ဆာလံကျမ်း
အခန်းကြီး ၅၄
ဒါဝိဒ်သည် ကျွန်တော်တို့တွင် ပုန်းရှောင်၍ နေပါသည် မဟုတ်လော၊ ဟုဇိဖသားတို့သည် ရှောလုထံသို့လာ၍ လျှောက်သောအခါ စပ်ဆိုသောဆာလံ
၁ အိုဘုရားသခင်၊ နာမတော်အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်အားဖြင့် အကျွန်ုပ်ဘက်၌ တရားစီရင်တော်မူပါ။ ၂ အကျွန်ုပ်ပြုသော ပဌနာနှင့် အကျွန်ုပ်မြွက်သော စကားကို နားထောင် နားညောင်း တော်မူပါဘုရား။ ၃ အကြောင်းမူကား၊ တကျွန်း တနိုင်ငံသားတို့သည် အကျွန်ုပ်ကို ရန်ဘက်ပြု၍ ထကြပါပြီ။ ကြမ်းတမ်းသော သူတို့သည် အကျွန်ုပ်အသက်ကို ရှာကြပါ၏။ ဘုရားသခင်၏ မျက်နှာတော်ကို မထောက်ကြပါ။
၄ ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကို ကူမတော်မူ၏။ ငါ့အသက်ကို ထောက်ပင့်သော သူတို့တွင် ထာဝရဘုရား ရှိတော်မူ၏။ ၅ ငါ၏ ရန်သူတို့အား မကောင်းသော အကျိုးကို ဆပ်ပေးတော်မူမည်။ သစ္စာတော်ရှိသည်အတိုင်း သူတို့ကို ပယ်ရှင်းတော်မူပါ။ ၆ အကျွန်ုပ်သည်လည်း စေတနာစိတ်နှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ အိုထာဝရဘုရား နာမတော်ကို ချီးမွမ်းပါမည်။ အကြောင်းမူကား ကောင်းမြတ်တော်မူ၏။ ၇ အကျွန်ုပ်ကို ခပ်သိမ်းသော ဒုက္ခထဲက ကယ်နှုတ်တော်မူသဖြင့် အကျွန်ုပ်သည် ရန်သူတို့ကို ကိုယ်မျက်စိနှင့် မြင်၍ အားရပါ၏။