ယောလ အနာဂတ္တိ
အခန်းကြီး ၃
၁ ထိုနေ့ရက်ကာလ၌ အထက်က သိမ်းသွားခြင်းကို ခံရသောယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊ ၂ ခပ်သိမ်းသော လူမျိုးတကာတို့ကို ငါသည် စုဝေးစေ၍ ယောရှဖတ်ချိုင့်သို့ ခေါ်ခဲ့မည်။ သူတို့သည် ငါ့ပြည်ကို ဝေဖန်၍အတိုင်း တိုင်း အပြည်ပြည်တို့တွင် ကွဲပြားစေသော ငါ၏အမွေလူ ဣသရေလ အမျိုးဘက်မှာ ငါသည် တရားစီရင်မည်။ ၃ သူတို့သည် ငါ၏လူတို့အဘို့ စာရေးတံချကြမည်။ လူကလေးကို ပြည်တန်ဆာနှင့်၎င်း၊ မိန်းမကလေးကို မိမိသောက်စရာ စပျစ်ရည်နှင့်၎င်း၊ ဖယ်လှယ်ကြပြီတကား။ ၄ အိုတုရုမြို့၊ ဇိဒုန်မြို့၊ ပါလေတ္တိနပြည်နှင့် နီးစပ်သော အရပ်ရှိသမျှတို့၊ သင်တို့သည် ငါနှင့်အဘယ်သို့ ဆိုင်ကြသနည်း။ ငါ့ကို ရန်တုံ့ပြုကြမည်လော။ ငါ့ကို ရန်တုံ့ပြုကြလျှင်၊ ထိုရန်ကို သင်တို့ခေါင်းပေါ်သို့ အလျှင်အမြန် ငါပြန်ရောက်စေမည်။ ၅ သင်တို့သည် ငါ့ရွှေငွေကို ယူ၍၊ ငါနှစ်သက်ဘွယ်သော ဥစ္စာမြတ်တို့ကို သင်တို့ ဘုံဗိမာန်ထဲသို့ သွင်းသောကြောင့်၎င်း၊ ၆ ယုဒပြည်သူ၊ ယေရုရှလင် မြို့သားတို့ကို နေရင်းပြည်မှ အဝေးသို့ ပြောင်းစေလိုသောငှါ၊ ဟေလသ အမျိုးသားတို့အား ရောင်းလိုက်သောကြောင့်၎င်း၊ ၇ သင်တို့ရောင်းလိုက်ရာအရပ်မှ ငါသည် ထမြောက်၍၊ သင်တို့ရန်တုံ့ပြုခြင်းကို သင်တို့ခေါင်းပေါ်သို့ ပြန်ရောက်စေမည်။ ၈ သင်တို့ သားသမီးများကိုလည်း ယုဒအမျိုးသားတို့၌ ငါရောင်း၍၊ သူတို့သည် တဖန်ဝေးသောအမျိုး၊ ရှေဘပြည်သားတို့၌ ရောင်းလိုက်ကြလိမ့်မည်။ ထိုသို့ ထာဝရမိန့်တော်မူပြီ။
၉ ဤအမှုကို တပါးအမျိုးသားတို့အား ကြားပြောကြလော့။ စစ်တိုက်ခြင်းငှါ ပြင်ဆင်၍၊ စစ်သူရဲတို့ကို နှိုးဆော်ကြလော့။ စစ်သူရဲ အပေါင်းတို့သည် ချဉ်းကပ်၍ တက်လာကြစေ။
၁၀ သံထွန်သွားများကို ဓါးဖြစ်စေခြင်းငှါ၎င်း၊ တံစဉ်များကို လှံဖြစ်စေခြင်းငှါ၎င်း၊ ထုလုပ်ကြလော့။
[A]အားနည်းသောသူက၊ ငါအားကြီးသည်၊ ဟုပြောဆိုစဉ်။
(a) ၁၁ ပတ်လည်၌ နေသောတပါးအမျိုး အပေါင်းတို့၊ စုဝေး၍ လာကြလော့။ သင်းဖွဲ့ကြလော့။ စုဝေးရာအရပ်၌ သင်တို့သူရဲများကို ထာဝရဘုရား နှိမ့်ချတော်မူမည်။
၁၂ တပါးအမျိုးသားတို့သည် ထ၍ ယောရှဖတ်ချိုင့်သို့ တက်လာကြစေ။ ပတ်လည်၌ နေသော တပါးအမျိုးသား အပေါင်းတို့ကို စစ်ကြောစီရင်ခြင်းငှါ၊ ထိုအရပ်၌ ငါထိုင်မည်။
