-
AA
+
🡀
|
🡂
ရှင်လုကာခရစ်ဝင်
၂၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်လုကာခရစ်ဝင်
အခန်းကြီး ၂၄


သခင်ယေရှုရှင် ပြန်ထမြောက်

ခုနစ်ရက်တွင် ပဌမနေ့ရက် အာရုဏ်တက်သော အချိန်၌ ၊ ထိုမိန်းမတို့သည် အခြားသော မိန်းမတို့နှင့်တကွ မိမိတို့ပြင်ဆင်သော နံ့သာမျိုးကို ဆောင်လျက်၊ သင်္ချိုင်းတော်သို့သွားကြ၏။ ရောက်သောအခါ၊ တွင်းဝ၌ ပိတ်သောကျောက်သည်၊ လိမ့်လန်လျက်ရှိသည်ကို တွေ့မြင်၍ အတွင်းသို့ဝင်သော်၊ သခင်ယေရှု၏ အလောင်းတော်ကို မတွေ့ကြ။ ထိုအကြောင်းကြောင့် သူတို့သည် တွေးတောသော စိတ်ရှိစဉ်တွင်၊ လူနှစ်ယောက်တို့သည် ပြိုးပြိုးပြက်ပြက်သော အဝတ်ကိုဝတ်ဆင်လျက် ပေါ်လာ၏။ ထိုမိန်းမတို့သည် ကြောက်လန့်သော စိတ်နှင့်ငုံ့၍နေစဉ်တွင်၊ ထိုသူတို့က၊ သင်တို့သည် အသေကောင်ရှိရာအရပ်၌ အသက်ရှင်သောသူကို အဘယ်ကြောင့်ရှာကြသနည်း။ ဤအရပ်၌ မရှိ၊ ထမြောက်တော်မူပြီ။ လူသားသည်ဆိုး သောသူတို့လက်သို့အပ်နှံ့ခြင်း၊ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုကို ခံရမည်၊ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်၊ ဟုဂါလိလဲပြည်၌ ရှိတော်မူစဉ် သင်တို့အား မိန့်တော်မူသောစကားကို၊ အောက်မေ့ကြဦး၊ ဟုဆိုကြသည်ရှိသော်၊ ထိုမိန်းမတို့သည် စကားတော်ကို သတိရ၍၊ သင်္ချိုင်းတော်က ပြန်လျှင်၊ ထိုအကြောင်း အရာအလုံးစုံတို့ကို တကျိပ်တပါးသော သူမှစ၍၊ ကြွင်းသော တပည့်တော် အပေါင်းတို့အား ပြန်ကြားကြ၏။ ၁၀ ထိုအကြောင်းအရာကို တမန်တော်တို့အား ပြောသောသူကား၊ မာဂဒလမာရိ၊ ယောအဲနာ၊ ယာကုပ်၏ အမိဖြစ်သော မာရိမှစ၍၊ အခြားသော မိန်းမများဖြစ်သတည်း။ ၁၁ သူတို့၏စကားကို ဒဏ္ဍာရီစကားကဲ့သို့ ထင်မှတ်၍၊ တမန်တော်တို့သည် မယုံကြ။ ၁၂ သို့သော်လည်း ပေတရုသည်ထ၍ သင်္ချိုင်းတော်သို့ ပြေးလေ၏။ ရောက်သောအခါ ငုံ့ကြည့်၍၊ ပိတ်ပုဆိုးသာ ရှိရစ်သည်ကို မြင်လျှင်၊ ထိုအကြောင်းအရာကို အံ့ဩ၍ မိမိအိမ်သို့ပြန်သွား၏။


