ယေရမိ အနာဂတ္တိ
အခန်းကြီး ၄၀
ယေရမိကို ကိုယ်ရံတော်မှူးက ချီနှောင်ရာမှလွှတ်
၁ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရမိကို တဖန်သိမ်းသွား၍ ရာမမြို့၌ လွှတ်သောနောက်၊ ထာဝရဘုရား ထံတော်မှ နှုတ်ကပတ်တော်သည် ရောက်လာသည်အရာမှာ၊ ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သား အပေါင်းတို့နှင့်အတူ၊ ယေရမိသည် သံကြိုးနှင့် ချည်နှောင်ခြင်းကို ခံရသောအခါ၊ ၂ ကိုယ်ရံတော်မှူးသည် သူ့ကိုခေါ်၍၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် ဤပြည်၌ ရောက်သောအမှုကို ခြိမ်းတော်မူနှင့်ပြီ။ ၃ ခြိမ်းတော်မူသည်အတိုင်းလည်း၊ အမှုကို ရောက်စေ၍ စီရင်တော်မူပြီ။ သင်တို့သည် အမိန့်တော်ကို နားမထောင်၊ ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ဤအမှုသည် သင်တို့ အပေါ်သို့ ရောက်လေပြီ။ ၄ ယခုမှာ သင့်လက်၌ ချည်နှောင်လျက်ရှိသော သံကြိုးကိုငါချွတ်မည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်လာခြင်းငှါ အလိုရှိလျှင် လိုက်လာပါ။ ငါသည် ကောင်းမွန်စွာ ကြည့်ရှုမည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်ခြင်းငှါ အလိုမရှိလျှင် မလိုက်နှင့်။ တပြည်လုံးသည် သင့်ရှေ့မှာရှိ၏။ အကြင်အရပ်သို့ သွားကောင်းသည်ဟု စိတ်ထင်လျှင်၊ ထိုအရပ်တည်းဟူသော စိတ်ရောက်ရာအရပ်သို့ သွားပါလော့ဟု ဆို၏။ ၅ ယေရမိသည်ကိုယ်ရံတော်မှူးထံမှ မထွက်မှီ၊ ကိုယ်ရံတော်မှူးက၊ ဗာဗုလုန်ရှင်ဘုရင်သည် ယုဒပြည်နယ်တွင်၊ မြို့အုပ်အရာ၌ ခန့်ထားတော်မူသော ရှာဖန်၏သား ဖြစ်သော အဟိကံ၏သား ဂေဒလိထံသို့ပြန်၍ ပြည်သားများနှင့်အတူ နေပါလော့။ သို့မဟုတ်၊ စိတ်ရှိ သည်အတိုင်း သွားပါလော့ဟု ဆိုလျက်၊ စားစရိတ်နှင့် လက်ဆောင်ကိုပေး၍ လွှတ်လိုက်လေ၏။ ၆ ထိုအခါ ယေရမိသည် အဟိကံသား ဂေဒလိရှိရာ မိဇပါမြို့သို့သွား၍ ပြည်၌ ကျန်ကြွင်းသေးသော သူတို့နှင့်အတူ နေလေ၏။
ဗာဗုလုန် ရှင်ဘုရင်က ဂေဒလိကို ယုဒပြည်၌ ပြည်အုပ်အရာခန့်
