ဆာလံကျမ်း
အခန်းကြီး ၈၂
ဣသရေခေါင်းဆောင်များကိုဘုရားများဟုခနဲ့
၁ ဘုရားသခင်သည် ဘုရားတို့၏ ပရိသတ်၌ ရပ်လျက်နေတော်မူ၍၊ ဘုရားတို့အလယ်၌ စီရင်တော်မူ၏။
၂ သင်တို့သည် မတရားသောသူတို့၏ မျက်နှာကို ထောက်၍၊ အဘယ်မျှကာလပတ်လုံး မတရားသဖြင့် စီရင်ကြမည်နည်း။
၃ ဆင်းရဲသောသူနှင့် မိဘမရှိသောသူတို့ကို စောင်မကြလော့။ ငြိုငြင်သောသူနှင့် ငတ်မွတ်သောသူ တို့ဘက်၌ တရားစီရင်ကြလော့။
၄ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူတို့ကို မတရားသောသူ၏ လက်မှ ကယ်နှုတ်ကြလော့။
၅ သူတို့သည်မသိ၊ နားမလည်ကြ။ မှောင်မိုက်၌ ကျင်လည်ကြ၏။ မြေကြီး တိုက်မြစ်အပေါင်းတို့သည် လှုပ်ရှားလျက်ရှိကြ၏။
၆ သင်တို့သည် ဘုရားဖြစ်ကြ၏။
[A] (a) ရှိသမျှတို့သည် အမြင့်ဆုံးသော ဘုရား၏သား ဖြစ်ကြ၏၊ ဟုငါဆိုသတည်း။
၇ သို့သော်လည်း၊ သင်တို့သည် လူကဲ့သို့သေ၍၊ အခြားသော မင်းကဲ့သို့ ဆုံးရှုံးခြင်းသို့ ရောက်ကြလိမ့်မည်။
၈ အိုဘုရားသခင်၊ ထ၍ မြေကြီးကို တရားစီရင်တော်မူပါ။ ကိုယ်တော်သည် လူမျိုးအပေါင်းတို့ကို အပိုင်ရတော်မူ၏။
_________________________
Footnotes
၆ (a) ကျမ်းစာ၏ ဆိုလိုရင်းကို ကောင်းစွာ မလေ့လာ၊ နားမလည်သောသူများက၊ ဘုရားသခင်သည် ငါတို့ကို ဘုရားဖြစ်ခွင့်ပေးသည် ဟုအားရကျေနပ်နေကြသည်။ ဤကျမ်းပိုဒ်၏ ဆိုလိုရင်းမှာ၊ ဣသရေလခေါင်းဆောင်များသည် ဘုရား၏နေရာ၌ နေ၍ ဆင်းရဲသားများနှင့် မိဘမရှိသောသူတို့ကို မတရားသဖြင့် စီရင်ကြသောကြောင့်၊ သင်တို့သည် ဘုရားများဖြစ်ကြ၏ ဟုခနဲ့ ၍ပြောဆိုခြင်းဖြစ်သည်။ ဘုရားဖြစ်ချင်ခြင်းသည် အပြစ်အကြီးဆုံးဖြစ်သည်။ စာတန်လည်း ကောင်းကင်တမန် ဘဝမှ ဘုရားဖြစ်ချင်သောကြောင့် ဘုရား၏ရန်သူ ဖြစ်သွားရခြင်းဖြစ်သည်(ယေဇ ၂၈း၁၂-၁ရ။ ဟေရှာယ ၁၄း၁၂-၁၅)။ ဤကျမ်းပိုဒ်ကို ကိုးကား၍ သခင်ယေရှုက၊ "သင်တို့သည် ဘုရားဖြစ်ကြ၏၊ ငါဆိုသည်၊ ဟုသင်တို့၏ပညတ္တိကျမ်းစာ၌ လာသည်မဟုတ်လော။ ဘုရားသခင်၏ ဗျာဒိတ်တော်ကို ရသောသူတို့ကို ဘုရားဟူ၍ ခေါ်ရလျှင်၎င်း၊ ကျမ်းစကားကို မပယ်ရလျှင်၎င်း၊ ခမည်းတော်သည် သန့်ရှင်းစေ၍၊ ဤလောကသို့ စေလွှတ်တော်မူသောသူက၊ ငါသည် ဘုရားသခင်၏ သားတော်ဖြစ်သည်၊ ဟုဆိုသောကြောင့်၊ သင်သည် ဘုရားသခင်ကို လွန်ကျူး၍ ပြောသည်၊(blasphemy) ဟုထိုသူအားဆိုရာသလော။" (ယော ၁၀း၃၄-၃၆) ဟုဆိုခဲ့သောကြောင့် သခင်ယေရှုက ယုံကြည်သူများသည် ဘုရားဖြစ်ကြောင်းကို ထောက်ခံသည်၊ ဟုထင်ကြပြန်သည်။ သခင်ယေရှု၏ ဆိုလိုရင်းမှာ၊ ယုံကြည်သူများသည် ဘုရားဖြစ်ကြောင်း ထောက်ခံနေခြင်းမဟုတ်ပါ။ သခင်ယေရှုက ဆာလံ ၈၂း၆ ၌ "သင်တို့သည် ဘုရားဖြစ်ကြ၏" ဟုပါသော်လည်း၊ ဣသရေလလူများက ထိုကျမ်းကိုမပယ်ပါ။ (အမှန်မှာ ထိုကဲ့သို့ သူတို့သည် ဘုရားဖြစ်ကြ ဟူသော ထိုကျမ်းစာကို ပယ်သင့်သည်) သို့သော်၊ ထိုကျမ်းကို မပယ်သော်လည်း၊ သခင်ယေရှုက သူသည် ဘုရားသခင်၏ သားတော်ဖြစ်သည် ဟုဆိုသောအခါတွင်မူ သူ့ကို ဘုရားသခင်နှင့် ပတ်သက်၍ လွန်ကျူးပြစ်မှားသည် (blasphemy) ဟုစွပ်စွဲခြင်းသည် မတရားကြောင်း ပြောခြင်းဖြစ်သည်။