ဧမောက်ရွာသို့ သွားသော တပည့်နှစ်ယောက်

၁၃ ထိုမှတပါး၊ တပည့်တော် နှစ်ယောက်တို့သည်၊ ယေရုရှလင်မြို့နှင့် ခရီးလေးတိုင်ကွာသော ဧမောက်အမည်ရှိသော ရွာသို့ ထိုနေ့၌ သွားကြစဉ်တွင်၊ ၁၄ ဖြစ်ခဲ့ပြီးသော အကြောင်းအရာ အလုံးစုံတို့ကို၊ အချင်းချင်း ဆွေး​နွေးပြောဆိုကြ၏။ ၁၅ ထိုသို့ဆွေး​နွေး ပြောဆိုကြစဉ်တွင်၊ ယေရှုသည် ချဉ်းကပ်၍ သူတို့နှင့်အတူ ကြွတော်မူ၏။ ၁၆ ထိုသူတို့သည် မျက်စိချုပ်လျက် ရှိ၍၊ ကိုယ်တော်ဖြစ်သည်ကို မသိကြ။ ၁၇ ကိုယ်တော်ကလည်း၊ သင်တို့သည် ခရီးသွားလျက် အချင်းချင်း ဆွေး​နွေးသော စကားကား၊ အဘယ်သို့သော စကားနည်း။ အဘယ်ကြောင့် မျက်နှာညှိုးငယ် ကြသနည်း၊ ဟုမေးတော်မူလျှင်၊ ၁၈ သူတို့တွင် ကလောဖ အမည်ရှိသောသူက၊ သင်သည် ယေရုရှလင်မြို့၌ ဧည့်သည်ဖြစ်လျက်သာ၊ ယခုအခါ ထိုမြို့၌ ဖြစ်ခဲ့ပြီးသော အကြောင်းအရာတို့ကို၊ မသိသလော၊ ဟုပြောဆို၏။ ၁၉ ကိုယ်တော်ကလည်း၊ အဘယ် အကြောင်းအရာနည်း၊ ဟုမေးတော်မူလျှင်၊ ထိုသူတို့က၊ နာဇရက်မြို့သား ယေရှု၏အကြောင်းအရာ ပေတည်း။ ထိုသူသည် ဘုရားသခင်ရှေ့၊ လူအပေါင်းတို့ရှေ့မှာ၊ နှုတ်သတ္တိ၊ လက်သတ္တိနှင့် ပြည့်စုံသော ပရောဖက်ဖြစ်၏။ ၂၀ ထိုသူကို ယဇ်ပုရောဟိတ်အကြီးနှင့် ငါတို့မင်းများသည်၊ အသေသတ်ခြင်းကို ခံစေခြင်းငှါအပ်နှံ၍၊ လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ကြပြီ။ ၂၁ ထိုသူသည် ဣသရေလအမျိုးကို ရွေးနှုတ်အံ့သောသူ ဖြစ်သည်၊ ဟုငါတို့သည် အထက်ကမြော်လင့်ကြပြီ။ ထိုမျှမက ဤအကြောင်းအရာဖြစ်၍ ယခုသုံးရက်ရှိပြီ။ ၂၂ ငါတို့၏ အပေါင်းအဖေါ် မိန်းမ အချို့တို့သည်လည်း သင်္ချိုင်းတော်သို့ စောစောသွား၍၊ ၂၃ အလောင်းတော်ကို မတွေ့လျှင်၊ သခင်ယေရှုသည် အသက်ရှင်တော်မူသည်၊ ဟုပြောသော ကောင်းကင်တမန် ထင်ရှားရာရူပါရုံကို၊ မိမိတို့မြင်ကြောင်းကို ပြန်လာ၍ ပြောဆိုသဖြင့်၊ ငါတို့သည် မိန်းမောတွေဝေခြင်း ရှိကြ၏။ ၂၄ ထိုအခါငါတို့တွင် အချို့သောသူတို့သည်၊ သင်္ချိုင်းတော်သို့သွား၍ မိန်းမတို့ပြောဆိုသည် အတိုင်း တွေ့သော်လည်း၊ ကိုယ်တော်ကို မမြင်ရ၊ ဟုပြောဆိုကြ၏။