၇ ဗာဗုလုန် ရှင်ဘုရင်သည် အဟိကန်သား ဂေဒလိကို ပြည်အုပ်အရာ၌ ခန့်ထား၍၊ ဗာဗုလုန်မြို့သို့ သိမ်းယူရာ၌ မပါသော ယောက်ျား မိန်းမ သူငယ် ဆင်းရဲသားအချို့တို့ကို သူ၌ အပ်ကြောင်းကို၊ တောမှာရှိသော တပ်မှူးတို့နှင့် စစ်သူရဲများတို့သည် ကြားသိကြသောအခါ၊ ၈ နာသနိသား ဣရှမေလ၊ ကာရာသား ယောဟနန်နှင့် ယောနသန်၊ တာနုမက်သားစရာယ၊ နေတောဖတ်အမျိုး၊ ဧဖဲ၏သားများ၊ မာခသိအမျိုးသား ယေဇနိတို့သည် မိမိလူများနှင့်တကွ၊ ဂေဒလိရှိရာ မိဇပါမြို့သို့လာ၍၊ ၉ ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိက၊ ခါလဒဲမင်း၏အမှုကို ဆောင်ရွက်ရမည်အခွင့်ကို မစိုးရိမ်ကြနှင့်။ ဤပြည်၌ နေ၍ ဗာဗုလုန် ရှင်ဘုရင် အမှုကို ဆောင်ရွက်ကြလော့။ သို့ပြုလျှင်၊ ချမ်းသာရကြလိမ့်မည်။ ၁၀ ငါမှုကား၊ လာလတံ့သော ခါလဒဲလူတို့စကားကို နားထောင်ခြင်းငှါ မိဇပါမြို့မှာ နေမည်။ သင်တို့မူကား၊ စပျစ်ရည်ကို၎င်း၊ နွေကာလအသီးကို၎င်း၊ ဆီကို၎င်းသိမ်း၍ အိုး၌ သိုထားကြလော့။ ယခုဝင်ပြန်သော မြို့ရွာတို့၌ နေကြလော့ဟူ၍၊ ထိုသူတို့အား သစ္စာပြုလေ၏။ ၁၁ ဗာဗုလုန်ရှင်ဘုရင်သည် ယုဒပြည်၌ လူအချို့တို့ကို ကျန်ကြွင်းစေ၍၊ ရှာဖန်၏သားဖြစ်သောအဟိကံ၏သား ဂေဒလိကိုမင်းအရာ၌ ခန့်ထားကြောင်းကို၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဧဒုံပြည်အစရှိသော အတိုင်းတိုင်း အပြည်ပြည်တို့၌ ရှိသော ယုဒလူအပေါင်းတို့သည် ကြားသိကြသောအခါ၊ ၁၂ နှင်ထုတ်ရာ ပြည်အရပ်ရပ်တို့မှ ပြန်လာ၍၊ ယုဒပြည်၊ ဂေဒလိရှိရာ မိဇပါမြို့သို့ရောက်သဖြင့်၊ များစွာသော စပျစ်ရည်နှင့် နွေကာလ အသီးကို သိမ်းယူကြ၏။
ဣရှမေလက ဂေဒလိကို သတ်ဘို့ ကြံစည်
၁၃ ထိုနောက်မှ၊ ကာရာသား ယောဟနန်သည် တော၌ ရှိသော တပ်မှူးများနှင့်တကွ၊ ဂေဒလိရှိရာမိဇပါမြို့သို့လာ၍၊ ၁၄ ကိုယ်တော်ကို သတ်စေခြင်းငှါ၊ အမ္မုန် ရှင်ဘုရင်ဗာလိတ်သည် နာသနိသားဣရှမေလကို စေလွှတ်ကြောင်းကို အမှန်သိပါ၏လောဟု မေးလျှောက်သော်လည်း၊ ထိုစကားကို အဟိကံသား ဂေဒလိသည်မယုံ။ ၁၅ ထိုအခါ ကာရာသားယောဟနန်ကလည်း၊ အကျွန်ုပ်သွား ၍နာသနိသား ဣရှမေလကို သတ်ရသောအခွင့်ကို ပေးပါလော့။ အဘယ်သူမျှမသိရ။ သူသည်ကိုယ်တော်ကို သတ်၍၊ ကိုယ်တော်ထံ၌ စုဝေးသော ယုဒလူအပေါင်းတို့သည် အရပ်ရပ်သို့ ကွဲပြားသဖြင့်၊ ယုဒပြည်၌ ကျန်ကြွင်းသောသူတို့သည် အဘယ်ကြောင့် ပျက်စီးရကြပါမည်နည်းဟု မိဇပါမြို့၌ ဂေဒလိကို တိတ်ဆိစွာ လျှောက်သော်လည်း၊ ၁၆ အဟိကံသား ဂေဒလိက၊ သင်သည်ထိုသို့မပြုရ။ သင်သည် ဣရှမေလနှင့် ပတ်သက်၍ မမှန်သော စကားကို ပြန်ပြောပြီဟု ကာရာသား ဟောဟနန်အား ပြန်ပြောလေ၏။