ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၄၇
အိမ်တော်အောက်မှစီးသောရေ
၁ ထိုနောက်မှ အိမ်တော်တံခါးသို့ တဖန်ငါ့ကိုဆောင်ခဲ့၍၊ တံခါးခုံအောက်မှ အရှေ့ဘက်သို့ ထွက်သောရေကို ငါမြင်၏။ [A] အိမ်တော်ဦးသည် အရှေ့သို့မျက်နှာပြု၍၊ ရေသည်အိမ်တော်တံခါးခုံ လက်ျာအောက် ယဇ်ပလ္လင်တော်တောင်ဘက်မှ စီးသွားလေ၏။ ၂ တဖန်မြောက်တံခါးလမ်းဖြင့် ငါ့ကိုထုတ်၍ ပြင်၌ဝိုင်းသွားလျက်၊ အရှေ့သို့မျက်နှာပြုသော ပြင်တံခါးလမ်းဝသို့ ရောက်သောအခါ၊ လကျ်ာဘက်မှစီးသောရေကို ငါမြင်၏။ ၃ ကြိုးကိုကိုင်သောသူသည် အရှေ့သို့သွားပြီးလျှင်၊ အတောင်တထောင်စေ့အောင် တိုင်း၍ ငါ့ကိုရေကူးစေ၏။ ရေသည်ဖမျက်သို့ မှီလေ၏။ ၄ တဖန်အတောင်တထောင်စေ့အောင်တိုင်း၍၊ ရေကူးစေပြန်လျှင် ရေသည်ဒူးကို မှီလေ၏။ တဖန်အတောင်တထောင်စေ့အောင်တိုင်း၍၊ ရေကူးစေပြန်လျှင် ရေသည်ခါးကိုမှီလေ၏။ ၅ တဖန်အတောင် တထောင်စေ့အောင် တိုင်းသောအခါ မကူးနိုင်သောမြစ်ဖြစ်လေ၏။ ရေထသောကြောင့် နင်း၍မကူးနိုင်၊ ခြေထောက်၍မမှီဘဲ ကူးရသောမြစ်ဖြစ်၏။
၆ ထိုသူက၊ အချင်းလူသား ဤအရာကိုမြင်ပြီမဟုတ်လော၊ ဟုပြောပြီးမှ တဖန်ငါ့ကိုခေါ်သွား၍ မြစ်နားသို့ ပြန်စေ၏။ ၇ ပြန်စဉ်အခါ မြစ်နားနှစ်ဘက်၌ များစွာသောအပင်တို့ကို ငါမြင်၏။ ၈ ထိုသူကလည်း ဤရေသည် အရှေ့သို့စီး၍၊ တောကိုရှောက်ပြီးမှ အိုင်ထဲသို့ဝင်တတ်သောအားဖြင့် အိုင်ရေသည်ချိုလိမ့်မည်။ ၉ အသက်ရှင်၍ လှုပ်ရှားတတ်သော သတ္တဝါအမျိုးမျိုးတို့သည် ထိုမြစ်ရေ ရောက်သမျှသော အရပ်တို့၌ အသက်ရှင်၍ အလွန်များစွာသော ငါးတို့လည်းရှိကြလိမ့်မည်။ ထိုမြစ်ရေသည် ချိုသောကြောင့် ရောက်သမျှသောအရပ်တို့၌ သတ္တဝါအမျိုးမျိုးတို့သည်အသက်ရှင်ကြလိမ့်မည်။ ၁၀ အိုင်နားမှာ တံငါတို့သည်ရပ်၍ အင်္ဂေဒိရွာ မှစ၍ဧနေဂလိမ်ရွာတိုင်အောင် ပိုက်ကွန်ဖြန့်ချရာအရပ် ဖြစ်လိမ့်မည်။ ငါးအမျိုးမျိုးတို့သည် မဟာပင်လယ်ငါးကဲ့သို့ အလွန်များပြားကြလိမ့်မည်။ ၁၁ ရွှံ့ပွက်ရေနှင့် ရွှံ့အိုင်ရေမူကား၊ မချိုရ၊ အစဉ်ငန်ရလိမ့်မည်။ ၁၂ မြစ်ကမ်းနားနှစ်ဘက်၌ စားစရာကောင်းသော အသီးအပင်အမျိုးမျိုး ပေါက်ကြလိမ့်မည်။ အရွက်လည်းမညှိုးနွမ်းရ၊ အသီးလည်းမပြတ်ရ။ လတိုင်းအစဉ် နုသောအသီးကို သီးလိမ့်မည်။ အကြောင်းမူကား၊ ထိုရေသည်သန့်ရှင်းရာဌာနထဲက ထွက်သတည်း။ အသီးသည် စားစရာအဘို့ ဖြစ်သည်။ အရွက်သည်လည်း အနာရောဂါငြိမ်းစေရာဘို့ ဖြစ်သည်၊ ဟုငါ့အားပြောဆို၏။
