ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၁၉
၁ ထိုမှတပါးဣသရေလမင်းသားတို့အတွက်ငိုကြွေးမြည်တမ်းလျက်၊ ပြောရမည်မှာ၊ ၂ သင်၏အမိကားအဘယ်သူနည်း၊ ခြင်္သေ့မဖြစ်၏။ ခြင်္သေ့တို့တွင်အိပ်လျက်နေ၍ ခြင်္သေ့တို့တွင်မိမိသားတို့ကိုကျွေးမွေး၏။ ၃ ကျွေးမွေးသောသားတကောင်သည်ခြင်္သေ့ဖြစ်၍၊ တောတိရစ္ဆာန်တို့ကိုဖမ်းဆီးခြင်းငှါ၊ သင်၏လူတို့ကိုလည်းကိုက်စားတတ်၏။ ၄ လူမျိုးတို့သည် ကြား၍မြေတွင်း၌ ထိုခြင်္သေ့ကိုဖမ်းပြီးလျှင်၊ သံကြိုးနှင့်ချည်နှောင်၍အဲဂုတ္တုပြည်သို့ယူသွားကြ၏။ ၅ သားဆုံးရှုံးကြောင်းကို အမိသည်မြင်၍စိတ်ပျက်သောအခါ၊ သားတကောင်ကိုယူ၍ပြန်၍ခြင်္သေ့ဖြစ်စေခြင်းငှါပြုစေသဖြင့်၊ ၆ သူသည်လည်းခြင်္သေ့တို့နှင့်ပေါင်းဖေါ်၍ခြင်္သေ့ဖြစ်လျက်၊ တောတိရစ္ဆာန်တို့ကိုဖမ်းဆီးခြင်းငှါ၊ သင်၏လူတို့ကိုလည်းကိုက်စား၏။ ၇ သူတို့ မုဆိုးများကိုသိ၍၊ သူတို့မြို့များကိုသုတ်သင်ပယ်ရှင်းလေ၏။ ဟောက်သောအသံကြောင့်ပြည်နှင့်ပြည်၌ ရှိသမျှတို့သည်ဆိတ်ညံလျက်ရှိကြ၏။ ၈ ထိုအခါလူမျိုးတို့သည်ကျေးလက်အရပ်ရပ်တို့ကတိုက်လာ၍ပိုက်ကွန်နှင့်ဝိုင်းပြီးလျှင်၊ မြေတွင်း၌ ဖမ်းကြ၏၊ ၉ သံကြိုးနှင့်ချည်နှောင်လျက်ဗာဗုလုန်ရှင်ဘုရင်ထံသို့ဆောင်သွား၍သူ၏အသံသည်ဣသရေလတောင်ပေါ်မှာနောက်တဖန်မမြည်စေခြင်းငှါနှောင်အိမ်၌ လှောင်ထားကြ၏။
၁၀ သင်၏အမိသည်သင်နှင့်တူလျက်၊ ရေနားမှာစိုက်သောစပျစ်နွယ်ပင်ကဲ့သို့ဖြစ်၏၊ ရေများသောကြောင့်အခက်အလက်နှင့် ပြည့်စုံ၍၊ များစွာသောအသီးကိုသီးတတ်၏။ ၁၁ မင်းတို့အသုံးအဆောင်ရာဇလှံတံဘို့ခိုင်ခံ့သောတံဖျာတို့နှင့်ပြည့်စုံ၏။ ထူထပ်၍များပြားသောအခက်အလက်တို့နှင့်အရပ်မြင့်၍ထင်ရှားလေ၏။ ၁၂ သို့ရာတွင်ဒေါသအရှိန်အားဖြင့်နှုတ်၍မြေပေါ်မှာ လှဲချလေပြီ။ အရှေ့လေသည်တိုက်၍အသီးကိုပိန်ခြောက်စေ၏။ ခိုင်ခံ့သောတံဖျာတို့သည်ကျိုး၍သွေ့ခြောက်သဖြင့်၊ မီးလောင်ခြင်းကိုခံရကြပြီ။ ၁၃ ယခုမူကားရေမရှိ။ သွေ့ခြောက်သောလွင်ပြင်အရပ်၌ စိုက်လျက်ရှိ၏၊ ၁၄ အခက်အလက်တံဖျာတခုထဲကမီးထွက်၍အသီးကိုကျွမ်းလောင်ပြီ။ အစိုးရသောရာဇလှံတံအဘို့၊ ခိုင်ခံသောတံဖျာတစုံတခုမျှမကျန်ကြွင်း။ ဤရွေ့ကား ငိုကြွေးမြည်တမ်းခြင်းအကြောင်းဖြစ်၏။ ငိုကြွေးမြည်တမ်းစရာအကြောင်းလည်းဖြစ်လိမ့်မည်။