ဝတ်ပြုရာကျမ်း
အခန်းကြီး ၁၀
အာရုန်သား နာဒပ်နှင့် အဘိ၊ ဟုကောင်းကင်ကမီးဖြင့်သေ
၁ အာရုန်၏ သားနာဒပ်နှင့် အဘိဟုတို့သည်၊ ကိုယ်စီဆိုင်သော လင်ပန်းတို့ကို ယူလျက် မီးကိုထည့်၍ လောဗန်ကို တင်ပြီးလျှင်၊ ထာဝရဘုရား မှာထားတော်မူသော မီးမဟုတ်၊ ထူးခြားသော မီးကို ရှေ့တော်၌ ပူဇော်၏။ ၂ ထိုအခါ ထာဝရဘုရား ထံတော်မှ မီးထွက်၍၊ သူတို့ကို လောင်သဖြင့် ရှေ့တော်၌ သေကြ၏။ [A] ၃ ထိုအခါ မောရှေသည် အာရုန်ကိုခေါ်၍၊ ထာဝရဘုရားက၊ ငါသည် သန့်ရှင်းခြင်းရှိသည်၊ ဟုငါ့ထံသို့ ချဉ်းကပ်သောသူ တို့သည် မှတ်ရမည်။ လူအပေါင်းတို့သည် ငါ့ဘုန်းကို ချီးမြှင့်ရကြမည်၊ ဟုမိန့်တော်မူရာ၌၊ ထိုသို့သောအမှုကို ရည်ဆောင်၍ မိန့်တော်မူသည်၊ ဟုဆိုလျှင်၊ အာရုန်သည် တိတ်ဆိတ်စွာ နေလေ၏။ ၄ မောရှေသည် အာရုန်၏ဘထွေး ဩဇေလသား မိရှေလနှင့် ဧလဇာဖန်ကို ခေါ်၍၊ လာကြ။ သင်တို့ ပေါက်ဖေါ်တို့ကို သန့်ရှင်းရာ ဌာနတော်က၊ တပ်ပြင်သို့ ယူသွားကြလော့၊ ဟုဆိုသည်အတိုင်း၊ ၅ သူတို့သည်လာ၍ အင်္ကျီဝတ်လျက်ရှိသော အသေကောင်ကို တပ်ပြင်သို့ ယူသွားကြ၏။
မောရှေက အာရုန်သား နှစ်ယောက်သတိပေး
၆ မောရှေသည် အာရုန်နှင့် သူ၏သား ဧလာဇာနှင့် ဣသမာတို့ကို ခေါ်၍၊ သင်တို့လည်း သေမည်။ လူအပေါင်းတို့ အပေါ်မှာ အမျက်တော် သင့်ရောက်မည်ကို စိုးရိမ်သည်ဖြစ်၍၊ သင်တို့ဦးထုတ်ကို မချွတ်နှင့်။ အဝတ်ကို မဆုတ်နှင့်။သင်တို့ ညီအစ်ကို ဣသရေလ အမျိုးသား ရှိသမျှတို့သည် ထာဝရဘုရား ပြုတော်မူသော မီးလောင်ခြင်းကိုသာ ငိုကြွေးမြည်တမ်းကြစေ။ ၇ သင်တို့သေမည်ကို စိုးရိမ်သည်ဖြစ်၍၊ ပရိသတ် စည်းဝေးရာ တံခါးပြင်သို့ မထွက်နှင့်။ ထာဝရဘုရား၏ ဘိသိက်ဆီသည် သင်တို့အပေါ်၌ ရှိသည် ဆိုသည်အတိုင်း သူတို့ပြုကြ၏။
တဲတော်သို့ဝင်သောအခါ ယဇ်ပုရောဟိတ်များ စပျစ်ရည်မသောက်ရ
၈ တဖန် အာရုန်အား ထာဝရဘုရားက၊ ၉ သင်နှင့် သင်၏သားတို့သည် သေဘေးနှင့် ကင်းလွတ်ခြင်းငှာ၎င်း၊ သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာ၊ စင်ကြယ်သောအရာ၊ ၁၀ မစင်ကြယ်သော အရာတို့ကို ပိုင်းခြားတတ်ခြင်းငှာ၎င်း၊ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားသမျှသော ပညတ်တို့ကို၊ ဣသရေလ အမျိုးသားတို့၌ သွန်သင်တတ်ခြင်းငှာ၎င်း၊ ပရိသတ် စည်းဝေးရာ တဲတော် သို့ ဝင်သောအခါ၊ စပျစ်ရည် အစရှိသော ယစ်မျိုးကို မသောက်နှင့်။ ၁၁ သင်တို့အမျိုး အစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်း၊ ဟုမိန့်တော်မူ၏။
