့် သွေးဆောင်
၅ တဖန် မာရ်နတ်သည် ယေရှုကို မြင့်လှသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို တခဏခြင်းတွင် ပြညွှန်၍၊ ၆ ဤဘုန်းတန်ခိုး အာနုဘော် ရှိသမျှကို ငါ၌ အပ်ခဲ့ပြီ။ ငါသည် ပေးလိုသော သူအား ပေးရသည် ဖြစ်၍၊ ကိုယ်တော်အား ပေးပါမည်။ ၇ ငါ့ကို ကိုးကွယ်လျှင်၊ ဤအလုံးစုံတို့သည် ကိုယ်တော်၏ ဥစ္စာဖြစ်လိမ့်မည်။ ဟုလျှောက်လေ၏။ ၈ ယေရှုကလည်း၊ အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့။ သင်၏ ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်၊ ကျမ်းစာလာသည်၊ ဟုပြန်ပြောတော်မူ၏။
ယေရှုဝါကြွားခြင်းအားဖြင့် သွေးဆောင်
၉ တဖန် မာရ်နတ်သည် ယေရှုကို ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ဗိမာန်တော်၏ အထွဋ်၌ တင်ထားပြီးလျှင်၊ ၁၀ ကျမ်းစာလာသည်ကား၊ သင့်ကို စောင့်ရှောက်စေခြင်းငှာ၊ ကောင်းကင်တမန်တို့အား သင့်အဖို့ မှာထားတော်မူသည် ဖြစ်၍၊ ၁၁ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှာ၊ သူတို့သည် သင့်ကို လက်နှင့် မစချီပင့် ကြလိမ့်မည်၊ ဟုလာ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင်၊ ဤအထွဋ်မှ ကိုယ်ကို အောက်သို့ ချလိုက်တော်မူပါ၊ ဟုလျှောက်လေ၏။ ၁၂ ယေရှုကလည်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်း မပြုရ၊ ဟုကျမ်းစကားရှိသည်၊ ဟုပြန်ပြောတော်မူ၏။ ၁၃ ထိုသို့မာရ်နတ်သည် စုံစမ်း သွေးဆောင်ခြင်းအမှု အလုံးစုံကို အကုန်အစင် ပြုပြီးလျှင်၊ အထံတော်မှ ထွက်သွား၍ ကာလအတန်အရာ နေလေ၏။
ယေရှုတရားဇရပ်၌ ကျမ်းစာဖတ်
၁၄ ယေရှုသည် ဝိညာဉ်တော် တန်ခိုးနှင့် ဂါလိလဲပြည်သို့ ပြန်၍၊ သတင်းတော်သည် ပတ်ဝန်းကျင် အရပ်တို့၌ အနှံ့အပြား ကျော်စောလေ၏၊ တရားဇရပ်တို့၌ ဆုံးမဩဝါဒ ပေးတော်မူ၍၊ ၁၅ လူအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြ၏။ ၁၆ ကြီးပွား တော်မူရာ နာဇရက်မြို့သို့ ပြန်ရောက်လျှင်၊ ထုံးစံတော် ရှိသည်အတိုင်း ဥပုသ်နေ့၌ [B] တရားဇရပ်သို့ ဝင်၍၊ ကျမ်းစာကို ဖတ်ရွတ်ခြင်းငှာ ထတော်မူ၏။ ၁၇ ဇရပ်စောင့်သည် ပရောဖက် ဟေရှာယ၏ ကျမ်းစာကို ပေးသည်ဖြစ်၍၊ ကျမ်းစာကို ဖွင့်တော်မူလျှင် တွေ့သော အချက်စကားဟူမူကား၊ [C] ၁၈ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ ၁၉ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သတင်းကို ကြားပြောစေခြင်းငှာ၊ ငါ့ကို ဘိသိက် ပေးတော်မူပြီ။ ကြေမွသော သူတို့၏ အနာကို ပျောက်စေခြင်းငှာ၎င်း၊ ဖမ်းသွား ချုပ်ထားလျက် ရှိသောသူတို့အား လွှတ်ခြင်း အကြောင်းနှင့်၊ မျက်စိကန်းသော သူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်းငှာ၎င်း၊ ညှဉ်းဆဲခံရသော သူတို့ကို ကယ်မစေခြင်းငှာ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာ နှစ်ကာလကို ကြားပြောစေခြင်းငှာ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီ၊ ဟုလာသတည်း။ ၂၀ ကျမ်းစာကို လိပ်၍ ဇရပ်စောင့်အား ပေးပြီးမှ ထိုင်တော်မူ၏။ ဇရပ်၌ ရှိသောသူ အပေါင်းတို့သည်၊ ကိုယ်တော်ကို စေ့စေ့ကြည့်လျက် နေကြ၏။ ၂၁ ယေရှုကလည်း၊ ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ ကြားသည်အတိုင်း၊ ပြည့်စုံလေပြီ၊ ဟုမိန့်တော်မူ၏။
ပရောဖက်သည် မိမိမြို့၌ လက်မခံ
၂၂ ထိုသူအပေါင်းတို့သည် ကိုယ်တော်ကို ဝန်ခံ၍၊ တင့်တယ် လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့ဩ ချီးမွမ်းလျက်၊ ဤသူသည် ယောသပ်၏သား မဟုတ်တုံလော၊ ဟုဆိုကြ၏။ [D] ၂၃ ယေရှုကလည်း၊ အကယ်၍ သင်တို့သည် ပုံပမာကိုဆောင်လျက်၊ အချင်း ဆေးသမား၊ ကိုယ်အနာကို ငြိမ်းစေလော့။ ငါတို့သည် သတင်း ကြားသည်အတိုင်း၊ သင်သည် ကပေရနောင်မြို့၌ ပြုသမျှသော အမှုအရာတို့ကို ကိုယ်နေရင်း မြို့၌လည်း ပြုပါဟူ၍၊ ငါ့အား ပြောဆိုကြလိမ့်မည်။ သို့သော်လည်း ငါအမှန်ဆိုသည်ကား၊ ၂၄ အဘယ် ပရောဖက်မျှ မိမိနေရင်းမြို့၌ မျက်နှာ မရတတ်။ ၂၅ ငါအမှန်ဆိုပြန်သည်ကား၊ ပရောဖက် ဧလိယ လက်ထက်၌ သုံးနှစ်နှင့် ခြောက်လပတ်လုံး မိုးခေါင်၍၊ ပြည်နိုင်ငံ တလျှောက်လုံး အစာအာဟာရ အလွန် ခေါင်းပါးခြင်း ရှိသောအခါ၊ ဣသရေလ အမျိုးဖြစ်သော မုဆိုးမအများ ရှိကြ၏။ ၂၆ သို့သော်လည်း ထိုမုဆိုးမ တစ်ယောက်ရှိရာသို့မျှ၊ ဧလိယကို စေလွှတ်တော်မမူ။ ဇိဒုန်ပြည် ဇရတ္တမြို့သူ ဖြစ်သော မုဆိုးမ တစ်ယောက်ရှိရာသို့ စေလွှတ်တော်မူ၏။ ၂၇ ပရောဖက် ဧလိရှဲ လက်ထက်တွင်လည်း၊ ဣသရေလအမျိုး၌ နူနာစွဲသောသူ အများ ရှိကြ၏။ သို့သော်လည်း နေမန် အမည်ရှိသော ရှုရိလူမှတပါး၊ အဘယ်သူမျှ သန့်ရှင်းခြင်းသို့ မရောက်၊ ဟုမိန့်တော်မူ၏။ ၂၈ တရားဇရပ်၌ ရှိသောလူ အပေါင်းတို့သည်၊ ထိုစကားတော်ကို ကြားသောအခါ ပြင်းစွာ အမျက်ထွက်သည်နှင့်၊ ၂၉ ထ၍ ကိုယ်တော်ကို ပြင်သို့ ထုတ်နှင်ပြီးလျှင်၊ ထိုမြို့တည်ရာ တောင်ထိပ်စွန်း အငူမှ စောက်ထိုး တွန်းချခြင်းငှာ ဆောင်သွားကြ၏။၃၀ ကိုယ်တော်သည် သူတို့အလယ်၌ လျှောက်၍ ကြွသွားတော်မူ၏။
နတ်ဆိုးနှင်ထုတ်