သခင်ယေရှုကရှင်းပြ

၂၅ ကိုယ်တော်ကလည်း၊ ပရောဖက် ဟောပြောသော စကားများကို ယုံနိုင်အောင်ဥာဏ်မရှိ၊ စိတ်ခိုင်မာသောသူတို့၊ ၂၆ ခရစ်တော်သည် ဤသို့ပင်အသေခံ၍၊ မိမိဘုန်းစည်းစိမ်တော်ကို ဝင်စားရမည် မဟုတ်လော၊ ဟုမိန့်တော်မူ၏။ ၂၇ ထိုအခါ မောရှေ၏ ကျမ်းစာမှစ၍၊ ပရောဖက်တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကိုရည်မှတ်၍၊ ရေးထားသမျှသော ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာ၊ ဖေါ်ပြတော်မူ၏။ ၂၈ ထိုတပည့်တော်တို့သည် သွားသောရွာအနီးသို့ ရောက်သောအခါ၊ ကိုယ်တော်သည် ထိုရွာကိုလွန်၍ သွားအံ့သော အခြင်းအရာကို ပြတော်မူလျှင်၊ ၂၉ ထိုသူတို့ကအ​ကျွန်ုပ်တို့နှင့်အတူ ဝင်၍နေပါ။ ညဦးယံ အချိန်ရှိပြီ။ မိုးလည်းချုပ်ပါသည်ဟူ၍ ကိုယ်တော်ကို ကျပ်ကျပ်သွေးဆောင်ကြ၏။ ထိုကြောင့် သူတို့နှင့်အတူ နေခြင်းငှါ ဝင်တော်မူ၏။ ၃၀ စားပွဲ၌ သူတို့နှင့်အတူ လျောင်းတော်မူစဉ်၊ မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်တွင်၊ ၃၁ သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော်မူ၍၊ ၃၂ တပည့်တော်တို့ကလည်း၊ လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍၊ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၊ ငါတို့စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည် မဟုတ်လော၊ ဟုအချင်းချင်းပြောဆိုကြ၏။


တပည့်တော်နှစ်ယောက် ယေရုရှလင်သို့ ပြန်သွား

၃၃ ထိုတပည့်တော် နှစ်ယောက်တို့သည် ချက်ချင်းထ၍၊ ယေရုရှလင်မြို့သို့ ပြန်ပြီးမှ၊ တကျိပ်တပါးသော သူတို့သည် အပေါင်းအဖေါ်တို့နှင့်အတူ၊ စုဝေးလျက်ရှိသည်ကို တွေ့ကြ၏။ ၃၄ စုဝေးသောသူတို့ကလည်း၊ သခင်ဘုရားသည် အမှန်ထမြောက်တော်မူပြီ။ ရှိမုန်အား ကိုယ်ကိုပြတော်မူပြီ၊ ဟုပြောဆိုလျှင်၊ ၃၅ ထိုတပည့်တော် နှစ်ယောက်တို့သည် လမ်း၌ဖြစ်သောအ ကြောင်းအရာကို၎င်း၊ မုန့်ကိုဖဲ့စဉ်တွင် ထင်ရှားတော်မူသော အကြောင်းကို၎င်း၊ ပြန်ကြားကြ၏။


တမန်တော်များထံ ယေရှုလာ

၃၆ ထိုသို့အချင်းချင်း ပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ်သက်ခြင်း ဖြစ်စေသတည်း၊ ဟုမိန့်တော်မူ၏၊ ၃၇ တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်၊ ဟုစိတ်ထင်နှင့်၊ ထိတ်လန့် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။ ၃၈ ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် တုန်လှုပ်ခြင်းရှိကြသနည်း။ အဘယ်ကြောင့် အထူးထူးအထွေထွေသော စိတ်ရှိကြသနည်း။ ၃၉ ငါ့လက်ကို ကြည့်ကြလော့။ ငါ့​ခြေကိုလည်း ကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကိုကြည့်ရှု စမ်းသပ်ကြလော့။ ငါသည် သင်တို့မြင်သည်အတိုင်း အရိုးအသားနှင့် ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သိုမပြည့်စုံ၊ ဟုမိန့်တော်မူလျက်၊ ၄၀ လက်တော် ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။ ၄၁ ထိုသူတို့သည် အံ့ဩ၍ ဝမ်းမြောက်သောအားဖြင့် မယုံနိုင်ဘဲ နေသေးသောအခါ၊ သင်တို့၌ စားစရာတစုံတခု ရှိသလော၊ ဟုမေးတော်မူလျှင်၊ ၄၂ ငါးကင် တပိုင်းနှင့်ပျားလပို့ကို ကပ်ပေးကြ၏။ ၄၃ ကိုယ်တော်သည်ယူ၍ သူတို့ရှေ့မှာ စားတော်မူ၏။


