ဝတ်ပြုရာကျမ်း
အခန်းကြီး ၉
အပြစ်ဖြေရာယဇ်နှင့် မီးရှို့ရာယဇ် ပူဇော်ခိုင်း
၁ အဋ္ဌမနေ့၌ မောရှေသည် အာရုန်နှင့် သူ၏သားများ၊ ဣသရေလ အမျိုး အသက်ကြီး သူများတို့ကို ခေါ်၍၊ ၂ အာရုန်အား၊ သင်သည် အပြစ်ဖြေရာယဇ်ဖို့ အပြစ်မပါသော နွားသူငယ်တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့ အပြစ်မပါသော သိုးထီးတစ်ကောင်ကို ယူ၍၊ ထာဝရဘုရား ရှေ့တော်၌ ပူဇော်လော့။ ၃ ဣသရေလ အမျိုးသားတို့အားလည်း၊ သင်တို့သည် အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သူငယ်တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့ အပြစ်မပါ အခါမလည်သော နွားသူငယ်တစ်ကောင်၊ သိုးသူငယ်တစ်ကောင်၊ ၄ ထာဝရဘုရား ရှေ့တော်၌ ပူဇော်သော မိဿဟာယ ယဇ်ဖို့ နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ ဆီနှင့်ရောသော ဘောဇဉ် ပူဇော်သက္ကာကို ယူကြလော့။ ယနေ့ ထာဝရဘုရားသည် သင်တို့အား ထင်ရှားတော်မူမည်ကို ပြောလော့၊ ဟုဆိုလေ၏။ ၅ မောရှေမှာ ထားသောအရာတို့ကို ပရိသတ် စည်းဝေးရာ တဲတော်ရှေ့သို့ ဆောင်ခဲ့ပြီးမှ၊ ပရိသတ် အပေါင်းတို့သည် ချဉ်းကပ်၍၊ ထာဝရဘုရား ရှေ့တော်၌ ရပ်နေကြ၏။ ၆ မောရှေကလည်း၊ သင်တို့သည် ထာဝရဘုရား မိန့်တော်မူသည် အတိုင်း ဤသို့ပြုကြ၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် သင်တို့အား ထင်ရှားမည်ဟူ၍၎င်း၊ ၇ အာရုန်အားလည်း၊ သင်သည် ယဇ်ပလ္လင်သို့ သွား၍ ထာဝရဘုရားမှာ ထားတော်မူသည်အတိုင်း၊ သင်၏ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်သဖြင့်၊ သင်နှင့် လူများအတွက် အပြစ်ဖြေခြင်းကို ပြုလော့၊ လူများဆောင်ယူခဲ့သော ပူဇော်သက္ကာကိုလည်း ပူဇော်၍၊ သူတို့အတွက် သူအပြစ်ဖြေခြင်းကို ပြုလော့ဟု၍၎င်း ဆိုလေ၏။
အာရုန်သည် မိမိအတွက် ယဇ်များပူဇော်
၈ အာရုန်သည်လည်း၊ ယဇ်ပလ္လင်သို့သွား၍ မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ် နွားသူငယ်ကို သတ်လေ၏။ ၉ သူ၏သားတို့လည်း အသွေးကို ယူဆောင်ခဲ့သဖြင့်၊ အာရုန်သည် မိမိလက်ညှိုးကို အသွေး၌ နှစ်၍၊ ယဇ်ပလ္လင် ဦးချိုတို့၌ ထည့်ပြီးမှ၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင် ခြေရင်းနား၌ သွန်လေ၏။ ၁၀ အပြစ်ဖြေရာယဇ် ကောင်ဆီဥ၊ ကျောက်ကပ်၊ အသည်းပေါ်၌ ရှိသော အမြှေးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏။ ထိုသို့ ထာဝရဘုရားသည် မောရှေအား မှာထားလေ၏။ ၁၁ အသားနှင့်အရေကို တပ်ပြင်မှာ မီးရှို့လေ၏။ ၁၂ မီးရှို့ရာ ယဇ်ကောင်ကိုလည်း သတ်၍၊ သူ၏သားတို့သည် အသွေးကို ဆက်ပြီလျှင်၊ သူသည် ယဇ်ပလ္လင် ပေါ်ပတ်လည်၌ ဖြန်းလေ၏။ ၁၃ သူတို့သည် မီးရှို့ရာယဇ် ကောင်သားတစ်များနှင့် ခေါင်းကိုဆက်၍၊ သူသည် ယဇ်ပလ္လင် ပေါ်မှာ မီးရှို့လေ၏။ ၁၄ ၀မ်းထဲ၌ ရှိသောအရာများနှင့် ခြေတို့ကို ဆေးကြော၍ ယဇ်ပလ္လင် ပေါ်မှာ မီးရှို့ရာယဇ်နှင့် အတူရှို့လေ၏။
လူများအတွက် ယဇ်ပူဇော်
၁၅ လူများ ပူဇော်သက္ကာကိုလည်း ဆောင်ခဲ့၍၊ လူများ အပြစ်ဖြေရာ ဖြစ်သော ဆိတ်ကို ယူသတ်ပြီးလျှင်၊ ရှေ့နည်းအတူအပြစ် အတွက် ပူဇော်လေ၏။ ၁၆ မီးရှို့ရာ ယဇ်ကောင်ကိုလည်း ဆောင်ခဲ့၍၊ ထိုနည်းတူ ပူဇော်လေ၏။၁၇ ဘောဇဉ် ပူဇော်သက္ကာ ကိုလည်း ဆောင်ခဲ့ပြီးလျှင်၊ တလက်ဆွန်းကိုယူ၍ ယဇ်ပလ္လင်၌ နံနက် မီးရှို့ရာယဇ်နားမှာ မီးရှို့လေ၏။ ၁၈ လူများအတွက် မိဿဟာယ ယဇ်နွားထီး၊ သိုးထီးကိုလည်း သတ်၍၊ သူ၏သားတို့သည် အသွေးကို ဆက်ပြီးလျှင်၊ သူသည် ယဇ်ပလ္လင် အပေါ်ပတ်လည်၌ ဖြန်းလေ၏။ ၁၉ အမြီးနှင့်တကွ အအူကို ဖုံးသောဆီဥ၊ ကျောက်ကပ်၊ အသည်း အမြှေးတည်းဟူသော သိုးနွားဆီဥကို၊ ၂၀ ရင်ပတ်ပေါ်မှာတင်၍ ယဇ်ပလ္လင်၌ မီးရှို့လေ၏။ ၂၁ ရင်ပတ်နှင့် လက်ျာပခုံးကို ထာဝရဘုရား ရှေ့တော်၌ ချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာကို ပြုလေ၏။ ထိုသို့ပြုရမည်၊ ဟုမောရှေမှာ ထားသတည်း။
မောရှေနှင့် အာရုန်လူများကို ကောင်းကြီးပေး
၂၂ အာရုန်သည် မိမိလက်ကို လူများရှေ့သို့ချီလျက် ကောင်းကြီးပေး၍၊ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်ကို ပူဇော်ရာမှ ဆင်းလေ၏။ ၂၃ တဖန် မောရှေနှင့် အာရုန်တို့သည် ပရိသတ် စည်းဝေးရာ တဲတော် ထဲသို့ဝင်၍ ထွက်ပြီးမှ၊ လူများကို ကောင်းကြီး ပေးသဖြင့်၊ ထာဝရဘုရား၏ ဘုန်းတော်သည် လူများတို့အား ထင်ရှားလေ၏။ ၂၄ ထာဝရဘုရား ထံတော်မှ မီးထွက်၍ ယဇ်ပလ္လင် ပေါ်မှာရှိသော မီးရှို့ရာယဇ်နှင့် ဆီဥကို လောင်လေ၏။ [A] ထိုအကြောင်း အရာကို လူများတို့သည် မြင်သောအခါ ကြွေးကြော်၍ ပြပ်ဝပ်ကြ၏။