ရှင်လုကာခရစ်ဝင်
အခန်းကြီး ၁၅
ဆိုးသောသူတို့နှင့်ပေါင်း
၁ အခွန်ခံသောသူတို့နှင့် ဆိုးသောသူအပေါင်းတို့သည်၊ နားထောင်ခြင်းငှါ အထံတော်သို့ ချဉ်းကပ်သည်ဖြစ်၍၊ ၂ ဖာရိရှဲနှင့် ကျမ်းပြုဆရာတို့က၊ ဤသူသည် ဆိုးသောသူတို့ကို လက်ခံ၍၊ သူတို့နှင့်အတူ စားပါသည်တကား၊ [A] ဟုကဲ့ရဲ့အပြစ်တင်ကြ၏။
ပျောက်သောသိုး [B]
၃ ထိုအခါ ဥပမာစကားကို မိန့်တော်မူသည်ကား၊ သင်တို့တွင် တစုံတယောက်သောသူ၌ သိုးတရာရှိ၍၊ ၄ သိုးတကောင်ပျောက်လျှင်၊ ကိုးဆယ် ကိုးကောင်သော သိုးတို့ကိုတောတွင် ထားခဲ့ပြီးမှ၊ ပျောက်သော သိုးတကောင်ကို မတွေ့မှီတိုင်အောင် သွား၍၊ မရှာဘဲနေမည်လော။ ၅ တွေ့ပြီးလျှင် ဝမ်းမြောက်သောစိတ်နှင့် ပခုံးပေါ်မှာ တင်ထမ်း၍၊ ၆ မိမိအိမ်သို့ ရောက်သောအခါ အဆွေခင်ပွန်း အိမ်နီးချင်းများကို ခေါ်၍၊ ပျောက်သောသိုးကို ငါတွေ့ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့။ ဟုဆိုတတ်သည် မဟုတ်လော။ ၇ ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရစရာ အကြောင်းမရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌၊ ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသော လူဆိုးတယောက်၌ သာ၍ ဝမ်းမြောက်ခြင်း ရှိကြသည်၊ ဟုငါဆို၏။ [C]
ပျောက်သောဒင်္ဂါး
၈ တနည်းကား၊ တစုံတယောက်သော မိန်းမ၌ ငွေဆယ်ပြားရှိ၍ တပြားပျောက်လျှင်၊ ဆီးမီးကိုထွန်း၍ မတွေ့မှီတိုင်အောင်၊ တအိမ်လုံးကို လှည်း၍ စေ့စေ့မရှာဘဲ နေမည်လော။ ၉ တွေ့ပြီးလျှင် အဆွေခင်ပွန်း အိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောငွေကို ငါတွေ့ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့။ ဟုဆိုတတ်သည် မဟုတ်လော။ ၁၀ ထိုနည်းတူ ငါဆိုသည်ကား၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည်၊ နောင်တရသော လူဆိုးတယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်။ [D]ဟုမိန့်တော်မူ၏။
ပျောက်သောသား
၁၁ တဖန်မိန့်တော်မူသည်ကား၊ တစုံတယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။ ၁၂ သားအငယ်သည် အဘထံသို့ သွား၍၊ အဘ၊ အကျွန်ုပ်ရထိုက်သော အမွေဥစ္စာကို ဝေ၍ပေးပါ၊ ဟုတောင်းပန်လျှင်၊ အဘသည် ဥစ္စာများကိုဝေ၍ သားတို့အား ပေးလေ၏။ ၁၃ ထိုနောက်များ မကြာ၊ သားအငယ်သည် မိမိဥစ္စာများကို သိမ်းယူ၍၊ ဝေးစွာသော ပြည်သို့သွားပြီးလျှင်၊ ထိုပြည်မှာ ကာမဂုဏ်၌ လွန်ကျူးသောအားဖြင့် ဥစ္စာပြုန်းတီး၍၊ ၁၄ ရှိသမျှကုန်သောအခါ၊ ထိုပြည်၌ ကြီးစွာသော အစာခေါင်းပါးခြင်း ဖြစ်၍၊ သူသည် အလွန်ဆင်းရဲခြင်းသို့ ရောက်၏။ ၁၅ ထိုအခါ ပြည်သားတယောက်ထံသို့ သွား၍အစေခံလျှင်၊ ဝက်တို့ကို ကျောင်းစေခြင်းငှါ သူ့သခင်သည် တောသို့စေလွှတ်သဖြင့်၊ ၁၆ သူသည် ဝက်စားတတ်သော ပဲတောင့်ကိုပင်၊ စားချင်မတတ် ငတ်မွတ်လျက် နေရ၏။ အဘယ်သူမျှ အစာကိုမကျွေး။ ၁၇ ထိုအခါသတိရလျှင်၊ ငါ့အဘ၏အိမ်၌ အခစားသောသူများ တို့သည်၊ ဝစွာစားရကြ၏။ ငါမူကား ဤပြည်၌ သေအောင်အငတ်ခံရ၏။ ၁၈ ငါထ၍ အဘထံသို့ သွားမည်။ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကို၎င်း၊ ကိုယ်တော်ကို၎င်း ပြစ်မှားပါပြီ။ ၁၉ ယခုမှစ၍ ကိုယ်တော်၏သားဟူ ၍ခေါ်ခြင်းကို မခံထိုက်ပါ။ သူငှါးအရာ၌ အကျွန်ုပ်ကို ထားသော်မူပါ၊ ဟုငါပြောမည်ဟူ၍ အကြံရှိသည်နှင့်၊ ၂၀ ထ၍ အဘထံသို့ သွားလေ၏ သွား၍ဝေး သေးသောအခါ အဘသည်သူ့ကို မြင်လျှင်၊ သနားသောစိတ်ရှိသည်နှင့် ပြေးသွား၍ သား၏လည်ပင်းကို ပိုက်ဘက်လျက် နမ်းရှုပ်လေ ၏။ ၂၁ သားကလည်း၊ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကို၎င်း၊ ကိုယ်တော်ကို၎င်း ပြစ်မှားပါပြီ။ ယခုမှစ၍ ကိုယ်တော်၏သား ဟူ၍ခေါ်ခြင်းကို မခံထိုက်ပါ၊ ဟုဆိုလျှင်၊ ၂၂ အဘက၊ မြတ်သော ဝတ်လုံကိုယူခဲ့၍ သူ့ကိုခြုံကြ၊ သူ၏လက်၌ လက်စွပ်တန်ဆာကို ဆင်ကြ။ ၂၃ ခြေနင်းကိုလည်း စီးစေကြ။ ဆူအောင်ကျွေးသော နွားကလေးကိုယူ၍ သတ်ကြ။ သို့ပြီးမှငါတို့သည် စားကြကုန်အံ့။ ပျော်မွေ့ခြင်းကို ပြုကြကုန်အံ့။ ၂၄ ငါ့သားသည် အထက်ကသေ၏၊ ယခုရှင်ပြန်၏။ အထက်က ပျောက်၏၊ ယခုတွေ့ပြန်၏၊ ဟုအစေအပါတို့ကို ဆိုပြီးမှ၊ ထိုသူအပေါင်းတို့သည် ပျော်မွေ့ခြင်းကို ပြုကြ၏။
၂၅ သားအကြီးသည် တောင်ယာကလာ၍ အိမ်အနီးသို့ ရောက်သောအခါ၊ ကခြင်း၊ တီးမှုတ်ခြင်း၊ အသံကိုကြားလျှင်၊ ၂၆ ငယ်သား တယောက်ကို ခေါ်၍ အဘယ်သို့သော အခြင်းအရာနည်း၊ ဟုမေး၏။ ၂၇ ငယ်သားက၊ သခင်၏ ညီသည် ရောက်လာပါပြီ။ ဘေးနှင့် ကင်းလွတ်လျက် ရှိသည်ကို အဘတွေ့သောကြောင့်၊ ဆူအောင် ကျွေးသော နွားကလေးကို သတ်ပါပြီ၊ ဟုပြောဆို၏။ သားအကြီးသည် အမျက်ထွက်၍ အိမ်သို့မဝင်ဘဲနေ၏။ ၂၈ အဘသည် သူ့ဆီသို့သွား၍ ချော့မော့ရ၏။ ၂၉ သားအကြီးကလည်း၊ အကျွန်ုပ်သည် ကာလတာရှည်စွာ အဘ၏အစေကို ခံပါပြီ။ အဘ၏အလိုကို တခါမျှ မလွန်ကျူးပါ။ သို့သော်လည်း အကျွန်ုပ်သည် အဆွေတို့နှင့်အတူ ပျော်မွေ့ခြင်းကို ပြုစေခြင်းငှါ၊ အဘသည် ဆိတ်ကလေးတကောင်ကို တခါမျှမပေး။ ၃၀ ပြည်တန်ဆာ မိန်းမတို့နှင့် ပေါင်းဖေါ်၍၊ မိမိဥစ္စာကို ဖြုန်းသော ဤသားငယ် ရောက်လာသောအခါမူကား၊ အဘသည် ဆူအောင်ကျွေးသော နွားကလေးကို သတ်လေပြီတကား၊ ဟုဆို၏။ ၃၁ အဘကလည်း၊ ငါ့သား၊ သင်သည် ငါ့ထံမှာအစဉ်နေ၏။ ငါ၏ ဥစ္စာရှိသမျှသည် သင်၏ဥစ္စာဖြစ်၏။ ၃၂ သင်၏ညီမူကား အထက်ကသေ၏၊ ယခုရှင်ပြန်၏။ အထက်က ပျောက်၏၊ ယခုတွေ့ပြန်၏။ ထိုကြောင့် ပျော်မွေ့ဝမ်းမြောက်စရာ အကြောင်းရှိ၏၊ အဘဆိုသည်၊ ဟုမိန့်တော်မူ၏။