တရားဟောရာကျမ်း
အခန်းကြီး ၃၀
ထာ၀ရဘုရားထံ ပြန်လာလျှင် နှင်ထုတ်ရာမှ ပြန်လာစေမည်
၁ သင့်ရှေ့၌ ငါထား၍ အထက်ဆိုခဲ့ပြီး သမျှသော အရာတည်းဟူသော၊ ကောင်းကြီး မင်္ဂလာနှင့် ကျိန်ခြင်း အမင်္ဂလာတို့သည် သင့်အပေါ်မှာ ရောက်၍၊ [A] သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို နှင်ထုတ်တော်မူရာ အပြည်ပြည်တို့၌၊ ထိုအရာတို့ကို အောက်မေ့လျက်၊ ၂ သင်၏ ဘုရားသခင် ထာဝရဘုရား ထံတော်သို့ ပြန်လာ၍၊ ယနေ့ ငါမှာထားသမျှအတိုင်း၊ သင်နှင့် သားသမီးတို့သည် စကားတော်ကို စိတ်နှလုံး အကြွင်းမဲ့ နားထောင်လျှင်၊ ၃ သင်၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်ခံရသော သိမ်းသွင်းခြင်း အမှုကို ကုန်စေမည်အကြောင်း၊ သင့်ကိုသနားသဖြင့် တဖန် ပြန်လာ၍၊ အထက်က အရပ်ရပ် နှင်ထုတ်ရာ အပြည်ပြည်တို့မှ သိမ်းယူတော်မူလိမ့်မည်။ ၄ သင်၏ လူအချို့တို့သည် မိုးကောင်းကင်အောက် အဝေးဆုံးသော အရပ်သို့ နှင်ထုတ်ခြင်းကို ခံရသော်လည်း၊ ထိုအရပ်မှ သင်၏ ဘုရားသခင် ထာဝရဘုရား သိမ်းယူ ဆောင်ခဲ့တော်မူလိမ့်မည်။ ၅ ဘိုးဘေးတို့ ဝင်စားသော ပြည်သို့ တဖန် ဆောင်ခဲ့တော်မူသဖြင့်၊ သင်သည် ဝင်စားရလိမ့်မည်။ ထိုအခါ ကျေးဇူး ပြုတော်မူပြန်သဖြင့်၊ ဘိုးဘေးများတို့ထက် သင့်ကိုသာ၍ များစေတော်မူလိမ့်မည်။
သင့်စိတ်နှလုံး အရေဖျားလှီးပေးမည်
၆ သင်သည် အသက်ရှင်မည် အကြောင်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ချစ်စေခြင်းငှာ၊ သင့်နှလုံးနှင့် သင့်အမျိုး၏ နှလုံးအရေဖျားကို လှီးဖြတ်တော်မူလိမ့်မည်။ [B] [C] [D]၇ သင်၏ ရန်သူတည်းဟူသော သင့်ကိုမုန်း၍ ညှဉ်းဆဲသောသူတို့ အပေါ်၌လည်း၊ အထက်ဆိုခဲ့ပြီးသော ကျိန်ခြင်း အမင်္ဂလာ ရှိသမျှတို့ကို သက်ရောက် စေတော်မူလိမ့်မည်။ ၈ သင်သည် ပြန်လာလျက် ထာဝရဘုရား၏ စကားတော်ကို နားထောင်၍၊ ယနေ့ ငါမှာထားသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်လိမ့်မည်။ ၉ သင်သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်၍၊ ၁၀ ဤပညတ္တိကျမ်းစာ၌ ရေးထားသော စီရင် ထုံးဖွဲ့တော်မူချက်တို့ကို စောင့်ရှောက်လျှင်၎င်း၊ သင်၏ ဘုရားသခင် ထာဝရဘုရား ထံတော်သို့ စိတ်နှလုံး အကြွင်းမဲ့ ပြန်လာလျှင်၎င်း၊ သင်ပြုလေရာရာ၌ အောင်မည်အကြောင်းနှင့် သင်၏သားသမီး၊ တိရစ္ဆာန်၊ အသီးအနှံ တိုးပွား များပြားမည်အကြောင်းကို စီရင်၍ သင့်အကျိုးကို ပြုစုတော်မူလိမ့်မည်။ ထာဝရဘုရားသည် သင်၏ ဘိုးဘေးတို့၌ အားရ ဝမ်းမြောက်သကဲ့သို့ သင်၌ အားရဝမ်းမြောက်၍၊ သင့်အကျိုးကို ပြုစုတော်မူလိမ့်မည်။
