သုတ္တံကျမ်း
အခန်းကြီး ၁၃
၁ ပညာရှိသောသားသည် အဘ၏သွန်သင်ခြင်းကို နားထောင်တတ်၏။ မထီမဲ့မြင်ပြုသော သားမူကား၊ အပြစ်တင်ခြင်းကို နားမထောင်တတ်။ ၂ လူသည် မိမိနှုတ်၏အသီး တည်းဟူသော ကောင်းသောအရာကို စားရ၏။ ပြစ်မှားတတ်သောသူမူကား၊ ညှဉ်းဆဲခြင်းအပြစ်၏ အသီးကိုစားရ၏။ ၃ မိမိနှုတ်ကို စောင့်သောသူသည် မိမိ၏အသက်ကို စောင့်၏။ မိမိနှုတ်ကို ကျယ်ကျယ် ဖွင့်သောသူမူကား၊ ပျက်စီးခြင်းသို့ ရောက်တတ်၏။ ၄ ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့်တ၍ မရတတ်။ လုံ့လဝိရိယပြုသောသူမူကား၊ မိမိအလိုဆန္ဒ ပြည့်စုံရ၏။ ၅ ဖြောင့်မတ်သောသူသည် မုသာစကားကို မုန်းတတ်၏။ မတရားသောသူမူကား၊ စက်ဆုပ်ဖွယ်ဖြစ်၍၊ အရှက်ကွဲခြင်းသို့ ရောက်တတ်၏။ ၆ ဖြောင့်မတ်ခြင်းတရားသည် လမ်းမလွှဲသောသူကို စောင့်တတ်၏။ ဒုစရိုက်တရားမူကား၊ အပြစ်ရှိသောသူကို လှဲတတ်၏။ ၇ အလွန်ဆင်းရဲလျက်နှင့် ရတတ် ဟန်ဆောင်သောသူရှိ၏။ အလွန်ရတတ်လျက်နှင့် ဆင်းရဲ ဟန်ဆောင်သောသူလည်း ရှိ၏။ ၈ စည်းစိမ်သည် ရတတ်သောသူ၏ အသက်ကို ရွေးဖို့ဖြစ်၏။ ဆင်းရဲသောသူမူကား၊ အပြစ်တင်သော စကားကို မကြားဘဲနေ၏။ ၉ ဖြောင့်မတ်သောသူ၏ အလင်းသည် ရွှင်လန်း၏။ မတရားသောသူ၏ မီးခွက်မူကား၊ သေရလိမ့်မည်။ ၁၀ မာနကြောင့်သာ ရန်တွေ့ခြင်းဖြစ်၏။ သတိပေးသောစကားကို နားခံသောသူမူကား ပညာရှိ၏။ ၁၁ လျှပ်ပေါ်ခြင်းအားဖြင့် ဥစ္စာသည် လျော့တတ်၏။ ကြိုးစားအားထုတ်၍ ဆည်းဖူးသောသူ၏ ဥစ္စာမူကား၊ ပြန့်ပွားတတ်၏။ ၁၂ မျှော်လင့်သောအရာသည် ဖင့်နွဲ့လျှင်၊ စိတ်နှလုံးကို ပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါမူကား၊ အသက်ပင်ဖြစ်၏။
၁၃ နှုတ်ကပတ်တော်ကို မထီမဲ့မြင် ပြုသောသူသည် ပျက်စီးလိမ့်မည်။ ပညတ်တရားတော်ကို ခန့်ညားသောသူမူကား၊ ချမ်းသာ ရလိမ့်မည်။ ၁၄ ပညာရှိသောသူ၏ တရားသည် အသေခံရာ ကျော့ကွင်းတို့မှ၊ လွှဲရှောင်ရာ အသက်စမ်းရေတွင်းဖြစ်၏။ ၁၅ ကောင်းသောဥာဏ် ရှိသောသူသည် မျက်နှာရတတ်၏။ ပြစ်မှားသောသူတို့ လမ်းမူကား၊ ခက်သောလမ်းဖြစ်၏။ ၁၆ သမ္မာသတိရှိသော သူအပေါင်းတို့သည် ပညာအတတ်နှင့် ပြုမူတတ်ကြ၏။ မိုက်သောသူမူကား၊ မိမိမိုက်သောအပြစ်ကို ထင်ရှားစေတတ်၏။ ၁၇ မတရားသော အစေခံသည် မိမိစောင့်သောအမှုကို ဖျက်တတ်၏။ သစ္စာရှိသော သံတမန်မူကား၊ ကျန်းမာခြင်းအကြောင်းဖြစ်၏။ ၁၈ သွန်သင်ခြင်းကို ငြင်းပယ်သောသူသည် ဆင်းရဲခြင်းနှင့် ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည်။ ဆုံးမသော စကားကိုနားထောင်သောသူမူကား၊ ဂုဏ်အသရေကို ရလိမ့်မည်။ ၁၉ အလိုဆန္ဒ ပြည့်စုံခြင်းအရာသည် ချိုမြိန်၏။ ဒုစရိုက်ကို ရှောင်သောအရာမူကား၊ မိုက်သောသူတို့ စက်ဆုပ်သောအရာဖြစ်၏။ ၂၀ ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည်၊ ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်၏။ ၂၁ အပြစ်ရှိသောသူတို့ကို ဘေးလိုက်တတ်၏။ ဖြောင့်မတ်သော သူတို့မူကား၊ ကောင်းသောအကျိုးကို ခံရလိမ့်မည်။ ၂၂ သူတော်ကောင်းသည် သားမြေးတို့အဖို့ အမွေဥစ္စာကို ချန်ထားတတ်၏။ အပြစ်ရှိသောသူ၏ စည်းစိမ်မူကား၊ ဖြောင့်မတ်သော သူတို့အဖို့ သိုထားလျက်ရှိ၏။ ၂၃ ဆင်းရဲသား လယ်လုပ်ခြင်းအားဖြင့် စားစရာပွားများ၏။ သို့ရာတွင်၊ မတရားသော အမှုကြောင့် ပျက်စီးခြင်းသို့ ရောက်တတ်၏။ ၂၄ ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ ရောက်၏။ သားကိုချစ်သောသူမူကား၊ ငယ်သောအရွယ်မှစ၍ ဆုံးမတတ်၏။ ၂၅ ဖြောင့်မတ်သောသူသည် ဝစွာစားရသော အခွင့်ရှိ၏။ မတရားသောသူမူကား၊ မွတ်သိပ်ခြင်းကို ခံရလိမ့်မည်။