၃၁ ဂါလိလဲပြည် ကပေရနောင်မြို့သို့ ရောက်လျှင်၊ ဥပုသ်နေ့၌ ဆုံးမဩဝါဒ ပေးတော်မူ၏။ ၃၂ အာဏာနှင့် ဟောတော်မူသောကြောင့် ပရိသတ်တို့သည်၊ ဒေသနာတော်ကို အလွန်အံ့ဩကြ၏။ ၃၃ ထိုတရားစရပ်၌ ညစ်ညူးသော နတ်ဆိုးစွဲသောသူ တစ်ယောက်ရှိ၍၊ [E] ၃၄ ဪ နာဇရက်မြို့သား ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှာ လာသလော။ ကိုယ်တော်သည် အဘယ်သူ ဖြစ်သည်ကို အကျွန်ုပ်သိပါ၏၊ ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူ ဖြစ်ပါသည်၊ ဟုကြီးသောအသံနှင့် ဟစ်ကြော်လေ၏။ ၃၅ ယေရှုကလည်း၊ တိတ်ဆိတ်စွာ နေလော့။ ထိုသူ၏ အထဲက ထွက်သွားလော့၊ ဟုဆုံးမတော်မူလျှင်၊ နတ်ဆိုးသည် ထိုသူကို လူများအလယ်၌ လှဲချ၍ ဘေးဥပဒ် မပြုဘဲ ထွက်သွား၏။ ၃၆ လူအပေါင်းတို့သည် မိန်းမော တွေဝေ၍၊ ဤစကားသည် အဘယ်သို့သော စကားနည်း၊ ညစ်ညူးသော နတ်တို့ကို အာဏာတန်ခိုးနှင့် မှာထား၍၊ သူတို့သည် ထွက်သွားကြသည်တကား၊ ဟုအချင်းချင်း ဆွေးနွေး ပြောဆိုကြ၏။ ၃၇ သတင်းတော်သည်လည်း ပတ်ဝန်းကျင် အရပ်တို့၌ နှံ့ပြား ကျော်စောလေ၏။
ရှိမုန်၏ ယောက္ခမနှင့် လူနာများ ကျန်းမာစေ
၃၈ တရားဇရပ်မှ ထွက်ပြီးလျှင် ရှိမုန်အိမ်သို့ ကြွတော်မူ၏။ ရှိမုန်၏ ယောက္ခမသည် ပြင်းစွာသော ဖျားနာစွဲသည် ဖြစ်၍၊ သူ့အတွက်ကိုယ်တော်ကို တောင်းလျှောက်ကြ၏။ ၃၉ ကိုယ်တော်သည် ထိုမိန်းမ၏ အနားမှာ ရပ်၍ ဖျားနာကို ဆုံးမတော်မူလျှင်၊ သူသည် အဖျားပျောက်သဖြင့် ချက်ချင်းထ၍ ဧည့်သည်ဝတ်ကို ပြုလေ၏။ [F] ၄၀ နေဝင်သောအခါ အမျိုးမျိုးသော အနာရောဂါ စွဲသော သူတို့၏ အဆွေခင်ပွန်း အပေါင်းတို့သည်၊ ထိုလူနာတို့ကို အထံတော်သို့ ဆောင်ခဲ့၍၊ ကိုယ်တော်သည် ထိုလူနာ အသီးသီးတို့ အပေါ်၌ လက်တော်ကို တင်သဖြင့်၊ အနာရောဂါကို ငြိမ်းစေတော်မူ၏။ ၄၁ နတ်ဆိုးတို့လည်း၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏ သားတော် ဖြစ်တော်မူ၏၊ ဟုဟစ်ကြော်လျက် လူများမှ ထွက်သွားကြ၏။ ကိုယ်တော်သည် ခရစ်တော် ဖြစ်ကြောင်းကို သူတို့ သိကြသောကြောင့်၊ စကား တစ်ခွန်းကိုမျှ မပြောစေခြင်းငှာ မြစ်တားတော်မူ၏။
နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားဟော
၄၂ မိုးလင်းသောအခါ တောအရပ်သို့ ထွက်ကြွတော်မူ၍၊ လူများတို့သည် ကိုယ်တော်ကို ရှာကြ၏။ အထံတော်သို့ ရောက်လျှင်၊ မိမိတို့နေရာမှ ထွက်ကြွတော်မမူမည် အကြောင်း ဆီးတားကြ၏။ ၄၃ ကိုယ်တော်ကလည်း၊ ဘုရားသခင်၏ နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို အခြားသော မြို့ရွာတို့၌ ငါဟောပြောရမည်။ ၄၄ ထိုသို့အလိုငှာ ငါ့ကို စေလွှတ်လျက် ရှိသည်၊ ဟုမိန့်တော်မူ၍ ဂါလိလဲပြည်မှာ တရားဇရပ်တို့၌ တရားဟောပြောလျက် နေတော်မူ၏။