သုတ္တံကျမ်း
အခန်းကြီး ၂၉
၁ အထပ်ထပ်ဆုံးမခြင်းကိုခံသော်လည်း၊ မိမိလည်ပင်းကိုခိုင်မာစေသောသူသည်ကိုးကွယ်ရာမရ၊ ရုတ်တရက်ပျက်စီးလိမ့်မည်။ ၂ ဖြောင့်မတ်သောသူတို့သည်အခွင့်ရသောအခါ၊ ပြည်သူပြည်သားတို့သည်ဝမ်းမြောက်တတ်ကြ၏။ မတရားသောသူတို့သည် အုပ်စိုးသောအခါမူကား၊ ပြည်သူပြည်သားတို့သည်ဝမ်းနည်းတတ်ကြ၏။ ၃ ပညာတရားကိုနှစ်သက်သောသူသည်မိမိအဘကို ဝမ်းမြောက်စေ၏။ ပြည်တန်ဆာတို့နှင့်ပေါင်းဖော်သောသူမူကား၊ ဥစ္စာဖြုန်းတီးတတ်၏။ ၄ တရားသဖြင့်စီရင်သောရှင်ဘုရင်သည်တိုင်းပြည်ကိုတည်စေတတ်၏။ တံစိုးစားသောရှင်ဘုရင်မူကား၊ တိုင်းပြည်ကိုမှောက်လှန်တတ်၏။ ၅ အိမ်နီးချင်းကို ချော့မော့သောသူသည်အိမ်နီးချင်းသွားရာလမ်း၌ ကွန်ရွက်ကိုဖြန့်ထား၏။ ၆ အဓမ္မလူပြစ်မှားရာ၌ ကျော့ကွင်းထောင်လျက်ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ ရွှင်လန်းစွာသီချင်းဆိုတတ်၏။ ၇ ဖြောင့်မတ်သောသူသည်ဆင်းရဲသားအမှုကိုဆင်ခြင်တတ်၏။ မတရားသောသူမူကား၊ ထိုအမှုကိုပမာဏမပြုတတ်။ ၈ မထီမဲ့မြင်ပြုသောသူတို့သည်မြို့ကိုမီးရှို့တတ်၏။ ပညာရှိသောသူတို့ မူကား၊ ဒေါသအမျက်ကိုလွှဲတတ်၏။ ၉ ပညာရှိသောသူသည်မိုက်သောသူနှင့်အမှုတွေ့လျှင်၊ စိတ်ဆိုးသည်ဖြစ်စေ၊ ပြုံးရယ်သည်ဖြစ်စေ၊ အားရစရာအကြောင်းမရှိ။ ၁၀ လူအသက်ကိုသတ်တတ်သောသူတို့သည်စုံလင်သောသူကိုမုန်းတတ်ကြ၏။ ဖြောင့်မတ်သောသူတို့မူကား၊ သူတပါးအသက်ကိုစောင့်မတတ်ကြ၏။ ၁၁ မိုက်သောသူတို့သည်မိမိကြံစည်သမျှကို ဖေါ်ပြတတ်၏။ ပညာရှိသောသူမူကား၊ အဆင်မသင့်မှီထိမ်ဝှက်တတ်၏။ ၁၂ မင်းသည်မုသာစကားကိုနားထောင်လျှင်၊ ကျွန် အပေါင်းတို့သည်လူဆိုးဖြစ်ကြလိမ့်မည်။ ၁၃ ဆင်းရဲသောသူနှင့်ညှဉ်းဆဲသောသူတို့သည်တွေ့ကြုံကြပြီ။ ထာဝရဘုရားသည် ထိုနှစ်ဦးတို့အားအလင်းကိုပေးသနားတော်မူ၏။ ၁၄ ဆင်းရဲသားတို့ကိုတရားသဖြင့်စီရင်သောရှင်ဘုရင်၏အာဏာတော်သည် အစဉ်အမြဲတည်တတ်၏။
၁၅ ကြိမ်လုံးနှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမခြင်းအားဖြင့်ပညာတိုးပွားတတ်၏။ တတ်တိုင်းနေစေသောသူသည်အမိကိုအရှက်ခွဲတတ်၏။ ၁၆ မတရားသောသူတို့သည်များပြားသောအခါ၊ လွန်ကျူးခြင်းအပြစ်တိုးပွားတတ်၏။ သို့ရာတွင်၊ သူတို့ပျက်စီးခြင်းကိုဖြောင့်မတ်သောသူတို့သည်မြင်ကြရ၏။ ၁၇ သင်၏သားကိုဆုံးမလော့။ သို့ပြုလျှင်သူသည်သင့်ကိုချမ်းသာပေးမည်။ ထိုမျှမကစိတ်ရွှင်လန်းစရာအခွင့်ကိုပေးမည်။ ၁၈ ဗျာဒိတ်တော်မရှိလျှင်၊ လူတို့သည်အကျိုးနည်းဖြစ်ကြ၏။ တရားတော်ကိုစောင့်သောသူမူကားမင်္ဂလာရှိ၏။ ၁၉ စကားအားဖြင့်သာကျွန်ကိုဆုံးမ၍မရနိုင်ရာ။ သူသည်နားလည်သော်လည်း၊ နားမထောင်ဘဲ နေလိမ့်မည်။ ၂၀ သတိမရှိဘဲစကားများသောသူရှိလျှင်၊ ထိုသူ၌ မြော်လင့်စရာအခွင့်ရှိသည်ထက်၊ မိုက်သောသူ၌ သာ၍ မြော်လင့်စရာအခွင့်ရှိ၏။ ၂၁ ကျွန်သည်ငယ်သောအရွယ်မှစ၍ပျော်ပါးအောင်ကျွေးမွေးခြင်းခံရလျှင်၊ နောက်ဆုံး၌ သားအရာကို ရလိမ့်မည်။ ၂၂ စိတ်ဆိုးတတ်သောသူသည်ခိုက်ရန်အမှုကိုနှိုးဆော်တတ်၏။ ပြင်းထန်သောသူသည်လည်း၊ အလွန်အကျူးများတတ်၏။ ၂၃ မိမိမာနသည်မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချသောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။ ၂၄ သူခိုးကို လက်ခံသောသူသည်မိမိအသက်ကိုမုန်းတတ်၏။ ကျိန်ဆိုခြင်းကိုပြုသော်လည်း၊ အမှုကိုမဖေါ်မပြတတ်။ ၂၅ လူကိုကြောက် ရွံ့ခြင်းသဘောသည်ကျော့ကွင်းကိုထောင်တတ်၏။ ထာဝရဘုရားခိုလှုံသောသူမူကားလုံခြုံလိမ့်မည်။ ၂၆ မင်းပြုသောကျေးဇူးကိုများသောသူတို့သည်ကြိုးစား၍ရှာတတ်ကြ၏။ သို့ရာတွင်ခပ်သိမ်းသောသူတို့၏အမှုကိုထာဝရဘုရားစီရင်တော်မူ၏။ ၂၇ တရားသောသူသည်မတရားသောသူကို၎င်း၊ မတရားသောသူသည်တရားသဖြင့်ကျင့်သောသူကိုလည်းကောင်း၊ စက်ဆုပ်ရွံရှာတတ် ၏။