ယေရမိ အနာဂတ္တိ
အခန်းကြီး ၄၇
ဖိလတ္တိလူတို့နှင့်ဆိုင်သောနှုတ်ကပတ်တော်
၁ ဖာရောဘုရင်သည်ဂါဇမြို့ကိုမလုပ်ကြံမှီ၊ ဖိလတ္တိအမျိုးသားတို့ကိုရည်မှတ်၍၊ ပရောဖက်ယေရမိသို့ရောက်လာသော နှုတ်ကပတ်တော်အားဖြင့်၊ ၂ ထာဝရဘုရားမိန့်တော်မူသည်ကား၊ မြောက်မျက်နှာဘက်ကရေသည်ထ၍လွှမ်းမိုးသောပင် လယ်ဖြစ်လျက်၊ တပြည်လုံးနှင့်ပြည်၌ ပါသမျှကို၎င်း၊ မြို့နှင့်မြို့၌ နေသောသူတို့ကို၎င်း၊ လွှမ်းမိုး၍၊ သူတို့သည်အော်ဟစ်ကြလိမ့်မည်။ ပြည်သူပြည်သားတို့သည်မြည်တမ်းကြလိမ့်မည်။ ၃ ရန်သူစီးသောမြင်းခွါသံ၊ စိုင်းသောရထားဘီးများမြည်သံကြောင့်၊ အဘတို့သည်လက်အားလျော့၍သားတို့ကိုပြန်မကြည့်ကြ။ ၄ အကြောင်းမူကား၊ ဖိလတ္တိအမျိုးသားတို့ကိုဖျက်ဆီးရသောနေ့၊ တုရုမြို့၊ ဇိဒုန်မြို့ကိုစစ်ကူနိုင်သောသူအကျန်အကြွင်းရှိသမျှကိုပယ်ဖြတ်ရသောနေ့သည်ရောက်၍၊ ထာဝရဘုရားသည်ဖိလတ္တိအမျိုးသားနှင့်ကျန်ကြွင်းသောကတ္တောရပြည်သားတို့ကိုသုတ်သင်ပယ်ရှင်းတော်မူမည်။ ၅ ဂါဇမြို့သည်ဆံပင်ရိတ်ခြင်းကို ခံရ၏။ အာရှကေလုန်မြို့နှင့်ကျန်ကြွင်းသောချိုင့်အရပ်သည်ပျက်စီးပြီ။ အဘယ်မျှကာလပတ်လုံးကိုယ့်အသားကိုခုတ်ဖြတ်ရမည်နည်း။ ၆ အိုထာဝရဘုရား၏ဓါးတော်၊ သင်သည်အဘယ်မျှကာလပတ်လုံးမငြိမ်ဘဲနေမည်နည်း။ ကိုယ့်အိမ်၌ ဝင်၍နေလော့။ နေရာကျ၍ငြိမ်ဝပ်စွာနေလော့။ ၇ အာရှကေလုန်မြို့နှင့်ပင်လယ်ကမ်းအမှု၌ ထာဝရဘုရားမှာထားတော်မူသောကြောင့်၊ အဘယ်သို့ငြိမ်ဝပ်စွာနေနိုင်သနည်း။ ထိုအမှုကိုဆောင်ရွက်စေခြင်းငှါခန့်ထားတော်မူ၏။