ယေရှုက ကျမ်းစာရှင်းပြ
CROSS REFERENCES






၄၄ တဖန်မိန့်တော်မူသည်ကား၊ မောရှေ၏ ပညတ္တိကျမ်းစာ၌၎င်း၊ ပရောဖက်တို့၏ ကျမ်းစာ၌၎င်း၊ ဆာလံကျမ်းစာ၌၎င်း၊ ငါ့ကိုရည်မှတ်၍ ရေးထားသမျှသော အချက်တို့သည် ပြည့်စုံရမည်၊ ဟုငါသည်သင်တို့နှင့်အတူ ရှိစဉ်အခါ၊ သင်တို့အား ဟောပြောသော အကြောင်းအရာတို့ကား၊ ဤအကြောင်းအရာပေတည်း၊ ဟုမိန့်တော်မူ၏။ ၄၅ ထိုအခါ ကျမ်းစာကို နားလည်စေခြင်းငှါ တပည့်တော်တို့၏ ဥာဏ်ကိုဖွင့်တော်မူလျှင်၊ ၄၆ ဤသို့ကျမ်းစာလာ၏။ ဤသို့ခရစ်တော်သည် အသေခံ၍၊ သုံးရက်မြောက်သောနေ့၌ သေခြင်းမှထမြောက်ရမည်။ ၄၇ ခရစ်တော်၏ အခွင့်အားဖြင့် နောင်တတရားနှင့်၊ [B] အပြစ်လွှတ်ခြင်းတရားကို၊ ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည်။ ၄၈ သင်တို့သည်လည်း ဤအကြောင်းအရာတို့၏ သက်သေဖြစ်ကြ၏။ ၄၉ ငါ့ခမည်းတော်၏ ဂတိရှိသည်အတိုင်း သင်တို့၌ ငါပြုဦးမည်။ သို့ဖြစ်၍ သင်တို့သည် ကောင်းကင်က တန်ခိုးကို မခံမှီတိုင်အောင် ယေရုရှလင်မြို့၌ နေကြဦးလော့၊ ဟုမိန့်တော်မူ၏။


ယေရှုကောင်းကင်သို့ ပြန်တက်

၅၀ ထိုနောက် တပည့်တော်တို့ကို ယေရုရှလင်မြို့ပြင်၊ ဗေသနိရွာတိုင်အောင် ဆောင်သွားတော်မူပြီးမှ၊ လက်တော်ကိုချီ၍ ကောင်းကြီးပေးတော်မူ၏။ ၅၁ ထိုသို့ ကောင်းကြီးပေးတော်မူစဉ်တွင်၊ တပည့်တော်တို့နှင့်ခွာ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။ ၅၂ တပည့်တော်တို့သည် ကိုယ်တော်ကို ပြပ်ဝပ်ကိုးကွယ်ပြီးမှ၊ အလွန် ဝမ်းမြောက် ဝမ်းသာခြင်းနှင့်၊ ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။ ၅၃ ဘုရားသခင်ကို အံ့ဩချီးမွမ်းလျက်၊ ဗိမာန်တော်သို့ ရောက်မြဲရောက်ကြ၏။

ရှင်လုကာခရစ်ဝင်ပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.