ရှောလမုန်သီချင်း
အခန်းကြီး ၂
၁ ကျွန်မသည်ရှာရုန်အရပ်နှင်းဆီပွင့်၊ ကွင်းပြင်၌ ပေါက်သောနှင်းပွင့်မျှသာဖြစ်ပါ၏။ ၂ ဆူးတောထဲမှာနှင်းပွင့်ထင်သ ကဲ့သို့၊ ငါချစ်သောသတို့သမီးသည်လူမျိုးသမီးစုထဲမှာထင်ပေ၏။ ၃ တောပင်စုထဲမှာ ရှောက်ချိုပင်ကဲ့သို့ငါချစ်ရာသခင်သည်လူမျိုးသားစုထဲမှာဖြစ်တော်မူ၏။ ငါသည်သူ၏အရိပ်ဝယ်ပျော်မွေ့နေထိုင်၍မြိန်စွာသော အသီးကိုစားရ၏။ ၄ ပွဲခံရာအိမ်သို့ငါ့ကိုဆောင်သွား၍၊ မေတ္တာတော်အလံကိုငါ့အပေါ်မှာမိုးတော်မူပြီ။ ၅ ငါသည်ချစ်ခြင်းအားဖြင့်ကြင်နာသည်ဖြစ်၍၊ ငါ့ကိုစပျစ်သီးပျဉ်နှင့်အားဖြည့်ကြပါ။ ရှောက်ချိုသီးကိုကျွေး၍သက်သာစေကြပါ။ ၆ သခင်၏လက်ဝဲလက်သည်ငါ့ခေါင်းကိုထောက်မလျက်၊ လက်ျာလက်သည်ငါ့ကိုဘက်လျက်နေတော်မူပါစေ။ ၇ ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သောသတို့သမီးသည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည်အကြောင်း၊ တော၌ ကျင်လည်သောသမင်ဒရယ်များကိုတိုင်တည်၍သင်တို့ကိုငါမှာထား၏။
၈ ငါချစ်ရာသခင်၏စကားသံပေ။ ကြည့်ပါ၊ တောင်ကြီးတောင်ငယ်တို့ကိုခုန်ကျော်လျက်ကြွလာ၏။ ၉ ငါချစ်ရာ သခင်သည်သမင်ဒရယ်သငယ်နှင့်တူ၏။ ကြည့်ပါ၊ အုတ်ရိုးပြင်မှာရပ်တော်မူ၏။ ပြတင်းပေါက်ဝတွင်ကြည့်လျက်၊ ပြတင်းရွက်ကြားမှာကိုယ်ကိုပြလျက်နေတော်မူ၏။ ၁၀ ငါချစ်ရာသခင်သည်ခေါ်၍ပြောသည်ကား၊ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ။ ၁၁ ဆောင်းကာလလွန်ပြီ။ မိုးလည်းကြည်လင်ပြီ။ ၁၂ မြေကြီးပေါ်မှာပန်းများပွင့်ကြပြီ။ ငှက်တို့မြည်တွန်ချိန်လည်းရောက်လေပြီ။ ငါတို့မြေ၌ ချိုးငှက်တွန်သံကိုလည်းကြားရ၏။ ၁၃ သင်္ဘောသဖန်းပင်သည်စိမ်းသောအသီးကိုမှည့်စေ၏။ စပျစ်နွယ်ပင်လည်း ပွင့်လျက် မွှေးကြိုင်၏။ ငါချစ်သော နှမ၊ ငါ၏ မိန်းမလှ၊ ထ၍ လာခဲ့ပါ၊ ၁၄ တောင်ပေါ်၌ ခိုလှုံရာကျောက်ကြားတွင်ရှိသောငါ၏ချိုးငှက်၊ သင်၏မျက်နှာကိုမြင်ပါရစေ။ သင်၏စကားသံကိုကြားပါရစေ။ သင်၏စကားသံသည် ချို၏။ သင်၏မျက်နှာလည်းလှ၏။ ၁၅ စပျစ်နွယ်ပင်တို့ကိုဖျက်လတံ့သောမြေခွေးများနှင့်မြေခွေးကလေးများကိုငါတို့ဘို့ဖမ်းကြလော့။ ငါတို့စပျစ်နွယ်ပင်တို့သည်အပွင့်ပွင့်လျက်ရှိကြ၏။
၁၆ ငါချစ်ရာသခင်ကိုငါဆိုင်ပေ၏။ ငါ့ကိုလည်းသခင်ဆိုင်ပေ၏။ နှင်းတော၌ ကျက်စားတော်မူ၏။ ၁၇ မိုးမသောက်၊ မှောင်မိုက်အရိပ်မပြေးမှီ၊ ငါချစ်ရာသခင်၊ ဗေသာတောင်ပေါ်မှာသမင်ဒရယ်ငယ်ကဲ့သို့တဖန်ပြုတော်မူပါ။