ဆာလံကျမ်း
အခန်းကြီး ၈၀
ကယ်တင်ဘို့တောင်းဆို
၁ သိုးစုကို ပို့ဆောင်သကဲ့သို့ ယောသပ်အမျိုးကို ပို့ဆောင်တော်မှုသော ဣသရေလ သိုးထိန်းကြီး၊ နားထောင် တော်မူပါ။ ခေရုဗိမ်တွင် ကျိန်းဝပ်တော်မူသော ဘုရား၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ။ ၂ ဧဖရိမ်အမျိုး၊ ဗင်္ယာမိန်အမျိုး၊ မနာရှေအမျိုးတို့ ရှေ့မှာ တန်ခိုးတော်ကို နှိုးဆော်၍၊ အကျွန်ုပ်တို့ကို ကယ်တင်ခြင်းငှါ ကြွတော်မူပါ၊ ၃ အိုဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော် အလင်းကို ပြတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။
မျက်ရည်မုန့်နှင့်ကျွေး
၄ ကောင်းကင် ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏ လူတို့ပြုသော ပဌနာစကားကို အဘယ်မျှကာ လပတ်လုံး အမျက် ထွက်တော်မူမည်နည်း။ ၅ သူတို့ကို မျက်ရည်မုန့်နှင့် ကျွေး၍၊ မျက်ရည်ကိုလည်း ကြွယ်ဝစွာ တိုက်တော်မူ၏။ ၆ အနီးအပါး၌ နေသောသူတို့သည် အကျွန်ုပ်တို့အတွက် ငြင်းခုံကြပါ၏။ ရန်သူတို့သည်လည်း ဝါကြွား၍ အကျွန်ုပ်တို့ကို ပြက်ယယ်ပြုကြပါ၏။ ၇ ကောင်းကင် ဗိုလ်ခြေ အရှင်ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။
ကိုယ်တော်၏ စပျစ်ပင်ကို ကြည့်ရှုတော်မူပါ
၈ ကိုယ်တော်သည် စပျစ်နွယ်ပင်ကို အဲဂုတ္တုပြည်က ဆောင်ခဲ့၍၊ [A] တပါးအမျိုးသားတို့ကို နှင်ထုတ်ပြီးမှ စိုက်တော်မူ၏။ ၉ သူ၏နေရာကို ပြုပြင်တော်မူသဖြင့်၊ သူသည် အမြစ်ကျ၍ တပြည်လုံးကိုနှံ့ပြားပါ၏။ ၁၀ သူ၏အရိပ်သည် တောင်တို့ကို၎င်း၊ အခက်အလက်တို့သည် အမြင့်ဆုံးသော အာရဇ်ပင်တို့ကို၎င်း၊ လွှမ်းမိုးကြပါ၏။ ၁၁ သူသည် အခက်အလက်တို့ကို ပင်လယ်တိုင်အောင်၎င်း၊ အညွန့်တို့ကို မြစ်ကြီးတိုင်အောင်၎င်း၊ ပြန့်ပွားစေပါ၏။ ၁၂ ယခုမူကား၊ လမ်း၌ လျှောက်သွားသောသူ အပေါင်းတို့သည် ဆွတ်စေခြင်းငှါ၊ သူ၏ခြံကို အဘယ်ကြောင့် ချိုးဖျက်တော်မူသနည်း။ ၁၃ တောဝက်သည် ထိုအပင်ကိုကိုက်ခဲ၍ တောသားရဲသည်လည်း စားပါ၏။ ၁၄ ကောင်းကင် ဗိုလ်ခြေ အရှင်ဘုရားသခင်၊ တဖန် ကြွလာတော်မူမည်အကြောင်း တောင်းပန်ပါ၏။ ကောင်းကင်က ကြည့်ရှုတော်မူပါ။ ထိုစပျစ်နွယ်ပင်ကို အကြည့်အရှု ကြွလာတော်မူပါ။ ၁၅ လကျ်ာလက်တော်နှင့် စိုက်သောအပင်၊ ကိုယ်တော်အဖို့ ခိုင်မာစေတော်မူသော ပျိုးပင်ကို ကွယ်ကာတော်မူပါ။ ၁၆ မီးရှို့ပါပြီ။ ခုတ်လှဲပါပြီ။ မျက်နှာတော်ဖြင့် ဆုံးမခြင်းကို ခံရသောသူတို့သည် ပျက်စီးခြင်းသို့ ရောက်ရကြပါ၏။ ၁၇ လကျ်ာလက်တော်နှင့် ဆိုင်သောလူ၊ ကိုယ်တော်အဖို့ ခိုင်မာစေတော်မူသော လူသား၏ အပေါ်မှာ လက်တော်ကို တင်ပါစေသော်။ ၁၈ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော်ထံမှ မဆုတ်ရကြပါ။ အကျွန်ုပ်တို့ကို အသက်ရှင် စေတော်မူပါ။ နာမတော်ကို ပဌနာပြုကြပါမည်။ ၁၉ ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော် အလင်းကို ပြတော်မူပါ။ သို့ပြုလျှင်အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။