ဆာလံကျမ်း
အခန်းကြီး ၅၉
ရှောလုစေလွှတ်သော သူတို့သည် ဒါဝိဒ်အသက်ကို သတ်ခြင်းငှါ အိမ်ကို စောင့်ကြသောအခါ ဒါဝိဒ်စပ်ဆိုသော ဆာလံ
၁ အိုအကျွန်ုပ်၏ ဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။ အကျွန်ုပ်ကို ရန်ဘက်ပြုသော သူတို့၏ အပေါ်မှာ အကျွန်ုပ်ကို ချီးမြှောက်တော်မူပါ။ ၂ ဒုစရိုက်ကို ပြုသောသူတို့အထဲက အကျွန်ုပ်ကို နှုတ်ယူ၍ အသက်ကို သတ်လိုသော သူတို့လက်မှ ကယ်တင်တော်မူပါ။ ၃ သူတို့သည်အကျွန်ုပ် အသက်ကို သတ်လို၍ ချောင်းကြည့်လျက် နေကြပါ၏။ အားကြီးသောသူတို့သည် အကျွန်ုပ် တဘက်၌ စည်းဝေးကြပါ၏။ အိုထာဝရဘုရား အကျွန်ုပ် မှားယွင်းသောကြောင့် မဟုတ်ပါ။ အကျွန်ုပ် အပြစ်ကြောင့် မဟုတ်ပါ။ ၄ အကျွန်ုပ်၌ အပြစ်မရှိဘဲ သူတို့သည် ပြေးလာ၍ ပြင်ဆင်ကြပါ၏။ အကျွန်ုပ်ကို ကူမခြင်းငှါ နိုးတော်မူပါ။ ၅ ကြည့်ရှုတော်မူပါ။ ဣသရေလ အမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေ အရှင်ဘုရားသခင် ထာဝရဘုရား၊ သာသနာပလူ အပေါင်းတို့ကို ဆုံးမခြင်းငှါ နိုးတော်မူပါ။ ဒုစရိုက်၌ ကျင်လည်သော သူတစုံတယောက်ကိုမျှ သနားတော်မမူပါနှင့်။ ၆ သူတို့သည် ညဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာ အတိုင်းမြည်လျက် မြို့ကို လှည့်ပတ်ကြပါစေသော်။
၇ ထိုသူတို့သည် စော်ကားသော စကားကိုပြော၍၊ သူတို့နှုတ်ခမ်းတွင် ဓါးပါလျက် အဘယ်သူ ကြားလိမ့်မည်နည်း၊ ဟုဆိုတတ်ကြပါ၏။ ၈ သို့ရာတွင် အိုထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကို ပြုံးရယ်၍၊ သာသနာပလူ အပေါင်းတို့ကို ကဲ့ရဲ့တော်မူမည်။ ၉ အိုအကျွန်ုပ် အစွမ်းသတ္တိ၊ ကိုယ်တော်ကို မြော်လင့်ပါမည်။ ဘုရားသခင်သည် အကျွန်ုပ် ခိုလှုံရာ ဖြစ်တော်မူ၏။ ၁၀ ကရုဏာအရှင် ဘုရားသခင်သည် အကျွန်ုပ်ကို ကူမခြင်းငှါ ကြွလာတော်မူမည်။ ရန်သူတို့ကို အကျွန်ုပ် ကြည့်ရှု၍ အားရသော အခွင့်ရှိစေတော်မူမည်။ ၁၁ အကျွန်ုပ် တို့ကို ကွယ်ကာတော်မူသော ဘုရားရှင်၊ သူတို့ကို သတ်တော်မမူပါနှင့်။ သတ်လျှင် အကျွန်ုပ်၏ လူတို့သည် သတိလစ်ကြပါလိမ့်မည်။ တန်ခိုးတော်အားဖြင့် အရပ်ရပ် ကွဲပြားစေ၍ နှိမ့်ချတော်မူပါ။ ၁၂ သူတို့ပြောမိသော စကားတည်းဟူသော သူတို့နှုတ်၏ အပြစ်ကြောင့် မိမိတို့မာနတွင် ကျော့မိပါစေသော်။ သူတို့ကျိန်ဆဲသော စကားနှင့် မုသာစကားကြောင့် ၁၃ အမျက်တော်အားဖြင့် ပျောက်ပျက် စေတော်မူပါ။ အကုန်အစင် ပျောက်ပျက် စေတော်မူပါ။ ဘုရားသခင်သည် ယာကုပ်အမျိုးမှစ၍၊ မြေကြီးစွန်းတိုင်အောင် အုပ်စိုးတော်မူကြောင်း ကိုသူတို့သည် သိကြပါစေသော်။ ၁၄ ညဦးယံ၌ ပြန်လာ၍ ခွေးဘာသာအတိုင်း မြည်လျက် မြို့ကိုလှည့်ပတ် ကြပါစေသော်။ ၁၅ အစာကို ရှာလျက် အရပ်ရပ်သို့လည်၍ မဝဘဲ တညလုံး နေကြပါစေသော်။ ၁၆ အကျွန်ုပ်မူကား တန်ခိုးတော်ကို သီချင်းဆိုပါမည်။ နံနက်ယံ၌ ကရုဏာတော်ကို ရွှင်လန်းစွာ သီချင်းဆိုပါမည်။ အကြောင်းမူကား ဘေးရောက် သောကာလ၌ ကိုယ်တော်သည် အကျွန်ုပ် ခိုလှုံရာ ဘေးလွတ်ရာ ဖြစ်တော်မူ၏။ ၁၇ အိုအကျွန်ုပ် အစွမ်းသတ္တိ၊ ကိုယ်တော်ကို သီချင်းဆိုပါမည်။ ဘုရားသခင်သည် အကျွန်ုပ် ခိုလှုံရာ ဖြစ်တော်မူ၏။ အကျွန်ုပ်၌ ကရုဏာ အရှင် ဘုရားသခင် ဖြစ်တော်မူ၏။