ယေရမိ အနာဂတ္တိ
အခန်းကြီး ၅၂
၁ ဇေဒကိမင်းသည် အသက်နှစ်ဆယ်တစ်နှစ် ရှိသော်နန်းထိုင်၍၊ ယေရုရှလင်မြို့၌ တဆယ်တစ်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သူ ယေရမိသမီး ဟာမုတလဖြစ်သတည်း။ ၂ ထိုမင်းသည် ယောယကိမ်မင်း ပြုသမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ ၃ ထာဝရဘုရားသည် ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကို အထံတော်မှ မနှင်ထုတ်မှီတိုင်အောင်အမျက် ထွက်တော်မူ၍၊ ဇေဒကိမင်းသည် ဗာဗုလုန် အရှင်ဘုရင်ကို ပုန်ကန်လေ၏။ ၄ ဇေဒကိမင်းနန်းစံကိုးနှစ်၊ ဒသမလဆယ်ရက်နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်ခြေအပေါင်းတို့နှင့်တကွ ယေရုရှင်လင်မြို့သို့စစ်ချီသဖြင့်၊ မြို့ပတ်လည်၌ တပ်ချ၍၊ မြေကတုတ်တို့ကို တူးလုပ်ပြီး။ ၅ ဇေဒကိမင်း နန်းစံတဆယ်တနှစ် တိုင်အောင်မြို့ကို ဝိုင်းထားသည်။ ၆ ထိုနှစ်စတုတ္ထလ ကိုးရက်နေ့တွင် မြို့ထဲမှာ အစာအဟာရ ခေါင်းပါးသဖြင့် မြို့သူမြို့သားတို့သည် စားစရာမရှိသောအခါ၊ ၇ ခါလဒဲလူတို့သည် မြို့ရိုးကို ဖြိုဖျက်၍၊ မြို့ကိုလည်းဝိုင်းလေသောကြောင့်၊ မြို့သားစစ်သူရဲအပေါင်းတို့ညအခါပြေး၍၊ မြို့ရိုးနှစ်ထပ်စပ်ကြားဥယျာဉ်တော်မှတံခါးဝသို့ထွက်ပြီးမှလွင်ပြင်သို့သွားကြ၏။ ၈ ခလဒဲစစ်သူရဲတို့သည်ရှင်ဘုရင်ဇေဒကိကိုလိုက်၍၊ ယေရိခေါလွင်ပြင်၌ မှီသဖြင့်ဇေဒကိမင်း၏စစ်သူရဲအပေါင်းတို့သည်လွင့်ပြေးကြ၏။ ၉ ရန်သူတို့သည်ရှင်ဘုရင်ကိုဖမ်းဆီး၍ဗာဗုလုန်ရှင်ဘုရင်ရှိရာဟာမတ်ပြည်ရိဗလမြို့သို့ဆောင်သွားကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည်ဇေဒကိ၏အမှုကိုစစ်ကြောစီရင်၍၊ ၁၀ ဇေဒကိမင်း၏သားတို့ကိုအဘမျက်မှောက်၌ သတ်လေ၏။ ရိဗာလမြို့မှယုဒမူးမတ်အပေါင်းတို့ကိုလည်းသတ်လေ၏။ ၁၁ ဇေဒကိမျက်စိကိုလည်းဖောက်ပြီးမှ [A]သူ့ကိုကြေးဝါကြိုးနှင့်ချည်နှောင်၍၊ ဗာဗုလုန်မြို့သို့ယူသွားသဖြင့်၊ သေသည်တိုင်အောင်ထောင်ထဲမှာလှောင်ထားလေ၏။ ၁၂ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာနန်းစံတဆယ်ကိုးနှစ်၊ ပဥ္စမလဆယ်ရက်နေ့တွင်၊ အမှုတော်ထမ်းကိုယ်ရံတော်မှူးနေဗုဇာရဒန်သည်ယေရုရှလင်မြို့သို့လာ၍၊ ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသားအိမ်ရှိသမျှတို့ကိုမီးရှို့လေ၏။ ကိုယ်ရံတော်မှူး၌ ပါသောခါလဒဲစစ်သူရဲအပေါင်းတို့သည်ယေရုရှလင်မြို့ရိုးရှိသမျှတို့ကိုဖြိုဖျက်ကြ၏။
၁၃ ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသားအိမ်ရှိသမျှတို့ကိုမီးရှို့လေ၏။၁၄ ကိုယ်ရံတော်မှူး၌ ပါသောခါလဒဲ စစ်သူရဲအပေါင်းတို့သည်ယေရုရှလင်မြို့ရိုးရှိသမျှတို့ကိုဖြိုဖျက်ကြ၏။ ၁၅ ထိုအခါကိုယ်ရံတော်မှူးနေဗုဇာရဒန်သည်မြို့ထဲမှာ ကျန်ကြွင်းသောဆင်းရဲသား၊ ဗာဗုလုန်ရှင်ဘုရင်ဘက်သို့ကူးသွားနှင့်သောမြို့သား၊ ကြွင်းသမျှသောသူတို့ကိုသိမ်းသွားလေ၏။ ၁၆ သို့ရာတွင်စပျစ်ဥယျာဉ်ကိုပြုစု၍လယ်လုပ်စေခြင်းငှါဆင်းရဲသားအချို့ကိုထားခဲ့လေ၏။
၁၇ ဗိမာန်တော်၌ ကြေးဝါတို့ကို၎င်း၊ ကြေးဝါရေကန်ကို၎င်း၊ ရေချိုးအင်တုံအခြေအမြစ်တို့ကို၎င်း၊ ခါလဲဒဲလူတို့သည် ချိုးဖဲ့၍ကြေးဝါရှိသမျှကိုဗာဗုလုန်မြို့သို့ယူသွားကြ၏။ ၁၈ အိုးကင်း၊ တူရွှင်းပြား၊ မီးညှပ်၊ အိုး၊ ဇွန်းမှစ၍အမှုတော်ထမ်းစရာကြေးဝါတန်ဆာရှိသမျှတို့ကိုလည်းယူသွားကြ၏။ ၁၉ ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသောအင်တုံ၊ လင်ပန်း၊ အိုး၊ အိုးကင်း၊ မီးခုံ၊ ဇွန်း၊ ဖလားများကို၊ ရွှေဖြစ်စေ၊ ငွေဖြစ်စေ၊ ကိုယ်ရံတော်မှူးသည်ယူသွားလေ၏။ ၂၀ ဗိမာန်တော်၌ ရှောလမုန်မင်းကြီးလုပ်သောတိုင်နှစ်တိုင်၊ ရေကန်တခု၊ ရေကန်ခံစရာအခြေအမြစ်ကြေးဝါနွားတဆယ်နှစ်ခု၌ ပါသောကြေးဝါသည် အချိန်အားဖြင့်အတိုင်းမသိများ၏။၂၁ တိုင်အမြင့်ကား၊ တဆယ်ရှစ်တောင်ရှိ၏။ လုံးပတ်မှုကား၊ တဆယ်နှစ်တောင်ရှည်သောကြိုးတပတ်ရှိ၏။ ခေါင်းပါဖြစ်၍ဒုလေးသစ်ရှိ၏။၂၂ ကြေးဝါတိုင်ထိပ်လည်းရှိ၏။ တိုင်ထိပ်အမြင့်ကား၊ ငါးတောင်ရှိ၍ထိပ်ပတ်လည်ကြေးဝါကွန်ရွက်၊ ကြေးဝါသလဲသီးတို့နှင့်ပြည့်စုံ၏။ အခြားသောတိုင်သည်လည်း၊ ထိုအတူဖြစ်၍သလဲသီးတို့နှင့်ပြည့်စုံ၏။၂၃ တိုင်တမျက်နှာ၌ သလဲသီးကိုးဆယ်ခြောက်လုံးစီရှိ၍၊ ကွန်ရွက်တဘက်၌ သလဲသီးပေါင်းတရာရှိသတည်း။၂၄ ကိုယ်ရံတော်မူးနေဗုဇာရဒန်သည်ယဇ်ပုရောဟိတ်မင်းစရာယ၊ ဒုတိယယဇ်ပုရောဟိတ်ဇေဖနိ၊ ဗိမာန်တော်တံခါးမှူးသုံးယောက်တို့ကိုဖမ်းဆီးလေ၏။ ၂၅ စစ်သူရဲတို့ကိုအုပ်သောဗိုလ်တယောက်၊ မြို့ထဲ၌ တွေ့မိသောတိုင်ပင်မှူးမတ်ခုနစ်ယောက်နှင့်၊ ပြည်သူပြည်သားများကိုနှိုးဆော်သောတပ်စာရေးကြီးတယောက်မြို့ထဲ၌ တွေ့မိသောပြည်သားခြောက်ဆယ်တို့ကိုမြို့ထဲကခေါ် သွား၍၊ ၂၆ ဗာဗုလုန်ရှင်ဘုရင်ရှိရာရိဗလမြို့သို့ဆောင်ခဲ့ပြီးလျှင်၊ ၂၇ ဗာဗုလုန်ရှင်ဘုရင်ဟာမတ်ပြည်ရိဗလမြို့၌ ထို သူတို့ကိုဒဏ်ပေး၍ကွပ်မျက်လေ၏၊ ထိုသို့ယုဒမြို့သည်မိမိပြည်၌ သိမ်းသွားခြင်းကိုခံရသတည်း။
၂၈ နေဗုခဒ်နေဇာမင်းသိမ်းသွားသောလူဟူမူကား၊ နန်းစံခုနစ်ခုတွင်ယုဒအမျိုးသားသုံးထောင်နှစ်ဆယ်သုံးယောက်တို့ကို သိမ်းသွားလေ၏။ ၂၉ တဆယ်ရှစ်နှစ်တွင်၊ လူရှစ်ရာသုံးဆယ်နှစ်ယောက်တို့ကိုယေရုရှလင်မြို့မှသိမ်းသွားလေ၏။ ၃၀ နှစ်ဆယ်သုံးနှစ်တွင်ကိုယ်ရံတော်တပ်မှူးနေဗုဇာရဒန်သည်ယုဒအမျိုးသားခုနစ်ရာလေးဆယ်ငါးယောက်တို့ကိုသိမ်းသွား၏။ လူပေါင်းကားလေးထောင့်ခြောက်ရာရှိသတည်း။
၃၁ ယုဒရှင်ဘုရင်ယေခေါနိသည်အချုပ်ခံရသောသက္ကရာဇ်သုံးဆယ်ခုနစ်နှစ်၊ ဒွါဒသမလနှစ်ဆယ်ငါးရက်နေ့တွင်ဗာဗုလုန်ရှင်ဘုရင်ဧဝိလမရောဒက်နန်းစံစကယုဒရှင်ဘုရင်ယေခေါနိကိုထောင်ထဲကနှုတ်၍ချမ်းသာပေးလေ၏။ ၃၂ ကောင်းမွန်စွာ နှုတ်ဆက်၍သူ၏ပလ္လင်ကိုဗာဗုလုန်မြို့မှအထံတော်၌ ရှိသောမင်းကြီးများထိုင်ရာပလ္လင်တို့ထက်ချီးမြှင့်လေ၏။ ၃၃ ယေခေါနိမင်းသည်ထောင်ထဲမှာဝတ်သောအဝတ်ကိုလဲ၍၊ အသက်ရှိသမျှကာလပတ်လုံးအစဉ်မပြတ်အထံတော်၌ စားသောက်ရ၏။ ၃၄ မသေမှီတိုင်အောင်အသက်ရှိသမျှနေ့ရက်အစဉ်မပြတ်သူ့စားစရာကိုဗာဗုလုန်ရှင်ဘုရင်ပေးသနားတော်မူ၏။
ပရောဖက်ယေရမိစီရင်ရေးထားသောအနာကတ္တိကျမ်းပြီး၏။