ဘောဇဉ်ပူဇော်သက္ကာကို သန့်ရှင်းရာဌာန၌ စားရမည်
၁၂ မောရှေသည်လည်း၊ အာရုန်နှင့် ကြွင်းသော သားဧလာဇာ၊ ဣသမာတို့ကို ခေါ်၍၊ သင်တို့သည် ထာဝရဘုရားအား မီးဖြင့်ပြုသော ဘောဇဉ် ပူဇော်သက္ကာ အကြွင်းကို၊ တဆေးမပါဘဲ ယဇ်ပလ္လင်နားမှာ စားကြလော့။ အလွန်သန့်ရှင်းပေ၏။ ၁၃ ထိုအကြွင်းသည် ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာထဲက၊ သင်နှင့်သင်၏ သားတို့ ခံထိုက်သောအဖို့ ဖြစ်၍၊ သန့်ရှင်းရာ ဌာနတော်၌ စားရကြမည်။ ထိုပညတ်တော်ကို ငါခံရပြီ။
ချီလွှဲသောရင်ပတ်နှင့် ချီးမြှောက်သောပခုံး
၁၄ ချီလွှဲသောရင်ပတ်၊ ချီးမြှောက်သော ပခုံးကိုကား၊ သင်နှင့်တကွ သင်၏သားသမီးတို့သည် စင်ကြယ်သောအရပ်၌ စားရကြမည်။ ဣသရေလ အမျိုးသားတို့သည် ပူဇော်သော မိဿဟာယယဇ် ထဲက၊ သင်နှင့် သင်၏သားတို့သည် ခံထိုက်သောအဖို့ ဖြစ်သတည်း။ ၁၅ မီးဖြင့်ပူဇော်သော ယဇ်ကောင်ဆီဥနှင့် တကွ၊ ချီးမြှောက်ရာပခုံး၊ ချီလွှဲရာ ရင်ပတ်ကို ထာဝရဘုရား ရှေ့တော်၌ ချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာကို ပြုခြင်းငှာ ဆောင်ခဲ့ကြရ၍၊ ထာဝရ ပညတ်တော်အတိုင်း၊ သင်နှင့်သင်၏ သားတို့သည် ကိုယ်အဖို့ ယူရကြမည်။ ထိုသို့ ထာဝရဘုရား မှာထားတော်မူပြီ၊ ဟုဆိုလေ၏။
အပြစ်ဖြေရာယဇ်သား သန့်ရှင်း၍စားရမည်
၁၆ တဖန် မောရှေသည် အပြစ်ဖြေရာယဇ် ပြုသော ဆိတ်ကို ကြိုးစား၍ ရှာသော်လည်းမတွေ့။ မီးရှို့နှင့်ပြီ။ ထိုကြောင့် ကြွင်းသော အာရုန်သား ဧလာဇာ၊ ဣသမာတို့ကို အမျက်ထွက်လျက် ဆိုသည်ကား၊ ၁၇ အပြစ်ဖြေရာယဇ် သားသည် အလွန်သန့်ရှင်း၏။ သင်တို့သည် ပရိသတ်တို့ အပြစ်ကိုခံ၍၊ ထာဝရဘုရား ရှေ့တော်၌ သူတို့အဖို့ အပြစ်ဖြေခြင်းကို ပြုစေခြင်းငှာ၊ ထိုယဇ်သားကို ပေးတော်မူသည်ဖြစ်၍၊ သန့်ရှင်းရာ ဌာနတော်၌ အဘယ်ကြောင့် မစားသနည်း။ ၁၈ ထိုယဇ်သား အသွေးကိုလည်း သန့်ရှင်းရာ ဌာနထဲသို့ မသွင်းပါတကား။ အကယ်၍ ငါမှာထားခဲ့သည်အတိုင်း၊ ထိုယဇ်သားကို သန့်ရှင်းရာ ဌာနတော်၌ စားရမည်ဟုဆိုလျှင်၊ ၁၉ အာရုန်က၊ ယနေ့သူတို့သည် လူများတို့ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ် ပူဇော်ပါပြီ။ အကျွန်ုပ်၌ ထိုသို့သော အမှုရောက်သည်တွင်၊ ယနေ့ အပြစ်ဖြေရာ ယဇ်သား ကိုစားမိလျှင်၊ ထာဝရဘုရား နှစ်သက်တော် မူပါမည်လော၊ ဟုမောရှေကိုပြောဆို၏။ ၂၀ မောရှေသည် ထိုစကားကို ကြားလျှင် ဝန်ခံလေ၏။