ယေရမိ အနာဂတ္တိ
အခန်းကြီး ၄၆
အဲဂုတ္တုပြည်သားကို ရည်မှတ်သော နှုတ်ကပတ်တော်
၁ တပါးအမျိုးသားများကို ရည်မှတ်၍၊ ပရောဖက်ယေရမိသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်တည်းဟူသော၊ ၂ ယုဒရှင်ဘုရင် ယောရှိသား၊ ယောရကိမ်မင်း နန်းစံလေးနှစ်တွင်၊ ကာခေမိတ်အရပ်၊ ဥဖရတ်မြစ်နား၌ တပ်ချ၍ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ လုပ်ကြံသော အဲဂုတ္တုရှင်ဘုရင် ဖာရောနေခေါ်၏ စစ်သူရဲ၊ အဲဂုတ္တုပြည်သားကို ရည်မှတ်သော နှုတ်ကပတ်တော်ဟူမူကား၊ ၃ ဒိုင်းလွှားတို့ကိုပြင်ဆင်၍ စစ်တိုက်ခြင်းငှါ ချဉ်းကပ်ကြလော့။ ၄ မြင်းဆီးသူရဲများတို့၊ မြင်းကိုကကြိုးတန် ဆာဆင်၍ စီးပြီးလျှင်၊ သံခမောက်လုံးကို ဆောင်းလျက်ထွက်ကြလော့။ လှံတို့ကို ပွတ်ကြလော့။ သံချပ်အင်္ကျီကို ဝတ်ကြလော့။ ၅ သူတို့သည် ကြောက်ရွံ့၍ ဆုပ်သွားကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။ အားကြီးသော သူတို့သည် ရှုံးသဖြင့် ပြန်၍မကြည့်ဝံ့။ အလျှင်အမြန်ပြေးကြ၏။ ပတ်လည်အရပ်၌ ဘေးရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ ၆ လျှင်မြန်သောသူကို မပြေးစေနှင့်။ အားကြီးသောသူကို မလွတ်စေနှင့်။ ဥဖရတ်မြစ်နား၊ မြောက်မျက်နှာ၌ ထိမိ၍လဲကြလိမ့်မည်။ ၇ နိလမြစ်ထသကဲ့သို့၎င်း၊ မြစ်ရေစီးသကဲ့သို့၎င်း၊ တက်လာသော ဤသူကားအဘယ်သူနည်း။ ၈ အဲဂုတ္တုပြည်သည် နိလမြစ်ထသကဲ့သို့ ၎င်း၊ မြစ်ရေစီးသကဲ့သို့၎င်း တက်လာလျက်၊ ငါသည်ထ၍မြေကြီကို လွှမ်းမိုးမည်။ မြို့နှင့်တကွ မြို့သားတို့ကို ဖျက်ဆီးမည်ဟု ပြော ဆို၏။ ၉ မြင်းများတို့၊ တက်ကြလော့။ ရထားများတို့၊ ဟုန်းဟုန်းမြည်ကြလော့။ သူရဲများတည်းဟူသော၊ ဒိုင်းလွှားကိုကိုင်တတ်သောကုရှအမျိုး၊ ဖုတအမျိုးသား၊ လေးကိုကိုင်၍ပစ်တတ်သောလုဒိအမျိုးသားတို့သည်ထွက်သွားကြစေ။ ၁၀ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ရန်သူတို့ကိုဒဏ်ပေးရသောနေ့၊ အမျက်တော်ကိုဖြေရသောနေ့ရက်ဖြစ်သည်နှင့်အညီ၊ ဓါးတော်သည်ကိုက်စား၍ဝလိမ့်မည်။ သူတို့အသွေးနှင့်ယစ်မူးလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအဘို့၊ မြောက်မျက်နှာ၌ ဥဖရတ်မြစ်နားမှာယဇ်ပူဇော်စရာအကြောင်းရှိ၏။ ၁၁ အိုအဲဂုတ္တုသတို့သမီးကညာ၊ ဂိလဒ်ပြည်သို့သွား၍ဗာလစံစေးကိုယူလော့။ သင်သည်များစွာသောဆေးကိုအချည်းနှီးသုံးတတ်၏။ သင်၏အနာမပျောက်နိုင်ရာ။ ၁၂ သင်သည်အရှက်ကွဲကြောင်းကိုလူမျိုးတို့သည်ကြားကြပြီ။ သင်မြည်တမ်းသောအသံသည်မြေတပြင်လုံး၌ နှံ့ပြားပြီ။ သူရဲချင်းတယောက်နှင့်တယောက်ထိခိုက်၍၊ နှစ်ယောက်တို့သည်လဲကြပြီဟုမိန့်တော်မူ၏။