တရားတော်သည် သင်၏နှုတ်နှင့် နှလုံး၌ ရှိ၏
၁၁ ယနေ့ ငါမှာထားသော ပညတ်တရား တော်သည် သင်နားမလည်နိုင်သော တရားမဟုတ်။ ၁၂ သင်နှင့်ဝေးသည် မဟုတ်။ တရားတော်ကို ငါတို့သည် နားထောင်၍ စောင့်ရှောက်မည် အကြောင်း၊ ကောင်းကင်သို့ အဘယ်သူ တက်၍ ငါတို့ထံသို့ ဆောင်ခဲ့လိမ့်မည်နည်း၊ ဟုမေးစေခြင်းငှာ ကောင်းကင်၌ ရှိသည်မဟုတ်။ ၁၃ တရားတော်ကို ငါတို့သည် နားထောင်၍ စောင့်ရှောက်မည်အကြောင်း၊ ပင်လယ်ကို အဘယ်သူကူး၍ ငါတို့ထံသို့ ဆောင်ခဲ့လိမ့်မည်နည်း၊ ဟုမေးစေခြင်းငှာ၊ ပင်လယ်တဘက်၌ ရှိသည်မဟုတ်။ ၁၄ တရားတော်သည် သင်စောင့်ရှောက်ဖို့ရာ သင်နှင့် အလွန်နီး၏။ သင်၏နှုတ်၌၎င်း၊ သင်၏နှလုံး၌၎င်း၊ ရှိ၏။ [E]
အသက်ရှင်ခြင်းနှင့် သေခြင်း သင့်ရှေ့၌ ထား
၁၅ ကြည့်ပါတော့၊ အသက်ရှင်ခြင်း ချမ်းသာနှင့် သေခြင်း ဆင်းရဲတို့ကို သင်ရှေ့မှာ ယနေ့ငါထား၏။ [F] ၁၆ သင်သည် အသက်ရှင်၍ တိုးပွားမည်အကြောင်းနှင့် သင်ဝင်စားလတံ့သော ပြည်၌ ၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ကောင်းကြီး ပေးတော်မူမည်အကြောင်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို ချစ်သဖြင့် နောက်တော်သို့ လိုက်၍၊ စီရင်ထုံးဖွဲ့တော်မူချက် ပညတ် တရားတော်တို့ကို စောင့်ရှောက်လော့၊ ဟုငါမှာထား၏။ ၁၇ သို့မဟုတ် သင့်နှလုံး လွှဲသွားသဖြင့်၊ သင်သည် နားမထောင်ဘဲ သူတပါး သွေးဆောင်ရာသို့ လိုက်၍၊ အခြားတစ်ပါးသော ဘုရားတို့ကို ဝတ်ပြုကိုးကွယ်လျှင်။ ၁၈ ယော်ဒန်မြစ်ကို ကူး၍ ဝင်စားလတံ့သော ပြည်၌ အသက်တာ မရှည်၊ ဧကန်အမှန် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်၊ ဟုယနေ့ ငါသတိပေး၏။ ၁၉ အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းကြီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ ငါထားသည်၊ [G]ဟုသင့်တဘက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်၏။ ၂၀ သို့ဖြစ်၍၊ သင်နှင့် သင့်အမျိုးအနွယ်သည် အသက်ရှင်မည် အကြောင်းနှင့်၎င်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို ချစ်၍ စကားတော်ကို နားထောင်သဖြင့်၊ အသက်ရှင်ခြင်း အကျိုး၊ အသက်တာရှည်ခြင်း အကျိုးကို ပေးတော်မှုသော ကိုယ်တော်ကို ဆည်းကပ်မှီဝဲမည် အကြောင်းနှင့်၎င်း၊ ထာဝရဘုရားသည် သင်၏ ဘိုးဘေး အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မှုသော ပြည်၌ နေမည်အကြောင်းနှင့် ယှဉ်သော အသက်တရားကို ရွေးယူလော့၊ ဟုဣသရေလ အမျိုးအား ဟောပြော၏။