သုတ္တံကျမ်း
အခန်းကြီး ၇
၁ ငါ့သား၊ ငါ့စကားကို စေ့စေ့နားထောင်၍၊ ငါ့ပညတ်တို့ကိုသင်၌ သိုထားလော့။ ၂ ငါ့ပညတ်တို့ကို စောင့်ရှောက်၍ အသက် ရှင်လော့။ ငါပေးသော တရားကို ကိုယ်မျက်ဆန်ကဲ့သို့ စောင့်လော့။ ၃ သင်၏လက်ချောင်းတို့၌ ချည်ထား၍၊ သင်၏နှလုံးအင်း စာရင်း၌ ရေးမှတ်လော့။ ၄ ပညာကို ကိုယ်နှမဟူ၍၎င်း၊ ဥာဏ်ကို ကိုယ်ပေါက်ဖေါ်ဟူ၍၎င်း ခေါ်လော့။ ၅ သို့ပြုလျှင် သူတို့သည် အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့်ချော့မော့တတ်သော ပြည်တန်ဆာ မိန်းမလက်မှ သင့်ကို ကယ်တင်ကြလိမ့်မည်။
၆ ငါ့အိမ်ပြတင်းရွက်ကြားမှ ငါကြည့်၍ မြင်ရသော အမှုဟူမူကား၊ ၇ ဥာဏ်တိမ်သော အမျိုးသားချင်းစုကို ငါကြည့်ရှုစဉ်တွင်၊ ဥာဏ်မရှိသော လူတယောက်သည်၊ ၈ ထိုသို့သော မိန်းမနေရာလမ်းထောင့်အနားသို့ လျှောက်သွားသဖြင့်၊ ၉ မိုးချုပ်၍ ညဦးအချိန်၊ ညနက် သောအချိန် ရောက်သောအခါ၊ ထိုမိန်းမနေရာလမ်းသို့ လိုက်လေ၏။ ၁၀ ပြည်တန်ဆာ အဝတ်ကိုဝတ်၍၊ ဆန်းပြားသော မိန်းမသည် ထိုသူကိုကြိုဆို၏။ ၁၁ ထိုမိန်းမသည် ကျယ်သောအသံနှင့် ခိုင်မာသော စိတ်သဘောရှိ၏။ ကိုယ်အိမ်၌ မနေ၊ လည်တတ်၏။ ၁၂ ခဏအိမ်ပြင်၊ ခဏလမ်းထဲမှာ နေလျက်၊ လမ်းထောင့်အရပ်ရပ်၌ ချောင်းမြောင်း၍ ကြည့်တတ်၏။ ၁၃ ထိုလူကို တွေ့သောအခါ၊ ရဲသောမျက်နှာနှင့် ဖမ်းဘက်နမ်းရှုပ်လျက်၊ ၁၄ ငါ၌ မိဿဟာယ ယဇ်ပူဇော်သက္ကာရှိ၏။ ယနေ့ငါဂတိဝတ်ကို ငါဖြေပြီ။ ၁၅ ထိုကြောင့် သင့်ကိုကြိုဆိုအံ့သောငှါ ငါထွက်လာပြီ။ သင့်မျက်နှာကို ကြိုးစားရှာ၍ တွေ့ပြီ။ ၁၆ ငါ့ခုတင်ကို ချယ်လှယ်သော အိပ်ရာခင်းနှင့်၎င်း၊ အဲဂုတ္တုပိတ်ချောနှင့်၎င်း ပြင်ဆင်ပြီ။ ၁၇ ငါ့မွေ့ရာကိုမုရန်၊ အကျော်၊ သစ်ကြံပိုးနှင့်ထုံပြီ။ ၁၈ လာပါ၊ မိုးလင်းသည်တိုင်အောင် ကာမရာဂစိတ်ကို ဖြေကြကုန်အံ့။ မေထုန်ပြု၍ မွေ့လျော်ကြကုန်အံ့။ ၁၉ ငါ့အရှင်သည် အိမ်မှာမှရှိ။ ငွေအိတ်ကို ဆောင်လျက် ဝေးသောအရပ်သို့ သွားပြီ။ ၂၀ ပွဲနေ့ရောက်မှသာ ပြန်လာလိမ့်မည်၊ ဟု၂၁ ချစ်ဘွယ်သောစကားနှင့် ထိုသူကိုသွေးဆောင်၍ ချော့မော့တတ်သော နှုတ်ခမ်းနှင့် နိုင်သဖြင့်၊ ၂၂ နွားသည် အသေခံရာသို့လိုက်သကဲ့ သို့၎င်း၊ သမင်ဒရယ်သည် မိမိအသည်း၌ မြှားမထိုးမှီတိုင်အောင်၊ ဖမ်းမိရာထဲသို့ ဝင်သကဲ့သို့၎င်း၊ ငှက်သည် မိမိအသက်ဆုံးစေခြင်းငှါ ထောင်မှန်းကို မရိပ်မိဘဲ၊ ကျော့ကွင်းထဲသို့ အလျင်အမြန် ဝင်သကဲ့သို့၎င်း၊ ၂၃ လူသည် ထိုမိန်းမနောက်သို့ ချက်ချင်း လိုက်သွားတတ်၏။
၂၄ သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်၍ ငါဟောပြောချက်တို့ကို မှတ်ကျုံးကြလော့။ ၂၅ ထိုသို့သော မိန်းမနေရာလမ်းကို စိတ်မငဲ့ကွက်နှင့်။ သူကျင်လည်သော လမ်းခရီးသို့လွှဲ၍ မလိုက်နှင့်။ ၂၆ အကြောင်းမူကား၊ သူသည် စစ်သူရဲအများတို့ကို လှဲလေပြီ။ ခွန်အားကြီးသော သူအများတို့ကို သတ်လေပြီ။ ၂၇ သူ၏အိမ်သည် သေမင်း၏ ဘုံဗိမာန်သို့ဆင်း၍၊ မရဏာနိုင်ငံသို့ ရောက်သောလမ်းဖြစ်၏။