၁၃ ရိတ်စရာ စပါးမှည့်သောကြောင့် တံစဉ်ကို လွှတ်ကြလော့။ စပျစ်သီးနယ်ရာ တန်ဆာပြည်၍၊ စပျစ်ရည်ကျင်းတို့သည် လျှံသောကြောင့် လာကြ။ ဆင်းကြလော့။ အကြောင်းမူကား၊ သူတို့ပြုသော ဒုစရိုက်အပြစ်သည် ကြီးလှ၏။
၁၄ ကွပ်မျက်ရာချိုင့်၌ လူများစည်းဝေးလျက်၊ လူများစည်းဝေးလျက် ရှိကြ၏။ ကွပ်မျက်ရာချိုင့်၌ ထာဝရဘုရား၏ ချိုင့်တို့သည် ရောက်လုနီးပြီ။
၁၅ နေနှင့်လသည် မိုက်လိမ့်မည်။ ကြယ်တို့သည်လည်း မထွန်းလင်းဘဲ နေကြလိမ့်မည်။
၁၆ ထာဝရ ဘုရားသည်လည်း ဇိအုန်တောင်ပေါ်က ကြွေးကြော်၍၊ ယေရုရှလင်မြို့ထဲက အသံကို လွှင့်တော်မူသဖြင့်၊ မိုးကောင်းကင်နှင့် မြေကြီးသည် တုန်လှုပ်လိမ့်မည်။ သို့ရာတွင် ထာဝရဘုရားသည် မိမိလူတို့၏ခိုလှုံရာ၊ ဣသရေလ အမျိုးသားတို့သည် အစွမ်းသတ္တိ ဖြစ်တော်မူ လိမ့်မည်။
၁၇ ငါသည်လည်း ငါ၏သန့်ရှင်းသော ဇိအုန်တောင်ပေါ်မှာ နေသောသင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။ ယေရုရှလင် မြို့သည်လည်း သန့်ရှင်းလိမ့်မည်။ နောက်တဖန် ထိုမြို့ကို တပါးအမျိုးသား မနင်းရ။ ၁၈ ထိုကာလ၌ ချိုသော စပျစ်ရည်သည် တောင်တို့မှ ယိုလိမ့်မည်။ နို့ရည်သည် ကုန်းတို့မှ ထွက်လိမ့်မည်။ ယုဒမြစ်ရှိသမျှတို့သည် ရေစီးကြလိမ့်မည်။ ထာဝရဘုရား၏ အိမ်တော်ထဲက စမ်းရေထွက်၍ ရှိလ္လိမ်ချိုင့်ကို စိုစေလိမ့်မည်။ ၁၉ ယုဒပြည်၌ အပြစ်မရှိသော သူတို့ကိုသတ်၍ ယုဒအမျိုးသားတို့ကို ညှဉ်းဆဲသောကြောင့်၊ အဲဂုတ္တုပြည်သည် လူဆိတ်ညံလျက် ရှိလိမ့်မည်။ ဧဒုံပြည်သည်လည်း လူဆိတ်ညံသော တောဖြစ်လိမ့်မည်။ ၂၀ ယုဒပြည်မူကား၊ ထာဝရပြည်၊ ယေရုရှလင်မြို့မူကား၊ ကာလအစဉ် အဆက်တည်သောမြို့ ဖြစ်လိမ့်မည်။ ၂၁ ထိုမြို့သားတို့သည် အသေသတ်ခြင်းကို ခံရသောအပြစ်ကြောင့် ငါသည် မပေးသေးသော ဒဏ်ကို တဖန်ပေးဦးမည်။ ထာဝရဘုရား ဇိအုန်တောင်ပေါ်မှာ ကျိန်းဝပ်တော်မူသတည်း။
ပရောဖက် ယောလ စီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
_________________________
Footnotes
၁၀ (a) ယောလ ၃း၁၀ ၌ထွန်းသွားများကို လက်နက်များထုလုပ်စေပြီး၊ ဟေရှာယ ၂း၄ ၌လက်နက်များကို ထွန်သွားများထုလုပ်စေသည်။ ဆန့်ကျင်ဖက်ဖြစ်သည်။