၁၃ အဲဂုတ္တုပြည်ကိုလုပ်ကြံခြင်းငှါဗာဗုလုန်ရှင်ဘုရင်နေဗုဒဒ်နေဇာလာမည်အကြောင်းကြောင့်၊ ထာဝရဘုရားသည်ပရောဖက်ယေရမိအားမိန့်တော်မူသောစကားဟူမူကား၊ ၁၄ သင့်ပတ်လည်၌ နေသောသူတို့ကိုဓါးတော်သည်ကိုက်စားပြီ။ ကိုယ်ကိုပြင်ဆင်၍မြဲမြံစွာနေလော့ဟုအဲဂုတ္တုပြည်၌ ကြွေးကြော်ကြလော့။ မိဂဒေါလမြို့၌ သိတင်းကြားကြလော့။ နောဖမြို့၊ တာပနက်မြို့၌ လည်းကြားပြောကြလော့။ ၁၅ သင်၏သူရဲသည်အဘယ်ကြောင့်ရှုံးသနည်း။ ထာဝရဘုရားတွန်းချတော်မူသောကြောင့် သူသည်မရပ်မနေနိုင်ရာ၊ ၁၆ လူများတို့သည်ထိမိ၍တယောက်အပေါ်မှာတယောက်လဲစေခြင်ငှါ ပြုတော်မူသည်ဖြစ်၍၊ သူတို့ကထကြကုန်အံ့၊ ညှဉ်းဆဲတတ်သောဓါးကြောင့်ကိုယ်အမျိုးကိုယ်နေရင်းပြည်သို့ပြန်ကြကုန်အံ့ဟုပြောဆိုကြ၏။ ၁၇ ရောက်ပြီးမှအဲဂုတ္တုရှင်ဘုရင်ဖာရောမင်းသည်ဆုံးရှုံးပြီ။ စည်းဝေးရသောအချိန်ကိုလွန်စေပြီဟုဟစ်ကြ၏။ ၁၈ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟုဘွဲ့နာမရှိသောရှင်ဘုရင်မိန့်တော်မူသည်ကား၊ ငါသည်အသက်ရှင်သည်ဖြစ်၍၊ တောင်တို့တွင်တာဗော်တောင်ကဲ့သို့၎င်း၊ ပင်လယ်နာမှာကရမေလတောင်ကဲ့သို့၎င်း၊ ထိုမင်းသည်လာလိမ့်မည်။ ၁၉ နေရာကျသောအဲဂုတ္တု သတို့သမီး၊ နေရာပြောင်းဘို့ကိုယ်အသုံးအဆောင်များကိုပြင်လော့။ အကြောင်းမူကား၊ နောဖမြို့သည်နေသောသူမရှိအောင် သုတ်သင်ဖျက်ဆီးခြင်းကိုခံရမည်။
၂၀ အဲဂုတ္တုပြည်သည်အဆင်းလှသောနွားမဖြစ်၏။ သို့ရာတွင်၊ မြောက်မျက်နှာဘက်ကနှောင့်ယှက်ခြင်းအကြောင်းပေါ် လာ၏။ ၂၁ သူငှါးတို့သည်သူ၏အလယ်၌ ဆူအောင်ကျွေးသောနွားကဲ့သို့ဖြစ်သော်လည်း၊ ပျက်စီးခြင်းနေ့၊ ဆုံးမခြင်းကိုခံရသောအချိန်ရောက်သောကြောင့်၊ သူတို့သည်မရပ်မနေ၊ ကျောကိုလှည့်၍တညီတညွတ်တည်းပြေးသွားကြ၏။ ၂၂ သစ်ခုတ်သောသူကဲ့သို့ပုဆိန်ပါလျက်၊ လူအလုံးအရင်းနှင့်တကွချီလာကြသောအခါ၊ သူ၏စကားသံသည်မြွေမြည်သံကဲ့သို့ဖြစ်လိမ့်မည်။ ၂၃ ထိုတောသည်အလွန်ရှုပ်သော်လည်း၊ သူတို့သည်ကျိုင်းကောင်ထက်မကမရေတွက်နိုင်အောင်များသောကြောင့်ခုတ်လှဲကြလိမ့်မည်ဟုထာဝရဘုရားမိန့်တော်မူ၏။ ၂၄ အဲဂုတ္တုသတို့သမီးသည်မိန်းမောတွေဝေလျက်ရှိ၏။ မြောက်မျက်နှာပြည်သားတို့လက်သို့ရောက်လေပြီ။ ၂၅ ဣသရေလအမျိုး၏ဘုရားသခင်ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရမိန့်တော်မူသည်ကား၊ နောမြို့၌ ရှိသောအမ္မုန်ဘုရားနှင့်ဖာရောဘုရင်မှစ၍အဲဂုတ္တုပြည်သားဘုရားများ၊ ရှင်ဘုရင်များတည်းဟူသော၊ ဖာရောဘုရင်အစရှိသော၊ ထိုဘုရင်ကိုကိုးစားသောသူတို့ကိုငါဆုံးမမည်။ ၂၆ သူတို့အသက်ကိုရှာသောသူတည်းဟူသောဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာမင်းနှင့်သူ၏ကျွန်တို့လက်သို့သူတို့ကိုငါအပ်မည်။ ထို့နောက်မှတဖန်အဲဂုတ္တုပြည်သည်အရင်ကဲ့သို့စည်ပင်လိမ့်မည်၊ ဟုထာဝရဘုရားမိန့်တော်မူ၏။
၂၇ အိုငါကျွန်ယာကုပ်၊ မကြောက်နှင့်။ အိုဣသရေလအမျိုး၊ စိတ်မပျက်နှင့်။ သင့်ကိုဝေးသောအရပ်မှ၎င်း၊ သင်၏အမျိုး သားတို့ကိုသိမ်းသွားရာပြည်မှ၎င်း၊ ငါနှုတ်ယူဆောင်ခဲ့သဖြင့်၊ ယာကုပ်အမျိုးသည်ပြန်လာ၍၊ ချောက်လှန့်သောသူမရှိ၊ ငြိမ်ဝပ်ချမ်းသာစွာနေရလိမ့်မည်။ ၂၈ ငါ့ကျွန်ယာကုပ်မကြောက်နှင့်။ သင်နှင့်အတူငါရှိ၏။ သင်ကိုငါနှင်ထုတ်သောတိုင်းနိုင်ငံရှိသမျှတို့ကိုငါသည်ဆုံးစေသော်လည်း၊ သင့်ကိုမဆုံးစေ။ သို့ရာတွင်၊ ရှင်းရှင်းအပြစ်မလွတ်ဘဲအတော်အတန်ဆုံးမမည်ဟုထာဝရဘုရား မိန့်တော်မူ၏။