ဆာလံကျမ်း
အခန်းကြီး ၈၇
ကောရသားများ၏ ယေရုရှလင်မြို့ ချီးမွမ်းခြင်း
၁ ဘုံဗိမ္မာန်တော် တိုက်မြစ်သည် သန့်ရှင်းသော တောင်ရိုးပေါ်မှာ တည်လျက်ရှိ၏။ ၂ ထာဝရဘုရားသည် ယာကုပ်၏နေရာ အပေါင်းတို့ထက် ဇိအုန်တံခါးတို့ကို သာ၍ နှစ်သက်တော်မူ၏။ ၃ အိုဘုရားသခင်၏ မြို့တော်၊ သင်သည် ဘုန်းအသရေ ကြီးလိမ့်မည် ဟူသောစကားကို ပြောထားလျက်ရှိ၏။ ၄ ငါ့ကို သိကျွမ်းသောသူတို့တွင်၊ ရာခပ်မြို့နှင့် ဗာဗုလုန်မြို့ကို ငါမှတ်ထားမည်။ ဖိလိတ္တိပြည်၊ တုရုပြည်၊ ကုရှပြည်တို့ကိုလည်း ကြည့်ကြလော့။ ဤမည်သော ပြည်သားသည် မြို့တော်၌ ဖွားမြင်သောသူ ဖြစ်၏။ ၅ ဇိအုန်မြို့ကိုလည်း လူအမျိုးမျိုးတို့သည်၊ ထိုမြို့၌ ဖွားမြင်ကြပြီ။ အမြင့်ဆုံးသော ဘုရားသည် ထိုမြို့ကို ကိုယ်တော်တိုင် မြဲမြံစေတော်မူပြီ၊ ဟုပြောဆိုကြလိမ့်မည်။ ၆ ထာဝရဘုရားသည် လူမျိုးတို့ကို စာရင်းယူတော်မူသော အခါ၊ ဤမည်သော အမျိုးသည် မြို့တော်၌ ဖွားမြင်သော အမျိုးဖြစ်သည်၊ ဟုမှတ်တော်မူမည်။ ၇ သီချင်းသည်နှင့် ပွဲသဘင်ခံသောသူ အစရှိသော ငါ၏ပျော်မွေ့ခြင်း အကြောင်းရှိသမျှတို့သည် သင်၌ ရှိကြသတည်း။