၁၃ အရှင်ထာဝရဘုရားမိန့်တော်မူသည်အတိုင်းဣသရေလအမျိုးတဆယ်နှစ်မျိုးအမွေခံရသောမြေအပိုင်းအခြားဟူမူကား ယောသပ်သည်မြေအပိုင်းအခြားနှစ်ခုကိုယူရမည်။ ၁၄ ဘိုးဘေးတို့အားငါကျိန်ဆိုသည်အတိုင်းငါပေးရသောထိုမြေသည်သင်တို့အမွေဖြစ်၍သင်တို့သည်အချင်းချင်းအမွေခံရလိမ့်မည်။ ၁၅ မြေမြောက်ဘက်အပိုင်းအခြားသည်မဟာပင်လယ်တဖက်တချက်၊ လေသဟုန်လမ်း၊ ဇေဒဒ်လမ်းသို့လိုက်လျက်၊ ၁၆ ဟာမတ်မြို့နှင့်ဗေရောသာမြို့ကို၎င်း၊ ဒမာသက်နယ်နှင့်ဟာမတ်နယ်စပ်ကြားမှာသိဗရိန်မြို့ကို၎င်း၊ ဟောရန်မြို့အနားမှာဟာဇာဟတ္တိကုန်မြို့ကို၎င်းဝိုင်း၍၊ ၁၇ တဖန်ပင်လယ်နှင့်ကွာပြီးမှဒမာသက်နယ်အနား၍ဟာဇရေနန်မြို့မြောက်ဘက်၌ ဇိဖြုန်မြို့ဟာမတ်မြို့ပါရမည်။ ဤရွေ့ကားမြောက်ဘက်အပိုင်းအခြားဖြစ်သတည်း။ ၁၈ အရှေ့ဘက်အပိုင်းအခြားသည်ဟောရန်မြို့ဒမာသက်မြို့ဂိလဒ်ပြည်ယော်ဒန်မြစ်နားဣသရေလပြည်နယ်ကိုလျှောက်၍ အရှေ့ပင်လယ်၌ ဆုံးရမည်။ ဤရွေ့ကားအရှေ့ဘက်အပိုင်းအခြားဖြစ်သတည်း။ ၁၉ တောင်ဘက်အပိုင်းအခြားသည်တာမမြို့မှစ၍ကာဒေရှမြို့မေရိဘရေတိုင်အောင်၎င်း၊ မဟာပင်လယ်ထဲသို့ဝင်သောမြစ်တိုင်အောင်၎င်း၊ လျှောက်သွားရမည်။ ဤရွေ့ကား တောင်ဘက်အပိုင်းအခြားပင်ဖြစ်သတည်း။ ၂၀ အနောက်ဘက်၌ မဟာပင်လယ်သည်တောင်ဘက်မှစ၍ဟာမတ်မြို့တဘက်တချက်တိုင်အောင်ပိုင်းခြားလျက်ရှိရမည်။ ဤရွေ့ကားအနောက်ဘက်အပိုင်းအခြားဖြစ်သတည်း။
၂၁ ထိုမြေသည်ဣသရေလအမျိုးအသီးအသီးတို့အားဝေပေးရမည်။ ၂၂ အမျိုးသားချင်းအမွေခံဘို့ကို၎င်း၊ သင်တို့တွင် နေ၍သားသမီးဖွားမြင်သောတပါးအမျိုးသားချင်းအမွေခံဘို့၎င်း၊ စားရေးတံချ၍မြေကိုဝေခွဲရမည်။ ထိုတပါးအမျိုးသားတို့ကိုပြည် ၍ဖွားမြင်သောဣသရေလအမျိုးသားတို့ကဲ့သို့မှတ်ရမည်။ သူတို့သည်ဣသရေလအမျိုးသားတို့နှင့်အတူမြေကိုအမွေခံကြလိမ့်မည်။ ၂၃ တပါးအမျိုးသားနေလေရာရာခရိုင်၌ သူ့အမွေခံစရာမြေကိုပေးရမည်ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။